>Maung Lu Yay – Burmese Politics and Blessing – 2

>

မင်္ဂလာနှင့် နိုင်ငံရေး ၂
မောင်လူရေး
စက်တင်ဘာ ၁၂၊ ၂၀၁၀
ပတိရူပဒေသဝါသ မင်္ဂလာ။
ကုသိုလ် ပညာ ဥစ္စာရဘို့ ၊ သင့်ရာဒေသအမြဲနေ ဆိုသည့်အတိုင်း ကုသိုလ်ရသည့်နေရာသည် မင်္ဂလာရွာဖြစ် တော့သည်လတည်း ။
ကျွန်ုပ်တို့ ရွှေဝါပြည်၌ ဒါနကုသိုလ်ကတော့ ဘယ်လိုနေရာမှာမဆို ရ၏ ။ကိုယ်ထူကိုယ်ထဒါန ၊ လူကြီးလာ ဧည့်ခံဒါန ၊ ဇိကုပ်နတ်ပြည်တင်ဒါန ၊ ဘာကြေးညာကြေးဒါန ၊ မယကကြေး ခယကကြေးဒါန ၊ ရဲကြေးဒါန ၊ နားလည်မှုဒါန ၊ လက်ဖက်ရည်ဖိုးဒါန ၊ လာဘ်ပေးလာဘ်ယူဒါန ၊ အထက်လူကြီးဖိုးဒါန ၊ အူကြောင်ကြားဒါန    ( ဖုန်းကို သိန်းပေါင်းမြောက်မြားစွာ ပေးဝယ်ရတာမျိုး ) စသည်ဖြင့် ဒီမိုကရေစီပ ဒါနများ မရေမတွက်နိုင် အောင်ပင် များလှချေ၏ ။ နေချင့်စဖွယ် ကောင်းလှဘိတောင်း ။
ဒီမိုကရေစီပ ဒါနများအကြောင်း ကျမ်းတစ်စောင်ပြုကြပါရန် မေတ္တာရပ်ပါသည် ။ ( ဤကား စကားချပ် )
ဗုဒ္ဓဘာသာနိုင်ငံ၌ ဗုဒ္ဓဘာသာ သာသနာပြုမင်းများ အုပ်ချုပ်လျက်ရှိရာ သီလကုသိုလ်အပိုင်းကတော့ ခိုင်းနှိုင်း ပြောစရာပင် မရှိတော့ချေ ။  ပါဏာတိပါတာဆိုပါစို့ ။ ခရစ္စတီး ( အမည်မှားကပြင်ပေးပါရန်) ကျွန်းပေါ်ဆော့နေတဲ့ ကလေးလေးတွေ မှသည် မုံရွာ ဒီပဲယင်းမြို့ကြီးတွေပေါ် ထင်ထင်ရှားရှား သွားလာနေသည့် ကမ္ဘာသိ လူထု ခေါင်းဆောင်တွေ ၊ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေ ( ကိုရင်လေးမှ ဆရာတော်ကြီးများ )ထိ ရရာလက်နက်စွဲကိုင် ရိုက်ခတ် ပစ်သတ်ခဲ့ကြ၏ ။
ညှင်းပန်းနှိပ်စက်မှုဆိုသည်ကတော့ မှတ်တမ်းတင်မည်ဆို လျှင် ဤလူ့ပြည်တွင် သစ်တောဝါးတောများသာ ပြုံးရာသည် ၊ ဆုံးမည်မထင်ပေ ။ ပင်လယ်ရေတွေသာ ခမ်း ခြောက်ရာသည် ၊ လောက်မည်မထင်ချေ ။ အကြောင်းမှာ လူတစ်ယောက်ကို အနည်းဆုံး အနှစ် နှစ်ဆယ် ညှင်းပန်းသမှု ပြုသောကြောင့်တည်း ။
အဒိန္နာဒါနကတော့ ဆိုဖွယ်ရာ အက္ခရာမရှိချေ ။
စတုမဟာရာဇ်နတ်သက်သည် လူ့ပြည်အနှစ် ကိုးကုဋေ ခြောက်သန်းကျော်နှင့် ညီမျှသကဲ့သို့ပင် ဤလူ့ရွာ၌ ပေါ်ပေါက်ဖူးသမျှ သူခိုးကြီးများနှင့် ခိုးမှုများအားလုံးပေါင်းတို့သည် ရွှေဝါပြည်စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတစ်ဦး ၏ တစ်မိနစ်စာခိုးမှုနှင့် ညီမျှလေသည် ။
ကာမေသုကတော့ ဒုသနသော သောသနဒု သနဒုသော နသသောဒု ဒုသောနသ သောနဒုသ ပေတည်း ။  နယ်စပ်ဒေသ၌ ကျူးလွန်ကြသော ဤပြစ်မှုမျိုးတွေကို စုံစမ်းစစ်ဆေးပေးဘို့ ကုလသမဂ္ဂဆိုသည့် လူသားမျိုး နွယ် စောင့်ရှောက်ရေးအသင်းကြီးဆီ တင်ပြထားသည်ဟူ၏ ။
