>Khin Hnin Lwin – Burmese Junta’s Fabracating the Murder Story from Pegu

>

ဖြစ်ရပ်မှန်ကို လုပ်ကြံဖျောက်ဖျက်ထားတဲ့ သတင်းစာထဲက ပဲခူး လူသတ်မှု
ခင်နှင်းလွင်
စက်တင်ဘာ ၁၁၊ ၂၀၁၀၀
စက်တင်ဘာလ ၄ရက်နေ့ ညပိုင်းက ပဲခူးမြို့ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက် မြလမ်းတွင် စစ်သားနှင့် အရပ်သားလူငယ်နှစ်ဦး ရန်ဖြစ်ပွားရာမှ စစ်တပ်မှ လာရောက်ပစ်ခတ်လို့ သေဆုံး ခဲ့ရတဲ့ အဖြစ်ကို  စက်တင်ဘာ ၁၀ရက်နေ့ စစ်အစိုးရထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပဲခူးမြို့တွင် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမှတဆင့် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူငယ် နှစ်ဦးဒဏ်ရာရ သေဆုံးခဲ့သည် ဟုခေါင်းစဉ်တပ်ကာ နိုင်ငံရေးသမားအချို့နှင့် ပြည်ပမီဒီယာများ ကဆူပူအောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ စွပ်စွဲထားကြောင်းသိရသည်။
“သူတို့လုပ်ထုံးလုပ်နည်း အတိုင်းပေါ့ ဖုံးမယ် ဖိမယ်၊ နောက်မီဒီယာတွေကို လက်ညှိုးထိုး စွပ်စွဲမယ်။ ပြီးရင် ပြည်သူကို မျက်လှည့်ပြပြီး သတင်းမှားတွေလုပ်မယ်၊ ဒါပါပဲ။ ဒါပေမယ့် အခုကိစ္စမှာက တော်တော်ကို ကြီးကျယ်ရက်စက်မှုကြီးတခုကို သေးသိမ် သွားအောင် လိပ်ကို ကြမ်းပိုး လုပ်ထားတာ လူငယ်ခုနှစ်ဦးက ဘီယာသောက်ပြီး ပြန်လာ တဲ့အရာရှိနှစ်ယောက်ကို ၀ိုင်းရိုက်တာ အရာရှိတွေက မရိုက်ပါနဲ့ တောင်းပန်တာတို့၊ နောက် စစ်တပ်နဲ့ ထပ်တွေ့တာတောင် ဒီလူငယ်တွေက ဆက်ရန်ဖြစ်လို့ ပစ်လိုက်ရတယ် ဆိုတာတွေက တော်တော် ရှေ့နောက် မညီအောင်ပဲ။ အားလုံးလည်းသိတယ်။ အဖြစ်မှန်ကို … ။ ဒါပေမယ့် သိသိ ကီးကိုပဲ သေးသိမ်အောင် လုပ်ထားတယ်။ စစ်တပ်ဆိုတာ ယောက်ျားတွေနဲ့ အများဆုံးဖွဲ့စည်းထား တာပါ ။ ဗိုလ်ချုပ်ရဲ့ တပ်မတော်ကတော့ ရစရာမရှိအောင် နာမည်ပျက်နေရပြီ ”
လို့ အငြိမ်းစား ကျောင်းဆရာတစ်ဦးက ပြောဆိုခဲ့သည်။
နိုင်ငံပိုင် သတင်းစာများထဲတွင် စက်တင်ဘာလ ၄ရက်နေ့ည ၁၀နာရီဝန်းကျင်တွင် ပဲခူးဘူတာ လုံခြုံရေး တာဝန်ယူထားသည့် တပ်ဖွဲ့မှ အရာရှိတဦးနှင့် အခြားတပ်မှ အရာရှိတဦး ဘီယာ သောက်ပြီး ဆိုင်ကယ်ကယ်ရီနှင့် ဘူတာသို့ ပြန်လာစဉ် အရက်သေစာသောက်စား မူးယစ်နေသူ လူငယ်များက ၀ိုင်းရိုက်ပြီး တောင်းပန်သော်လည်းမရသဖြင့် လုံခြုံရေးစစ်သည်များကို ကျန်အရာရှိက သွားရောက် အကြောင်းကြားသဖြင့် မြလမ်းထိပ်တွင် လုံခြုံရေးစစ်သည်တစ်ဦးက သေနတ်နှင့်ပစ်ခတ်သဖြင့် လူငယ် နှစ်ဦးဖြစ်သော မောင်စိုးပိုင်ဇော် (၁၇နှစ်) နှင့် မောင်အောင်သူဟိန်း (၂၁နှစ်)တို့ သေနတ်ထိမှန်သေဆုံးခဲ့သည် ဟုရေးသားခဲ့သည်။
“ စစ်မြေပြင်လို မြို့လယ်ကောင်မှာ လူမဆန်အောင် ပစ်သတ်သွားတာလည်း ခံရတယ်။ နောက် သေသွားတဲ့ လူငယ်လေးတွေကိုလည်း နာမယ်ဖျက်တယ်။ ကျမတော့ သားသမီးချင်း ကိုယ်ချင်း စာတယ်။ ဒါက သက်သက် လက်နက်အားကိုးနဲ့ မာန်တက်ပြီး လုပ်သွားတာ။ အဲဒီတပ်အရာရှိ လက်ကို ထိသွားတယ် ပြောတယ်။ ဒါနဲ့ပဲ ငါ့လက်ထိလို့ မင်းကို အသေသတ်တယ် ဆိုတာက အရမ်း မိုက်ရိုင်းလွန်းတယ်။ နိုင်ငံဥပဒေက စစ်သားအတွက်တမျိုး ပြည်သူအတွက် တမျိုး လုပ်ထားတာလား။ စစ်သားလည်း ပြည်သူပဲလေ။ သူတို့အပြစ်ပေးတယ်ပဲ ပြောတယ်။ ဘယ်လိုပေးတာလည်းမပါဘူး။ အလောင်းကို မြန်မြန်သဂြိုလ်တယ် ဆိုတာကလည်း သူတို့ လုပ်နေကြ သက်သေဖျောက်တာပါပဲ …”
  လို့ မြောက်ဥက္ကလာမှ အိမ်ရှင်မတဦးက သူ့အမြင်ကို ပြောပြခဲ့သည်။
“ ကြားကြားချင်း ကျတော်စိတ်မကောင်းဘူး။ လူငယ်အချင်းချင်း ရန်ဖြစ်တာရိုးနေပါပြီ။ ဒီလိုပဲ ရိုက်ကြ နှက်ကြတာ မဆန်းပါဘူး။ ဆန်းတာက ဒီလိုလက်နက်ကို သုံးချင်တဲ့အတိုင်း သုံးလိုက် တာပဲ။ မကျေနပ်ရင် သွားလိုက်ရိုက်ပေါ့။ ဒီသေနတ်ဆိုတာက ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ စစ်တပ်ကို ပြည်သူတွေက တပ်ဆင်ပေးထားတာပါ။ ပုဂ္ဂလိက ရန်ညှိုးတောင် အခုလို စစ်တပ်က သုံးလာပြီဆိုတော့ အရမ်းကို မြန်မာပြည်သူတွေအတွက် အန္တရာယ်ရှိတဲ့ တပ်မတော် ဖြစ်နေပြီ။ ”
လို့ ဒဂုံတက္ကသိုလ်က ကျောင်းသားတဦးက ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts