>
မာမာအေး
စက်တင်ဘာ ၁၉၊ ၂ဝ၁၀
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ – အရင်တပတ်က မာအေးတို့ရဲ့ ဂီတနယ်တခိုမှာ ‘နတ်ချင်း’ ဆိုတဲ့ သီချင်း ကဏ္ဍတခု ပါရှိတဲ့အကြောင်း ၀န်ကြီးပဒေသရာဇာတို့ မြ၀တီဦးစတို့ စတဲ့ မာအေးတို့ ဂီတဘိုးဘေးကြီးတွေ စိစစ်ပေးပြီး ထားခဲ့တာမို့ နတ်သံပစ်တာ၊ နတ်ယိုင် ဆိုတာ၊ နတ်ချော့တေး နတ်ပျော်တေးတွေ ဆိုကြကကြတာတွေကိုလည်း ရိုးရာအမွေခံလို ခံစား မှတ်ပိုက် ပျော်ပျော်ကြီး ဆိုခဲ့လိုက်တဲ့အကြောင်း ကြားမှာပေါ့။
ပုပ္ပါး ရောက်ဖြစ်တော့ နတ်တို့ပျော်ရာ တောင်သေလာမှာ သာသနာရိပ်နဲ့ ချွေးသိပ်၊ ငြိမ်းချမ်းစိတ်ဝင် ကြည်ကြည်လင်၊ သန့်စင်တဲ့ မနောမေတ္တာပေါသည်ထက် ပေါလာတာ အမှန်ပါပဲ။
လက်သံပြောင်လှတဲ့ ဆိုင်းပညာရှင် စိန်လှမြိုင် ရေးသားတဲ့ “ပုပ္ပါးရွှေဂူချောင်” သီချင်းကို သာသနာပြုတဲ့ အနေနဲ့ ဆိုပေးဖို့ ပုပ္ပါးဆရာတော်က မေတ္တာရပ်ခဲ့တဲ့အတွက် ဆိုပေးခဲ့တာက စပြီး မာအေးရဲ့ သာသနာတေးလမ်းခရိးက ပေါက်သွားတာကိုး ရှင့်။ ပုပ္ပါးပဋ္ဌာန်းဆက် မိသွားတော့ စိတ် ဒုက္ခ အကျဉ်းအကြပ် အသက်ရှူ ရပ်မလို့ ဖြစ်တိုင်း မြန်မာပြည်အလယ်ပိုင်းက အိုအေစစ်ကလေးလို့ နာမည်သလောက်တဲ့ ပုပ္ပါးတောင်ကလပ်က ကျောင်းတော်များ ရှိရာ သာသနာ့အေးရိပ်ဆာကို ဒုန်းစိုင်း ပြေးခိုခဲ့ရတာတွေ အများကြီး ရှိလာတယ်လေ။ ငြိမ်းချမ်းမှု ပေးတဲ့ ကျေးဇူး၊ တောင်တော်ထူးကို ဆပ်ဖို့ စိတ်ကူးမှ တာဝန်ကျေမယ် ဆိုတာပါ တွဲပြီး သတိရမိတဲ့အခါ တောင်ပိုင်တို့ရဲ့ အကျိုးအကြောင်းတွေပါ ဆိုထားရစ်ဖို့ ဖြစ်ခဲ့တာပါ။ ဆရာကြီး လင်းခေးလုင်ကို အထောက်အထား စာအုပ်စာပေတွေ ရှာပေးပြီး မှတ်တမ်း ရအောင် ရေးစေခဲ့တာ ‘ပုပ္ပါးစံ’ နာမည်နဲ့ ကက်ဆက်တခွေစာ ရပါတယ်။ မာအေးရဲ့ မိတ်ဆွေကြီး သွားလေသူ တေးပုလဲကိုဘမြင့်က ထုတ်ပေးခဲ့ပါတယ်ရှင်။
[မဟာဂီရိ မှ]
အခု တွေးရင် အခုပြေးဝင်ချင်တဲ့ ပုပ္ပါး၊ ဝေးသွားခဲ့တာ ဆယ်နှစ်မကကြာတော့ လွမ်းရတာပေါ့နော်။ ကိုယ့်ပရိသတ်အတွက် သိစေချင်တာလေးတွေ သီချင်းလေးတွေ သိမ်းခဲ့ဖို့ အတွေးပေါက်လာတဲ့ အရွယ်ကိုလည်း ရောက်ရောက်လာတယ်မို့လား။ ဒီသီချင်းတွေ စီစဉ်ဖို့ ရှာရင်းနဲ့မှ မာအေး သိချင်တာလေး တခုလည်း သိရလို့ အတော်ကို စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ မာအေးက ၃၇ မင်း ဆိုတာတွေရော ၃၇ ချင်း ဆိုတာတွေပါ ရှာဖွေလေ တွေ့ရှိလေ လုပ်ရင်း တွေ့တွေ့လာတာ များနေတော့ ဘာကြောင့်ပါလိမ့်၊ ဒီ ၃၇ ဆိုတဲ့ ဂဏန်းကိုချည်း ဘာဖြစ်လို့ သုံးခဲ့ကြတာပါလိမ့် နဲ့ သိချင်နေတာ ကြာမှကြာ ဖြစ်ခဲ့လို့ပါပဲ။ မသိချင်ဘဲ နေနိုင်ရိုးလား ချစ်ဆွေတို့ရဲ့။ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း ဆိုတာတင်မက မာအေးတို့ သဘင်ဂီတလောကမှာလည်း အသံ ၃၇ ချင်း၊ အဆို ၃၇ ချင်း၊ သဘင်သည် ၃၇ ရပ် တဲ့။ ကာယစွမ်းပကား တိုက်ခိုက်ရေး အရာမှာ ဆိုလည်း ဓားရေး ၃၇ ချင်း၊ သိုင်းရေး ၃၇ ချင်း၊ ဒိုင်းရေး ၃၇ ချင်း၊ ကာရေး ၃၇ ချင်း၊ အဲမောင်းရေး ၃၇ ချင်း လှေသဘင် ဆင်ယင်တဲ့ နေရာမှာလည်း တက်ရေး ၃၇ ချင်း တဲ့။ မာအေး ဆိုတဲ့ သီချင်းတောင် ရှိသေးတယ်လေ။ ပြာသိုမြင်းခင်းတော်မှာလည်း မြင်းရေး၊ လှံရေးတွေ ပါသေးမယ်ပေါ့။ အဲဒါလောက်များတာမို့ စိတ်ဝင်စားမိတာ မလွန်ပါဘူးနော်။
အခု ပြောတဲ့ ၃၇ မင်းတွေရဲ့ အစကို ရှာတဲ့အခါ ဗုဒ္ဓဘာသာ သုတ်တော်တွေက လာပါသတဲ့ရှင်။ ဗုဒ္ဓဘာသာဝင်တိုင်း နာကြားကြဖူးတဲ့ အဟာသမယသုတ်နဲ့ အာဋာနာဋိယသုတ် တို့မှာ ပါတဲ့ ယက္ခနွယ်ဝင် မဟာယက္ခ နတ်မင်းကြီး ၉ပါး နဲ့ သေနာပတိ နတ်စစ်သူကြီး ၂၈ ပါးကို ပေါင်းရင် ၃၇ ပါး ရှိပါတယ်။ အဲဒါဟာ ဗုဒ္ဓဘာသာ ၃၇ မင်း ပါပဲ။
ခေတ်အဆက်ဆက်က အထောက်အထားတွေနဲ့ ရှာဖွေ လေ့လာ တိုက်ဆိုင်ရေးသွား၊ စိစစ်သွားသူကတော့ “အမျိုးသားပညာဝန် ဦးဖိုးကျား” လို့ လူသိများတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ပညာရေး လူမှုရေး၊ စာပေရေး နိုင်ငံရေးက အစ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျေးဇူးပြုသွားခဲ့တဲ့ ဆရာကြီး တပါးပါရှင်။
မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်လောက်က စပြီး ကိုယ်တွေ့ ၀တ္ထုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှတ်စဉ် ၆ အထိ ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဟင်္သာတ ခရိုင် နိဗ္ဗာန်ရွာက လယ်သမားကြီး ဦးဖေနဲ့ ဒေါ်ဒေါင်း တို့ရဲ့ သားဟာ အသက် ၂၇ မှ ဂျပ်ဆင်ကောလိပ်မှာ စာသင်ရင်း မြန်မာ့အလင်းမှာ စာ စရေးခဲ့သူပါ။ ပုသိမ်ရာဇ၀င် မြန်မာ့ဂုဏ်ရည်၊ ပေါရာဏအဘိဓာန်၊ စလေဦးပုည အတ္ထုပ္ပတ္တိ၊ ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ၊ ရေသည်ပြဇာတ်၊ ငါးရာ့ငါးဆယ် ကောက်နှုတ်ချက်၊ မဟာယာနဂိုဏ်း၊ သီပေါမင်း ပါတော်မူ အရေးတော်ပုံ စသဖြင့် များစွာ ရေးခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်မှာတော့ ဆရာကြီး နေအိမ် ကာလဘတ်လမ်းမှာ ‘မြန်မာ့ဂုဏ်ရည်’ နာမည်နဲ့ ပုံနှိပ်စက်လည်း ထောင်တယ်၊ စာအုပ်တိုက်လည်း တည်ထောင်ခဲ့တာမို့ လွတ်လပ်ရေး ရပြီးတဲ့အခါမှာ ဆရာကြီးဦးဖိုးကျားကို ဂုဏ်ပြုတဲ့ အနေနဲ့ ကာလဘတ်လမ်းကို ‘မြန်မာ့ဂုဏ်ရည်’လမ်း လို့ ပြောင်းလဲ ခေါ်ခဲ့ပါတယ်ရှင်။