မုသာဝါဒ ကတော့ အပြောမှန်ရင်ဖမ်း ၊ အမှန်ပြောရင်သတ် ၊ မလိမ်တတ်ရင်ငတ် ၊ မညာတတ်ရင် ငတုံး ၊ မဘုန်းတတ်ရင် ငအူ လူစဉ်မမှီသူ ဖြစ်သွားနိုင်ရကား လှိုင်ဘောလယ်အောင် သုံးရတော့သည်လတည်း ။
ဘုရားလောင်းတို့သည် ပါဏာတိပါတတို့ကို ကျူးလွန်ကောင်းကျူးလွန်မည် ၊ အမှန်၏ဆန့်ကျင်ဘက်သက်သက် သာဖြစ်သည့် မုသားကိုတော့ ဘယ်တော့မှ မပြောခဲ့သောဟူ၏ ။ မဖြစ်မနေမုသားပြောရမည့် အခြေအနေမျိုး ရောက်လျှင် အသက်အသေခံပြီး ဘဝဇာတ်ကိုသိမ်းလိုက်ကြသောဟူ၏ ။ အကြောင်းမှာ ဘုရားဟူသည် အမှန်ရှာသူဖြစ်ရကား ဘုရားဖြစ်ခွင့် အမှန်သိခွင့် မရနိုင်သောမကောင်းမှုကြီးဖြစ်သောကြောင့်တည်း ။
ဤရွေဝါပြည်၌ မုသားစနစ်ကျင့်သုံး၏ ။ မုသားသာ ပြောခွင့်ရှိသည် ။ အမှန်ပြောလျှင် နိုင်ငံတော်ပုန်ကန်မှုအရာ မြောက်လေတော့သည် ။ ထို့ကြောင့် ကျွန်ုပ်တို့ရွေဝါပြည်သည် အမှန်တရားကို ဖီလာကန့်လန့်တိုက် ကျောပေး သော တိရစ္ဆာန်တိုင်းပြည်တည်း ။  တနည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဖီလာကန့်လန့်တိုက်သော တိရစ္ဆာန်ဟူလို ။            ( တိရစ္ဆာန်ဟူသည် ဖီလာကန့်လန့်သွားတတ်သော သတ္တဝါကိုဆိုချေသည်လတည်း )
သုရာမေရယအတွက်တော့  အရက်ချက်သည် ။ ဘိန်းစိုက်သည် ။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည် ။ ဘီယာဆိုင် အရက်ဆိုင်ဖွင့်ခွင့်ပြုသည် ။ အထူးစီမံကိန်းတစ်ရပ်အနေဖြင့် တိုင်းရောပြည်ပါ အခက်တွေကို အရက်နှင့်ဖြေကြသည် ။ ရွှေဝါပြည်တွင် ကျေးလက်မှာတောင် အရက်မပါလျှင် မသာပို့ဖို့ မလွယ်တော့ချေ ။
ဤပြည်၌ ဤမည်သော ဒါန သီလကုသိုလ်များကို ကြည့်သောအားဖြင့် မိစ္ဆာသမာဓိ မည်မျှအားကောင်းနေမည် ကို ရိပ်မိရာသည် ။
ပညာရဖို့  အင်း….မလွယ်တော့ အတော့်ကို မလွယ်ချေ ။ ရုပ်ရှင်မင်းသား ရုပ်ရှင်မရိုက်ရ ၊ အဆိုတော် သီချင်း မဆိုရ ၊ စာရေးဆရာ စာမရေးရ ၊ ရှေ့နေ အမှုမလိုက်ရ ၊ ဘုန်းကြီး တရားမဟောရ ဆိုသည့်ရွှေဝါပြည်မှာ ပညာရဖို့တော့ တကယ့်ကို မလွယ်ချေလတည်း ။
ရွှေဝါပြည်၏ အခြေခံပညာရေးမှာ ဤသို့မှတ်  ဤသို့ကျက်  ဤသို့ရေး ငါပေးတဲ့အတိုင်း ၊ ငါလဲ အထူးထုတ် ရေးတဲ့အတိုင်း ပညာရေးတည်း ။ ဆယ်တန်းအောင်ရင် ကျောင်းပြီးတော့၏ ၊ မပြီးချင်လို့ မရ ၊ တက္ကသိုလ် ဆိုသည်ကား ရက်အပိုကျောင်းတက်ခြင်းသာဖြစ်သည် ။ မဟာဘွဲ့ဟူသည်လည်း သိမတတ်သည့် ဟာကွက် ကြီးဟူ၏ ။ ပါရဂူဟူသည်ကတော့ တဖက်ကမ်း ရောက်ခြင်းဆိုသည့်အဓိပ္ပါယ်အတိုင်းပင် တဖက်ကန်းသွားတော့ သည်လတည်း ။
အထက်ပါကုသိုလ်မျိုးတွေရတဲ့နိုင်ငံမှာ အထက်ပါပညာရေးမျိုးပင် ရှိရပေမည် ။
ဤပညာရေး၏ အသီးအပွင့် အဖြစ် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ တာဝန်ထမ်းကြသူများသည် တောင်းတတ်ရမ်းတတ် ဖမ်းတတ်ဆီးတတ် ရိုက်တတ် နှက်တတ် သတ်တတ်ဖြတ်တတ် ညှင်းတတ်ပမ်းတတ် ကပ်တတ်ဖားတတ် ဟောက်တတ်မြှောက်တတ် မရှက်တတ် မကြောက်တတ် လိမ်ရဲညာရဲ ဘနဖူး သိုက်တူးရဲကြသူများ ဖြစ်ကြရသည် ။
အထက်ပါကုသိုလ်မျိုးနှင့် အထက်ပါပညာရေးမျိုးရှိမှတော့ နည်းမှန်လမ်းမှန်နှင့် ဥစ္စာပစ္စည်းများရဖို့ မဖြစ်နိုင်ပေ ။ နည်းမှန်လမ်းမှန်စီးပွားရှာခွင့်လည်း မပေးချေ ။ အမှန်အကန်ပြောတတ်ဆိုတတ်သူများဆိုလျှင် စီးပွားရှာခွင့်ပင် မပြုတော့ချေ ။ ထိုအချက်ကို သက်သေပြသည့်အနေဖြင့် ရွေးကောက်ပွဲဝင်လိုသူများ ငွေ ၅-သိန်း အပေါင်ကြေး တင်ရမည်ဆိုသောအခါ တင်နိုင်သည့်အတိုက်အခံမရှိတော့ချေ ။ ငွေသိန်းပေါင်း ၁ – သိန်း အပေါင်ကြေး ပေးနိုင်လို့ ဘဏ်ထောင်မည့်သူအရေအတွက်က အပေါင်ကြေး ၅ – သိန်းမတတ်နိုင်လို့ ရွေးကောက်ပွဲမဝင်နိုင် သူအရေအတွက်ထက် များနေပေသည် ။ ထူးထွေတည့် အံ့ရာမဆုံးလတည်း ။
ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် စီးပွားဥစ္စာရှာခွင့်ရှိရာ အသိဉာဏ်ပညာ အတတ်ပညာများ ထိပ်ဆုံးအဆင့်ထိ ဖြစ်ပေါ်ခွင့်ရှိရာကို သင့်တင့်လျောက်ပတ်ရာဒေသဟုဆိုရာ ဤရွေဝါပြည်၌ ဤ မင်္ဂလာဖြစ် မဖြစ် စိစစ်၍ သား သမီးပညာရေးတွေးရင်း စိတ်ညစ်နွမ်းပေတေတော်မူကြပါကုန် ။
ကုသိုလ် ပညာ ဥစ္စာရအောင် သင့်ရာဒေသဖြစ်အောင် ကြိုးစားကြရအောင် ။
ဤမင်္ဂလာကို ပါတီနိုင်ငံရေးမင်္ဂလာလား ၊ အမျိုးသားနိုင်ငံရေး မင်္ဂလာလားဆိုတာ အကြောင်းအကျိုးပြ ခွဲခြား ပေးပါ ။ ခွဲခြားနိုင်သူကို နောင်လာလတ္တံ့သောလွှတ်တော်၌ နိုင်ငံတော်သမ္မတရာထူးအတွက် အဆိုတင်ပေး ပါမည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၃ ) အပိုဒ် ၅၉ ( ဃ )ကိုလည်း “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ စစ်ရေး ၊ မင်္ဂလာတရားတော်နှင့်အညီ သင့်ရာဒေသဖြစ်ရေးစသည့် အမြင် များ ရှိရမည်“ဟုလည်း ပြောင်းလဲပြင်ဆင်ပေးရန် တောင်းဆိုပေးပါမည် ။ ( ဤကား စကားချပ် )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts