>U Kyaw Maung – Sayadaw U Ottama

>

ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့်
ဦးကျော်မောင်
စက်တင်ဘာ ၁၁၊ ၂၀၁၀


စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၇၁ နှစ် မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်း အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသော်လည်း ပြည်တွင်း ပြည်ပ မီဒီယာများတွင် ထည့်သွင်းဖော်ပြမှု မရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ နအဖ စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဟန်ပြကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသတင်းကို ဇောင်းပေးထုတ် လွှင့်နေရ၍ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုကို လျစ်လျူရှုလေသလော (သို့တည်းမဟုတ်) မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော (သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မဝံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလော … … အဘယ်ကြောင့်များ ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။ မိမိတို့၏သမိုင်းကို မိမိတို့ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ဖြင့် ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့ ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။

၇၁ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် ၃ မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။ စစ်တွေမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးမောင်ကြွင်းအောင်၊ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေထွန်း၊ ဗဟို အမျိုးသမီး အဖွဲ့ဝင် ဒေါ်ညိုအေးတို့ ဦးဆောင်ပြီး လူ ၂၀ ကျော်တို့က ကျောင်းတက်လမ်း၊ ဓမ္မာရုံရှေ့တွင် သံဃာတော်အပါး ၁၀၀ ကျော်ကို ဆွမ်းလောင်းခဲ့သည်။ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်စေတီတွင် ရခိုင်လူငယ် ၂၀ ကျော်၊ မအီမြို့နယ် အိုးထိန်းစေတီတော်မှာ ရခိုင်လူငယ် ၁၀ ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းခဲ့ကြသည်။

စက်တင်ဘာ ၈ ရက်နေ့ညနေတွင်လည်း မအီမြို့နယ် ဆားပြင်ရွာ၌ ရွာလမ်းများတလျောက် ဆီမီးထွန်းပူဇော်ပွဲပြုလုပ်ကာ ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းခဲ့ကြသည်။ ကျေးရွာနေ ရခိုင်ကျောင်းသားနှင့် လူငယ်များက ပြည်သူလူထုအား ဆရာတော် ဦးဥတ္တမနေ့အကြောင်း ရှင်းပြခဲ့ကြသည်။

စက်တင်ဘာ ၉ ရက်နေ့ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၁ နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုကို ၅ မြို့နယ်တွင် တွေ့ရသည်။ စစ်တွေမြို့နယ်တွင် ၂ နေရာပြုလုပ်သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဌာနချုပ်တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားနှင့် ဟောပြောပွဲကို ပရိတ်သတ် ၁၀၀ ကျော်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ နံနက် ၉ နာရီတွင် ရခိုင်ကျောင်းသား၊ လူငယ် ၂၀ ကျော်က စစ်တွေ၊ လမ်းမတော် တောင်ရပ်ကွက်တွင် သံဃာတော် ၇၁ ပါးကို ဆွမ်းလောင်းလှူဒါန်းကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လွတ်ရေး ဆုတောင်းခဲ့ကြသည်။ ဆရာတော်၏ရုပ်ပုံတော်ဖြင့် မိုးပျံပူဖောင်းများကို ရိုသေစွာ လွှတ်တင်ခဲ့ကြသည်။

စက်တင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီတွင် တောင်ကုတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်သိန်းအောင် နေအိမ်တွင် အဖွဲ့ဝင် ၂၀ ဦးနှင့် ဦးဥတ္တမနေ့ အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။ မအီမြို့၊ လမူးမော်ရွာ၊ ကြက်ကိုင်း ဘုရားတွင်လည်း သည်နေ့ နံနက် ၇ နာရီခန့်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲကို ကျောင်းသား၊ လူငယ် ၁၅ ဦးဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်။

ထိုနည်းတူစွာ မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့တို့တွင်လည်း စက်တင်ဘာ ၉ ရက်နေ့တွင် ဆရာတော် ဦးဥတ္တမနေ့ကို ဂုဏ်ပြုလျက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် ရည်မှန်းကာ ဆွမ်းကပ်လှူဒါန်းမှုများ ပြုခဲ့ကြပါသည်။ ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရခိုင်စာပေသမားများနှင့် ပူးပေါင်းကာ မြို့နယ် ၁၅ မြို့နယ်တွင် ဆရာတော်၏ဓာတ်ပုံနှင့် ထေရုပ္ပတ္တိပေါင်း ၃၀၀၀ ကျော် ဖြန့်ဝေခဲ့ကြသည်။

ထို့အပြင် စစ်တွေမြို့ ဆရာတော် ဦးဥတ္တမပန်းခြံတွင် လုံခြုံရေး ထူထပ်စွာချထားသည့်ကြားမှ ရဟန်းတော်များနှင့် ရခိုင် ကျောင်းသားလူငယ်များက ပန်းခွေချ ပူဇော်ခဲ့ကြသေးသည်။ အဆင်မသင့်လျှင် ထောင်ထဲ တန်းပို့ခံရမည့် အနေအထားပင် ဖြစ်သည်။

ဤမျှ များပြားလှသောလှုပ်ရှားမှုများအတွက် အခက်အခဲကြား၊ အန္တရာယ်များကြားက စွန့်စားခဲ့ကြသူများကို လွန်စွာ ဂုဏ်ပြုရပေမည်။ စစ်အစိုးရသည် ဆရာတော် ဦးဥတ္တမနေ့ကို အသိအမှတ် မပြုလိုပေ။ ရဲရင့်ခိုင်မာလှသည့် ရခိုင်တို့၏ နှလုံးသွေးထဲတွင် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လှသော ဆရာတော် ဦးဥတ္တမ စိတ်ဓာတ် လှည့်ပတ်စီးဆင်းမည်ကို ကြောက်လျက်ရှိသည်။ ထို့ကြောင့် ယခင်နှစ်များက ဆရာတော် ဦးဥတ္တမနေ့လှုပ်ရှားခဲ့ကြသည့် အပြစ်မဲ့ ရခိုင် ကျောင်းသား လူငယ် ၁၁ ဦးကို ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။ သည်ကြားထဲ ရုန်းကန် လှုပ်ရှားကြသည့် မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများအနေဖြင့် လူမျိုးရေး မခွဲခြားဘဲ အလေးဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများအနေဖြင့် မည်သည့်သတင်းဌာနတွင် ပါ၊ မပါ ဂရုစိုက်လိမ့်မည်မဟုတ်။ ထောင်အကျခံရလည်း သူတို့အရေး လုပ်ကြမည်မဟုတ်။ သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့အတွက် ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင်ယူဆလျက် အပြုသဘောဆောင် ရေးသား တင်ပြလိုက်ပါသည်။

http://arakanreview.net/ မှ ပြန်လည်ကူးယူဖော်ပြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts