>News Variety from MoeMaKa Friends

>

မိုးမခမိတ်ဆွေများထံက သတင်းနဲ့ အတင်းတိုထွာ
မိုးမခ၀ိုင်းတော်သားများ
စက်တင်ဘာ ၁၀၊ ၂၀၁၀
မော်ဒယ် ရွှေစင်အိမ်ကို သူခိုးတွေ မျက်စိကျ
အင်တာနက်တွေ ဂျာနယ်သတင်းတွေက သတင်းပေး လက်ထောက်ချလိုက်လို့ ဒေါ်လာတွေ သောင်းချီ၊ ထောင်ချီပြီး ကိုင်သုံးနိုင်တဲ့ မော်ဒယ်မင်းသမီး ရွှေစင်ရဲ့ အိမ်ကို ညအချိန်မတော် သူခိုးတွေက တက်ရောက်ဖို့ ကြိုးစားနေကြတယ်လို့ ကြားသိရပါတယ်။ အင်တာနက်တွေ ဂျာနယ်တွေ ဖတ်ကြသူတွေထဲမှာ အစိုးရသတင်းပေးတွေ၊ စာပေစိစစ်ရေးကလူတွေအပြင် မလိုလားအပ်တဲ့ အခြား မသမာသူတွေလည်း ရှိနေတယ်လို့ လက်တို့လိုက်ပါရစေ။
စင်္ကာပူက ဂက်စ်ကားပေါက်၊ လူတဦးသေ၊ အစိုးရက အရေးယူဖို့ စုံစမ်း၊ တရုတ်လုပ်ကားတွေမှာ အပြစ်ရှိ …
          လွန်ခဲ့တဲ့ ၃ ပတ်က စင်္ကာပူမှာ ဓာတ်ငွေ့ကားပေါက်ပြီး လူတဦး သေသွားပါတယ်။ ဓာတ်ငွေ့ကားတွေ စမ်းသပ်ပြေးဆွဲတာမှ မကြာသေးဘူး၊ အခုလို မတော်တဆဖြစ်ရတာကို အစိုးရက အတော် မကြည်လင်ဘူး ဆိုတယ်။ လက်ရှိစမ်းသပ်ပြေးဆွဲနေတဲ့ ဂက်စ်ကား (တက္ကစီနဲ့ ဘတ်စကားပေါင်း)  ၃၀ ကျော်ကို အစိုးရက ယာယီထိန်းသိမ်းပြီး စစ်ဆေးနေပါတယ်။ ဘယ်သူပေါ့လျော့သလဲဆိုတာကို စစ်နေတာမို့ ကားတင်သွင်းသူ တရုပ်ပြည်က သက်ဆိုင်ရာတွေကလည်း လာရောက်ပြီး မျက်လုံးဒေါက်ထောက် ကြည့်နေပါ သတဲ့။ မြန်မာပြည်က ဂက်စ်ကားတွေကတော့ ပေါက်ချင်ပေါက်၊ သေချင်သေ အခုလိုမျိုး စစ်ဆေးတာတွေ၊ စုံစမ်းတာတွေ မရှိတော့ ခရီးသည်တွေ၊ ယာဉ်မောင်းတွေမှာ ကံကိုသာ ပုံကြရပါတော့တယ်။ 
       အခု နောက်ဆုံးသတင်းအရ တရုတ်လုပ် ဂက်စ်သုံးဘတ်စ်ကားတွေမှာ အပြစ်ရှိလို့ ဆိုပြီး ဘတ်စကား ၂၄ စီးကို တရုတ်က ပြန်လည်သိမ်းဆည်းပြီးတော့ ဒီဇယ်ကားတွေနဲ့ ပြန်လဲပေးတော့မှာ ဖြစ်ပါတယ် တဲ့။ တော်ကြာ အဲသည်လိုမျိုး တရုတ်လုပ် ဓာတ်ငွေ့သုံးဘတ်စ်ကားတွေ သန်းရွှေကြီး တရုတ်ပြည်ကအပြန် လက်ဆောင်ဆိုပြီး ပါလာဦးမယ် ဗျို့။.
စစ်ဗိုလ်တွေက စစ်သားစုဆောင်းပေးရမယ် မရရင် လစာဖြတ်
          ၂၀၁၀ ရွေးကောက်ပွဲမှာ လူကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေက ဘောင်းဘီတွေ ချွတ်ကုန်ကြတော့ စစ်တပ်ထဲမှာ လူတွေ လျော့နည်းကုန်ပြီ နဲ့ တူပါရဲ့။ စစ်အရာရှိငယ်တွေကို အရာရှိကြီးတွေက အောက်ခြေမှာ စစ်တိုက်ဖို့ စစ်သားတွေ တိုးတက် စုဆောင်းပေးဖို့ အမိန့်တွေ ထုတ်ထားပါတယ်။ အကြပ်တွေ အရစ်တွေက (တပ်ကြပ်ကြီး ငယ်များ၊ အရာခံဗိုလ်များကို ဆိုလို) ရပ်ကွက်ထဲမှာ ကလေးသူငယ်တွေ၊ ပျံကျအလုပ်သမားတွေကို ဆွဲရမ်းပြီး စစ်တပ်ထဲ ထည့်နေတာအပြင် အပေါ်က စစ်အရာရှိ ဗိုလ်တွေ၊ ဗိုလ်ကြီးတွေကိုပါ စစ်သားစုဆောင်းရေး အလုပ်ကို တိုးပြီး ခိုင်းနေပါတယ် တဲ့။ လစာထဲက ဖြတ်မှာက သောင်းဂဏန်းလို့ သိရပါတယ်။
မြန်မာပြည်မှာ ကျန်းမာရေးအာမခံထက် ဆေးရုံအာမခံက ပိုအရေးကြီး
          အမေရိကားက လူတွေက ကျန်းမာရေးအာမခံရှိမှ (၀ယ်ထားမှ) ဆေးရုံတက်ရ၊ ဆေးကုရတာ အဆင်ပြေ သက်သာတယ် ပြောပါတယ်။ အဲဒါမရှိရင် အကုန်လုံး ကာယကံရှင်က ကျခံရလို့ မသက်သာဘူးလို့ ဆိုတယ်။ မြန်မာပြည်မှာကတော့ ကျန်းမာရေးအာမခံမပြောနဲ့ဦး ပိုက်ဆံကော၊ အဆက်အသွယ်ကော မရှိရင်၊ မပေးနိုင်ရင် အလွန်ဒုက္ခရောက်ပါတယ်။ အခုတော့ အပြင်ဆေးရုံတွေ ဆေးခန်းတွေက ဆေးရုံအာမခံကြေးတွေ တောင်းနေပြီ ဖြစ်ပါတယ်။ မပေးရတဲ့ ဆေးခန်းတွေကတော့ အာရှတော်ဝင်၊ သျှင်ပါကူ၊ ရွှေဂုံတိုင် နဲ့ အောင်ရတနာတို့ လို့ ဂျာနယ်ထဲမှာ တွေ့ရတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်ပါတီတွေ အများဆုံးလဲ
          ဒီမှာ ဂျာနယ်ဖြတ်ပိုင်း ပို့ပေးလိုက်တယ်နော်။ ကြံ့ဖွံ့နဲ့ တဆညက အများဆုံး ၀င်ပြိုင်မယ့် ရွေးကောက်ပွဲကနေ ကျနော်တို့ ဘာတွေ အမြတ်ထွက်မှာလဲလို့ မေးလိုက်ချင်တယ်။ တိုင်းနဲ့ ပြည်နယ် ဒေသအားလုံးမှာ (နီးပါး)က ကြံ့ဖွံ့၊ တဆည ပါတီက နယ်မြေ ပေါင်း ၉၈၀ မှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ထဲ ၀င်ဖို့ မပြောနဲ့ဦး လွှတ်တော်အနားမှာ ကွမ်းယာဆိုင်လောက် ဖွင့်နိုင်ဖို့တောင် တပ်မတော်ကြီးထံက ခွင့်ပြုချက် လိုလိမ့်မယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts