>PG & E responsible for gas pipeline blast in San Bruno

>

ဆန်ဖရန်ဘေးဧရိယာ ဆန်ဘရူနိုဂက်စ်လိုင်း ပေါက်ကွဲမှု ကုမ္ပဏီမှာ တာဝန်ရှိ
မိုးမခအထောက်တော် ၀၀၄
စက်တင်ဘာ ၂၁၊ ၂၀၁၀
လွန်ခဲ့သည့် ရက်သတ္တပတ်က ဆန်ဖရန်ဘေးဧရိယာ၊ ဆင်ခြေဖုံး မြို့ငယ်တခုဖြစ်တဲ့ ဆန်ဘရူနိုအရပ်က လူနေရပ်ကွက်တခုလုံးကို မီးလောင်ပျက်စီးသွားစေတဲ့ မြေအောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ပေါက်ကွဲမှုရဲ့ တာဝန်ရှိသူဟာ အဲဒီက လျှပ်စစ်နဲ့ ဂက်စ်ဝန်ဆောင်မှုပေးသူ ပီဂျီအင်အီးကုမ္ပဏီကိုယ်တိုင် ဖြစ်တယ်လို့ ကာယကံရှင်များက ၀န်ခံလိုက်ပါတယ်။ ဘာကြောင့် အခုလို ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အများပြည်သူ၊ အစိုးရ အဖွဲ့အစည်းများ၊ ဒုက္ခသည်တွေ၊ သတင်းစာမျက်နှာတွေကတော့ ပီဂျီအင်အီး ကုမ္ပဏီရဲ့ ပေါ့ဆမှု၊ ကိုယ်ကျိုးကြည့်မှုကို ၀ိုင်းဝန်းအပြစ်တင်နေကြပါတယ်။ စစချင်း မီးလောင်ပေါက်ကွဲနေချိန်မှာ သူတို့ဂက်စ်ပိုက်လိုင်းက ဟုတ်မဟုတ် စုံစမ်းနေဆဲပဲလို့ ဖြေကြားခဲ့တာ ၂ နာရီ နီးပါး ကြာပါတယ်။ အဲသည်အချိန်အတွင်းမှာ အတော်ကို ကြိုးစားပြီးတော့မှ ဂက်စ်ပိုက်လိုင်းကို ပိတ်ပစ်နိုင်တာ ဖြစ်ပါတယ်။ အဲသည်အချိန်မှာ ရပ်ကွက် တခုလုံးကို မီးက မြိုထားပြီးပါပြီ။
နောက်ပိုင်း စုံစမ်းချက်တွေအရ ၂၀၀၇ ခုနှစ်ကတည်းက သဘာဝဓာတ်ငွေ့ ပင်မပိုက်လိုင်းကြီးတွေကို ပြုပြင်ဖို့ မီတာကြေးတွေ တိုးမြှင့်ရန် သက်ဆိုင်ရာကို ကုမ္ပဏီက လျှောက်ထားခဲ့ရာမှာ အုပ်ချုပ်သူအစိုးရက ခွင့်ပြုခဲ့ပြီး ဖြစ်ပေမယ့်၊ ပိုက်ဆံသာ တိုးကောက်ပြီး ဘယ်ပိုက်လိုင်းတွေကိုမှ ထူးထူးခြားခြား ပြင်ဆင်တယ်လို့ မရှိခဲ့ပါဘူး။ သူတို့ဆင်ခြေကတော့ စုံစမ်းစစ်ဆေးတဲ့ အဆင့်တွေ လုပ်နေဆဲလို့ဆိုပါတယ်။ ဒါပေမယ့် တနလာင်္နေ့က ထုတ်ပြန်တဲ့ အရေးပေါ်ပြင်ဆင်ရန်လိုအပ်တဲ့ ပိုက်လိုင်းစာရင်းမှာ ဆန်ဘရူနိုပိုက်လိုင်း မပါဝင်ဖူးလို့ သိရတော့ အများမေးခွန်းထုတ်ကြတာက ဒီလိုမျိုး ချို့ယွင်းနေတာတောင် အရေးပေါ်ပြင်ဆင်ရန် စာရင်းထဲ မပါရကောင်းလား ဆိုတာ ဖြစ်ပါတယ်။
ပီဂျီအင်အီးက အရေးပေါ် ရန်ပုံငွေတွေနဲ့ အဲသည်အရပ်ကို ပြုပြင်ပေးမယ်၊ ပြီးတော့ အိမ်ယာများ ထိခိုက်သူ မိသားစု တိုင်းကို ဒေါ်လာ ၅ သောင်းစီ ကူညီမှု ပေးမယ်။ နှောင်ကြိုးမဲ့ ကူညီတာပါ လို့ ဆိုပါတယ်။ နောက်ပြီး အရင်က အကြမ်းဖက်သမားတွေရန်ကို ကာကွယ်ဖို့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ဘယ်အရပ်တွေမှာ မြေအောက်ကနေ သွားနေတယ်ဆိုတာကို လျို့ဝှက်ထားရာက ပြည်သူတွေ ဒေသခံတွေက မေးလာရင် ထုတ်ပြောမယ်လို့ ပြောလိုက်ပါတယ်။ သူတို့ရဲ့ ပိုက်လိုင်းတွေ စာရင်းကို ထုတ်ပြန်ရာမှာ – ပိုက်လိုင်းတွေ သံချေးတက်နေတာ၊ ရေတွေ စိမ့်ဝင်နေတာ၊ ဆောက်လုပ်ရေးနဲ့ မြေငလျင်ဒဏ်တွေကြောင့် ထိခိုက်မှု ရှိနေတာ၊ သက်တမ်းကြာမြင့်နေတာတွေ စတဲ့ စိုးရိမ်ရတဲ့ စဉ်းစားစရာ အချက်တွေကိုလည်း ရှင်းလင်းပြထားမယ်လို့ ပြောပါတယ်။ ဆန်ဘရူနိုပိုက်လိုင်းက ၁၉၇၀ ကတည်းက ဆောက်ထားတာလို့ ဆိုပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပီဂျီအင်အီး စွမ်းအင်ကုမ္ပဏီကြီးဟာ အင်အားအကြီးဆုံ တဦးတည်းသော ၀န်ဆောင်မှုလုပ်ငန်းကြီး ဖြစ်ပါတယ်။ သူကနေပြီးတော့ လျှပ်စစ်နဲ့ ဓာတ်ငွေ့တွေကို စီမံခန့်ခွဲ ဖြန့်ဖြူး ရောင်းချခြင်းကို ပြူလုပ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ မြို့၊ ဇုံအလိုက် အုပ်ချုပ်သူများ၊ နိုင်ငံရေးသမားများ၊ လုပ်ငန်းရှင်များနဲ့ အဆိုပါကုမ္ပဏီကြီးဟာ အလွန်ရင်းနှီးတဲ့ သြဇာကြီးတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
စွမ်းအင်ဆိုင်ရာ ပညာပေးရေး၊ ရင်းနှီးမြုပ်နှံရေး၊ လုပ်ငန်းတိုးချဲ့ရေး၊ မီတာခများ သတ်မှတ်ကောက်ခံရေး၊ ဒေသခံ လူမှုရေး၊ စည်ပင်သာယာရေး လုပ်ငန်းများ နယ်ပယ်များမှာ လှူဒါန်း ပေးကမ်း ထောက်ပံ့မှုများ ပြုလုပ်ရေးတွေနဲ့ PG&E ဟာ အများကြီး ပတ်သက်မှုတွေ ရှိတဲ့အတွက် အခုလိုမျိုး ပေါက်ကွဲမှုကြီးဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ကြုံလာရတော့မှာ သူတို့လို လုပ်ငန်းရှင် အရင်းရှင်ကြီးတွေဘက်က လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ ပေါ့လျော့မှုတွေကို အများမြင်သာတဲ့ မျက်နှာစာပေါ်မှာ ဖုံးဖိမရ ပေါ်ပေါက်လာပြီး စားသုံးသူ အများပြည်သူတွေက သိရှိကြရတာ ဖြစ်ပါတယ်။
နောက်တဖက်က ပြန်လည်ဝေဖန်ကြတာကတော့ အရင်းရှင်တွေကလည်း ကိုယ်ကျိုးကြည့်တယ်။ အစိုးရတွေ စည်ပင်သာယာလုပ်ငန်းတွေကလည်း အခွန်အတုပ်တွေ၊ စည်းကမ်းတွေ၊ ဘာကြေး ညာကြေးတွေ အများကြီး ကောက်ခံတာ၊ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေနဲ့ ဗြူရိုကရေစီ စည်းရီုးကြီး ဆောက်ထားတာတွေကြောင့် သာမန်စားသုံးသူတွေ၊ ပြည်သူတွေဟာ အဲသည် နံရံ ၂ ဖက်ကြားမှာ ကြားညပ်နေရတယ်။ နစ်နာနေရတယ်လို့ ဆိုပါတယ်။
စားသုးံသူတွေဖက်ကို လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးသမားတွေက ပြန်လှန် လက်ညိုးထိုးပြန်တာကတော့ အပြောင်းအလဲတွေ လုပ်တော့မယ်ဆိုရင် ဒေသခံတွေက ခေါင်းမာမာနဲ့ ပြန်လှန် ကန့်ကွက်တာတွေ လုပ်တယ်။ လက်မခံကြဘူး။ အပြန်အလှန် အနှောက်အယှက်တာတွေ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ ဆိုကြပြန်ပါတယ်။
ဥပမာတခုကတော့ ပီဂျီအင်အီးက စမတ်မီတာဆိုတဲ့ စက်နဲ့ မီတာအလိုအလျောက်ဖတ်စက်ကို တပ်ဆင်တဲ့အခါမှာ အချို့အရပ်တွေက ဒါဟာ မီတာခိုးတာဖြစ်တယ်။ စက်တွေက မမှန်ဘူး။ သံလိုက်စီးကြောင်းတွေက သူတို့ကို ထိခိုက်စေတယ်။ သူတပါးအိမ်ယာထဲအထိ ကျုးကျော်တာ ဖြစ်တယ် ဘာညာနဲ့ ကန့်ကွက်ကြပါတယ်။ နောက်ဆုံး အခုလို မီးလောင်တာဟာ အဲသည်စမတ်မီတာက ထုတ်လွှတ်တဲ့ သံလိုက်တွေ၊ လျှပ်စစ်ဓာတ်တွေကြောင့်လို့အထိတောင် စွပ်စွဲကြပါသေးတယ်။
ဒါ့အပြင် လျှပ်စစ်ဓာတ်ကို ချွေတာပြီး နေရောင်ခြည်သုံး ဆိုလာပြားတွေ တပ်ဆင်ဖို့ အုပ်ချုပ်သူတွေက ကြိုးစားကြပြန်တော့လည်း ဒါတွေ ခေါင်မိုးပေါ်မှာ တပ်ဆင်တာဟာ အန္တရာယ်များတယ်။ ရပ်ရွာရဲ့ ခေါင်းမိုးနဲ့ အလှအပကို ဖျက်ဆီးတယ်။ အိမ်ခြံမြေတွေ ဈေးကျတယ် စသည်ဖြင့် ကြွက်ကြွက်ညံတဲ့ အသိုင်းအ၀ိုင်းတွေနဲ့လည်း ရင်ဆိုင်ကြရတာကို လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်သူတွေက ထောက်ပြကြပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts