>Than Soe Hlaing – Burmese Junta abusing Tatmadaw to rule the Burmese

>

စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဇိုးရှည်နေသည့် အာဏာရှင်စစ်ခေါင်းဆောင်များ
သန်းစိုးလှိုင်
စက်တင်ဘာ ၁၁၊ ၂၀၁၀

မဆန်းကြယ်တဲ့ အဖြစ်အပျက်
ပြီးခဲ့တဲ့ စနေနေ့ ညက ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားတွေနဲ့ စစ်တပ်အရာရှိ နှစ်ဦးရန်ဖြစ်ပွားတဲ့ ကိစ္စဟာ စစ်အစိုးရ သတင်းစာတွေမှာ ရေးသားသလိုပဲ ထူးဆန်းတဲ့ အဖြစ်အပျက်မဟုတ်ပါဘူး။ ခိုက်ရန်ဖြစ်ပွားတာ၊ တယောက်နဲ့ တယောက် ထိုးကြိတ်ကြ ရိုက်ကြတာမျိုးတွေ ဖြစ်ပျက်တာဟာ မဆန်းကြယ်ပါဘူး။
ဆန်းကြယ်တာက အဆိုပါ ခိုက်ရန်ဖြစ်ပွားတဲ့အဖြစ် ဖြစ်ပျက်ပြီးနောက်မှာရန်ဖြစ်တဲ့ စစ်ဗိုလ်က ပဲခူးဘူတာက စစ်တပ်ကို ခေါ်ယူပြီး အရေးယူခိုင်းတဲ့ကိစ္စ၊ လက်နက်ကိုသုံးပြီး ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်ဟာ ဥပဒေမဲ့တဲ့ အရပ်၊ မူးယစ်ရာဇာတွေ ကြီးစိုးတဲ့ ဥပဒေမဲ့နယ်မြေလိုမျိုးတွေမှာ ပြုကျင့်တဲ့အပြုအမူတွေပါ။
 အရပ်သားတွေနဲ့ ဖြစ်ပျက်တဲ့ ကိစ္စမှာ အရပ်သားတွေဘက်က လွန်တယ်လို့ ယူဆရင် ဥပဒေအရ ရဲကိုအကြောင်းကြားပြီး ဖမ်းဆီးမယ်ဆို ဖမ်းဆီးခဲ့ရင် အခုလို အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာစရာမရှိပါဘူး။ ရဲကိုလည်း အကြောင်းမကြားပဲ နီးရာစစ်တပ်ကို ခေါ်ယူပြီးလက်နက်နဲ့ အနိုင်ကျင့် ပစ်သတ်ခဲ့တဲ့အဖြစ်အပျက်က တိုင်းပြည်မှာ ဥပဒေစိုးမိုးမှု မရှိပဲ စစ်တပ်သာ စိုးမိုးအုပ်ချုပ်နေတယ်ဆိုတာကို လှစ်ဟပြသလိုက်တာပါ။
  ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာထဲမှာ ဖေါ်ပြထားသလို တပ်မတော်ဆိုတာဟာ တင်းကျပ်တဲ့ စည်းကမ်းနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဖြစ်လို့ တာဝန်ရှိတဲ့ အရာရှိဖြစ်သူကို ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေတယ်ဆိုထားပါတယ်။ အမှန်တကယ်သာ တပ်မတော်ဟာ တင်းကျပ်တဲ့ စည်းကမ်းဥပဒေတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု၊ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေး အသက်အန္တရာယ်ကိုလည်း ကာကွယ်ပေးတဲ့ တပ်မတော်တခုဆိုရင် အခုလို အဖြစ်အပျက်မျိုး ဖြစ်ပျက်လာစရာ မရှိပါဘူး။
 အခုအဖြစ်အပျက်ကို ကြားသိရသူ အများစုက ဘယ်လိုဝေဘန်ကြသလဲ ဆိုတော့
“အော်..စစ်တပ်က တောရွာတွေမှာ လုပ်သလို လုပ်တာကိုး၊ ဒါပေမယ့် မြို့ပေါ်မှာ လုပ်တာကတော့ တော်တော်ကို အရုပ်ဆိုးတာပဲ”
ဆိုတဲ့ သဘောပြောဆိုကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေရာတောနယ်တွေမှာ စစ်တပ်က ဥပဒေ စိုးမိုးမှု မရှိပဲသေနတ်နဲ့ အင်အားသာ အဆုံးအဖြတ် ဖြစ်နေခဲ့တာကို မြို့နေလူထုက သိရှိနေကြလို့ပါပဲ။
ပြည်တွင်း အတိုက်အခံ နိုင်ငံရေးသမားနဲ့ ပြည်ပမီဒီယာတွေက လှုံ့ဆော်ဖို့မလို

       ယခုအဖြစ်အပျက်မှာ သေဆုံးသွားသူ လူငယ်နှစ်ဦးဟာ အရက်မူးနေတယ်ပဲဆိုဆို တဘက်က စစ်တပ်က အရာရှိနှစ်ဦးလဲ မူးနေကြတာပါ။ ဘယ်သူက လွန်တယ်၊ တဘက်က စစ်အရာရှိကို မညှာမတာ အုပ်စုနဲ့ ၀ိုင်းရိုက်ကြတယ်ဆိုဦးတော့ စစ်တပ်ကို ခေါ်ယူပြီး ပစ်သတ်ခိုင်းရလောက်တဲ့ အခြေအနေ အကြောင်းအချက် ဘယ်မှာမှ မမြင်မိပါဘူး။
အမှန်တကယ် စစ်အရာရှိတွေဟာ တင်းကျပ်တဲ့ စည်းကမ်းနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့တပ်မတော်က အရာရှိတွေဆိုရင် လက်နက်ကိုင် စစ်သားတွေကို ခေါ်ပြီးဖြေရှင်းမှာ မဟုတ်ပဲ အရပ်ဘက် ဥပဒေရှိတဲ့အတိုင်း ရဲကိုတိုင်ကြားပြီး အရေးယူခိုင်းမှာပါ။ ဥပဒေကို အားမကိုးပဲ လက်နက်ကိုအားကိုးပြီး ယခုလို ဖြေရှင်းခဲ့တာရဲ့ အရင်းခံအကြောင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေဟာ စစ်တပ်ကို တလွဲအသုံးချနေခဲ့တာကြောင့်ပါပဲ။
ဆန္ဒပြမှုတွေ ၊ လူထုအုံကြွမှုတွေ၊ လူမျိုးစု လက်နက်ကိုင် ပုန်ကန်မှုတွေကို နှိပ်ကွပ်နှိမ်နှင်းတဲ့အခါ ဥပဒေမဲ့ စေခိုင်းနေခဲ့တာကြောင့် စစ်တပ်ဟာ အထက်အမိန့်ကို ငြင်းဆန်တာကလွဲလို့ အခြားသော ဥပဒေမဲ့ လုပ်ရပ်တွေအတွက် အရေးယူမခံခဲ့ရလို့ပါပဲ။
လွန်ခဲ့တဲ့ ၃နှစ်က ရွှေဝါရောင် သံဃာ့အရေးအခင်းကာလအတွင်း ဂျပန်သတင်းထောက်ကို အနီးကပ်ပစ်ဖို့ အမိန့်ပေးခဲ့သူဘယ်သူ ဆိုတာ၊ ပစ်ခတ်ခဲ့သူက ဘယ်သူဆိုတာ မသိရှိရသလို၊ အရေးယူအပစ်ပေးခြင်းလည်း မရှိခဲ့ပါဘူး။ ဘာကြောင့် အရေးမယူသလဲ ဆိုရင်နောက်နောင် အဲဒီလို လူထု၊ သံဃာတွေ ငြိမ်းချမ်းစွာဆန္ဒပြတာကို ပစ်ခတ်နှိမ်နှင်းဖို့ အမိန့်ပေးရင် တပ်ကငြင်းဆန်မှာစိုးလို့ပဲ ဖြစ်ပါတယ်။
   အခု တကြိမ် ပဲခူးအဖြစ်အပျက်ကတော့  ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲဆိုချက် အဆိုပြုထားချိန်နဲ့ တိုက်ဆိုင်နေပြီး၊ ဒီအဖြစ်အပျက်က သက်သေခံတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ပေါ်ထွက်လာမှာ စိုးရိမ်လို့ စစ်အစိုးရအနေနဲ့ ယခုလောက် ဂရုတစိုက် တုံ့ပြန်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ယခင်က စစ်တပ်က စုံစမ်း စစ်ဆေးရင်းလို့ လက်လွန် သေဆုံးသွားသူတွေ၊ ရဲတပ်ဖွဲ့ ရိုက်လို့ လက်လွန်သေဆုံးသွားသူတွေရဲ့ အမှုကိစ္စတွေမှာ ကျူးလွန်သူကို  တခါမှ အရေးယူခဲ့တာ မတွေ့ရပါဘူး။
နောက်ထပ် တိုက်ဆိုင်တဲ့ အကြောင်းတချက်ကလည်း ၂၀၀၇ ခုနှစ်စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် ၃ နှစ်ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတဲ့အဖြစ်ကြောင့် စစ်အစိုးရစိုးရက အခုလို စိုးရိမ်နေတာပါ။
ပြည်ပ သတင်းဌါနတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့က ဒီအဖြစ်အပျက်ပေါ်မူတည်ပြီး လူထုလှုပ်ရှားမှု ဖြစ်ပေါ်အောင် လှုံ့ဆော်ဖို့ကြိုးပမ်းနေတြတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။ နအဖ စစ်အစိုးရဟာ လူထုရဲ့ ခံစားချက်၊ မကျေနပ်ချက်တွေကို ဖေါ်ပြခွင့်မပြုပဲ ပြင်းထန်စွာ ဖိနှိပ်ထားတာကြောင့် အခုလို ကိစ္စရပ်တွေမှာ လူထုရဲ့ မကျေနပ်မှုပေါက်ကွဲနိုင်တာ ဖြစ်ပါတယ်။
လှုံ့ဆော်သူရှိတယ် ဆိုဦးတော့ မကျေနပ်မှု၊ မခံမရပ်နိုင်အောင် အောင့်အည်း မြိုသိပ်ထားရချက်တွေမရှိတဲ့ နိုင်ငံတနိုင်ငံမှာ လှုံ့ဆော်လို့လည်း မအောင်မြင်နိုင်ပါဘူး။ ဆိုလိုတာက ဒီမိုကရေစီ အခွင့်အရေးရှိတဲ့ တိုင်းပြည်မှာ၊ တရားဥပဒေက စိုးမိုးမှုရှိပြီး လူထုက တရားဥပဒေအကာအကွယ် ခံစားနေရတဲ့တိုင်းပြည်မှာ လူထုအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ဥပဒေဘောင်အတွင်းကပဲ ရယူကြမှာပါ။
ဘယ်သူမှ လမ်းပေါ်ထွက်ပြီး လုံထိန်းရဲ၊ စစ်တပ်တို့ကို ရင်ဆိုင်ကြုံတွေ့ချင်ကြမှာ မဟုတ်ပါ။
စစ်အစိုးရအနေနဲ့ ပြည်ပ သတင်းဌါနတို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အပြစ်မတင်ပဲ ပြည်သူလူထုဟာ ဥပဒေရဲ့ အကာအကွယ်ကို ခံရခြင်းရှိမရှိ၊ မတရားမှုတွေအတွက် ပြန်လည် တိုင်ကြားနိုင်ခွင့်ရှိမရှိကို ဆန်းစစ်သင့်ပါတယ်။

တပ်နဲ့ ပြည်သူသွေးခွဲသူ –  ဘယ်သူလဲ
မြန်မာပြည်သူတွေ အနေနဲ့ စစ်တပ်ကို ရန်သူအဖြစ် သတ်မှတ်ခြင်း မပြုလိုပါ။ ဘာကြောင့်လဲဆိုတော့ ဒီစစ်တပ်ဟာ နိုင်ငံခြားက လာရောက်သိမ်းပိုက်ထားတဲ့ စစ်တပ်လည်း မဟုတ်၊ ကိုယ့်အနီးအနားက လူတွေ ၊ တခါတရံ ကိုယ့်ဆွေမျိုးသားချင်းတွေ လည်းစစ်တပ်ထဲရောက်နေကြတဲ့ အဖွဲ့အစည်းဖြစ်နေလို့ပါ။
ဒါပေမယ့် အခုစစ်တပ်ကို ကိုယ်လိုရာသုံးနိုင်ဖို့အတွက် နအဖ စစ်ခေါင်းဆောင်ပိုင်းက ခိုင်းစေနေတာ၊ အမိန့်ပေး စေခိုင်းနေတာကို မြန်မာပြည်သူပြည်သားတွေက မနှစ်မြို့တာပါ။
စစ်တပ်ကို မြန်မာမြေပေါ်က ကွယ်ပျောက်သွားဖို့လည်း ဘယ်သူမှ မရည်ရွယ်ကြပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေး အရယူပေးခဲ့ရာမှာသမိုင်းအစဉ်အလာရှိခဲ့တဲ့ စစ်တပ်ရဲ့ သမိုင်းအစဉ်အလာအရ လူထုက လေးစားစရာ ၊ အားကိုးစရာ တပ်မတော် တစ်ခုအဖြစ်သာမြင်လိုတာပါ။
အခုလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ ပမာဏကြီးမားလှတဲ့ ပိုင်ဆိုင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ စစ်ခေါင်းဆောင် လူနည်းစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရပြီး အောက်ခြေက ကြပ်တည်းလှတဲ့ အခြေအနေမှာ တပ်သားတွေ နေထိုင်နေကြရတာကိုလည်း သိရှိကြပါတယ်။
မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ရဲမွန်တပ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဘဏ်စုငွေ ပြန်ထုတ်ဖို့ တောင်းဆိုတဲ့ အဖြစ်အပျက်တွေ၊ လက်ရှိ ရန်ကုန်တောင်ဥက္ကလာမြို့မှ တပ်ရင်းမှာဖြစ်ပျက်နေတဲ့ အဖြစ်တွေကို ကြားသိပြီး သာမန်တပ်သားတွေ ဆင်းရဲ ကြပ်တည်းနေကြရတာကို စာနာကြပါတယ်။
       နအဖ စစ်အစိုးရကတော့ အခုလက်ရှိ အနေအထားက သူတို့လိုလားတဲ့ အနေအထား ဖြစ်ပါတယ်။ လူထုနဲ့ စစ်တပ်ခံစားချက် အမြင်တူညီသွားပြီး သူတို့ရဲ့ ခိုင်းစေတာကို ငြင်းဆန်မယ့် အဖြစ်မျိုးရောက်တဲ့နေ့ဟာ သူတို့ရဲ့ နိဂုံးဖြစ်နေလို့ပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts