>Kyaw Thu – FFSS Yangon Activity (10 th September 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
စက်တင်ဘာ ၁၀၊ ၂၀၁၀
ဘဘ ဦးတင်ဦး၏ အကိုကြီး ကွယ်လွန်ရှာပြီ

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာ မရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အဝဝတို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ အကိုအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနားအား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန် ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ဝိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။

သရုပ်ဆောင်သင်တန်းပြီးတော့ . . . ဒါရိုက်တာသင်တန်း

၉.၉.၂၀၁၀ (ကြာသပတေး) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသင်းသူ/ သားများ၊ လုပ်အားပေးများ၊ အမှုဆောင်များနှင့် စည်ကားသိုက်မြိုက်စွာ ကုသိုလ်ရေးများအတွက် ထမ်းဆောင် ပြင်ဆင်လျှက် ရှိကြသည်။ အကြောင်းမှာ – ၉.၉.၂၀၁၀ ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ရှေ့ဆက်ရမည့် လုပ်ငန်း တာဝန်များ၊ ပေးဆပ်မှုများအတွက် ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းများကို ထပ်မံဖြည့်ဆည်းရန် လိုအပ်ချက်များ ရေးဆွဲရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အရေးပေါ် အစည်းအဝေးများ ကျင်းပပြုလုပ်နေခြင်း၊ လူမှုရေးမျိုးဆက်သစ်များ အတွက် အမှတ်စဉ် (၅/၂၀၁၀) သင်တန်း စတင်ပို့ချခြင်းနှင့် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် အမှတ်စဉ် (၄/၂၀၁၀) ဓာတ်ပုံသင်တန်း နေ့ရက်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။

ယင်း သင်တန်းများတွင် လုပ်အားပေးလိုသည့်၊ ကုသိုလ်ယူလိုသည့်၊ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အသင်းဝင်၍ ပေးဆပ်လိုချင်သည့် မျိုးဆက်သစ် လူငယ်/ရွယ်များ များပြားလာခြင်း ကြောင့် ဓာတ်ပုံသင်တန်းပို့ချရာတွင် နေရာထိုင်ခင်း အခက်အခဲကြောင့် ကြမ်းပြင်ပေါ်တွင် ဖျာများ ခင်းကျင်း၍ လူသားအကျိုးပြု ပညာရပ်များကို မညည်းမညူ ကြိုးစားပမ်းစား စိတ်ဝင်တစားဖြင့် တက်ရောက်ကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ဓာတ်ပုံသင်တန်း ပို့ချရာတွင် ဓာတ်ပုံပညာရှင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားဖြစ်သူ TV သက်မွန်နှင့် ဥက္ကဋ္ဌ ဦးကျော်သူတို့မှ သင်ကြား ပို့ချခဲ့သည်။

မျိုးဆက်သစ် လူမှုရေးသင်တန်း အမှတ်စဉ် (၅/၂၀၁၀)တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အမှာစကားပြောကြား၍ အမှုဆောင် ဒေါ်မေဇွန်ဦးနှင့် ဦးအေးကြူတို့မှ သင်တန်းကို ပို့ချခဲ့သည်။ ယင်းသင်တန်းသည် နာရေးလမ်းကြောင်းကို ဦးဆောင်၍ သွားရောက်ကူညီ ဖေးမမည့် သင်တန်းသား/သူများအနေဖြင့် နာရေးရှင်တို့နှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်အမူ အရာ ယဉ်ကျေးသိမ်မွေ့ရန် အရေးကြီးသည့်အတွက် ယင်းသင်တန်း၏ ခေါင်းစီးအား “သရုပ်ဆောင် သင်တန်း” ဟု အမည်ပေးခဲ့သည်။ သရုပ်ဆောင်ဟု ဆိုရာတွင် အနုပညာလောကတွင် ကျင်လည် ကျက်စားကြသော မင်းသား မင်းသမီး (သရုပ်ဆောင်များ) မဟုတ်ကြောင်း၊ မိမိတို့ ထမ်းဆောင်ရမည့် ပေးဆပ်ရမည့် လုပ်ငန်းမှာ လူမှုရေးလုပ်ငန်း၊ ဖေးမမှုလုပ်ငန်း၊ ပေးဆပ်မှုလုပ်ငန်း ဖြစ်သည့်အတွက် လူမှုရေး မင်းသား/မင်းသမီးများ ပေါ်ထွက်လာရန် ရည်ရွယ်ကြောင်း၊ ထပ်မံ၍ သရုပ်ဆောင် သင်တန်း ပြီးဆုံးပါက ဒါရိုက်တာ သင်တန်းကို ဆက်လက်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ဦးကျော်သူမှ ပြောကြားသွားခဲ့သည်။

မျိုးဆက်သစ် ရွက်ပုန်းသီးများ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ငန်းများ ပေးဆပ်ထမ်းဆောင်နေရာတွင် နာရေး၊ ဆေးကူညီမှု၊ ပညာရေး၊ စာကြည့်တိုက်၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း စသဖြင့် သင်တန်းများကို အခမဲ့ ပို့ချလျှက်ရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူမှုရေးသမားများကို ဖော်ထုတ် မွေးထုတ်ပေးလျှက် ရှိသည်။ ထိုသို့ မွေးထုတ်ပေးလျှက်ရှိရာတွင် ယခုဆိုလျှင် အလှူရှင်များ (ပြည်တွင်းပြည်ပ) အတွက် အသင်း၏လုပ်ဆောင်ချက်များ၊ အများပြည်သူအပေါ် ကူညီပံ့ပိုး ထမ်းဆောင်ပေးမှုများ၊ အများပြည်သူတို့၏ အလှူငွေတို့ဖြင့် အများပြည်သူအတွက် ပေးဆပ်မှုများ၊ ပညာဒါနပေးမှုများ စသဖြင့် ပါဝင်သော အသင်း၏ပေးဆပ်မှု DVD အခွေများတွင် နောက်ခံ သီချင်း အဖြစ် ထည့်သွင်းရန် စေတနာဖြင့် ဂီတပညာရှင်များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက်၎င်း၊ အများပြည်သူအတွက်၎င်း ရေးသားသီဆို တီးခတ် အသံသွင်းပေးမှုများတွင်လည်း နာမည်ကြီး ဂီတ ပညာရှင်များ၊ တက်သစ်စ ဂီတပညာရှင်များ ပါဝင်ကြသလို မျိုးဆက်သစ် ဂီတဝါသနာရှင်များပါ ပါဝင်ကုသိုလ်ယူ သီဆိုကာ ပေးဆပ်ကြသည်။

“ဗြဟ္မစိုရ်နှလုံးသားနဲ့ လက်တွေဟာ ဗြဟ္မစိုရ်နှလုံးသားနဲ့ လက်တွေပါ xxx သောကကြားမှာ ဒုက္ခမပွေစေဖို့ ကူညီလို့ ပေးဆပ်ကာ ဖေးမကူမည် xxx မွေးကတည်းက နောက်ဆုံး ခရီးတိုင်ဆီ မျက်ရည်ခင်း နှုတ်ဆက် ခရီးတိုင်ဆီ … မျက်ရည်ခင်း နောက်ဆုံး ခရီးတိုင်ဆီ”
အထက်ပါ သီချင်းစာသားကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားတဦး ဖြစ်သည့် ကိုပေါက်(နန္ဒဝန်)က ရေးစပ်ပြီး အဆိုပိုင်းအား ကိုပိစိ မှ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “မျက်ရည်သုတ်မယ့်လက်များ” အမည်ရှိ တေးသီချင်းတပုဒ်မှ စာသားတချို့ ဖြစ်သည်။
“သူ့ရဲ့ဘဝဟာ အများအကျိုးအတွက်ဆို … ရှိသမျှ အားလုံးစွန့်လွှတ်မယ့်လူမျိုး … ရုပ်ဝတ္ထုတွေ မစွဲလန်း
တော့ပါ xxx ပေးဆပ်ခြင်းနဲ့ အသက်ဆက်ရှင်ဖို့ … ငွေဂုဏ်တွေလည်း သူမသိတော့ပါ … အဆောင်
အယောင်တွေလည်း သူမရှိတော့ပါ”

အထက်ပါ သီချင်းစာသားကတော့ တေးရေး – သားထွေး ရေးစပ်ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသား ကိုကိုဦး၏ ဇနီးဖြစ်သူ ထက်ထက်စိုး (OTL)က နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ပေးဆပ်သူများ (၂)” အမည်ရှိ တေးသီချင်းတပုဒ်မှ စာသားတချို့ ဖြစ်သည်။
“ပန်းများပွင့်တော့ လိုက်ကောက်ခဲ့သူ … သူဟာအရာရာတိုင်းကို အနစ်နာခံရင်း … နှစ်သိမ့်တတ်သူ လူသားတစ်ဦးရယ်ပါ xxx ဗြဟ္မစိုရ်တရားများသာ သူရင်ထဲမှာ ရှင်သန်ရင်း … ပန်းတွေ မကြွေဖို့ တောင်းဆုမပြည့်တောင် အမြဲတမ်းရပ်တည်ကာ အကောင်းဆုံးရပ်တည်ကာ”

အထက်ပါ သီချင်းစာသားကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားတဦး ဖြစ်သည့် ကိုကိုဦးက ရေးစပ်ပြီး အဆိုပိုင်းကိုလည်း နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသူ စောဉ္ဇာစိုးက နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ပန်းကောက်သူ” အမည်ရှိ တေးသီချင်းတပုဒ်မှ စာသားတချို့ ဖြစ်သည်။
ထိုကဲ့သို့ ဂီတကို ဝါသနာပါသော လူမှုရေးသမားများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ စေတနာရှေ့ထား၍ အခွင့်အရေး ကြုံကြိုက်ပါက ကျွမ်းကျင်သော ဂီတပညာရှင်တို့နှင့် ပူးပေါင်း၍ ဖော်ထုတ်ပေးလျှက် ရှိသည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုကဏ္ဍတရပ် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား – ဦးကိုကိုဦးနှင့် ဇနီးဖြစ်သူ မထက်ထက်စိုး (OTL)၊ အသင်းသူ – မစောသဉ္ဇာစိုးတို့အား တတ်ကျွမ်းသော ဂီတပညာရှင်များ၏ ဖေးမမှု၊ လက်တွဲ ခေါ်ယူပေးမှုတို့ဖြင့်၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပံ့ပိုးမှုတို့ဖြင့်၎င်း၊ ဥက္ကဋ္ဌ ဦးကျော်သူ၏ အားပေးမှုတို့ဖြင့်၎င်း လူမှုရေးဂီတ ရွက်ပုန်းသီးများကို မွေးထုတ်ပေးလျှက် ရှိသည်။

မေတ္တာဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး ကူညီကြသော ဂီတပညာရှင်များအားလုံး အားလုံးတို့အား အများပြည်သူကိုယ်စား၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင် ထားရှိပါကြောင်း . . . . ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts