>Variety of News & Opinion on 2010 Junta’s Election

>

မဲပုံးလို့ သူတို့ပြောတဲ့ အမှိုက်ပုံးတွေကို တိုင်းနှင့်ပြည်နယ် မဲဆန္ဒနယ်တွေကို ပို့နေပြီ နဲ့ မြင်ကြားသမျှ
ဘားမားပါပါရာဇီ
စက်တင်ဘာ ၁ဝ၊ ၂၀၁၀
၂၀၁၀ ၊ နိုဝင်ဘာ ၇ ရက်နေ့မှာ နအဖစစ်အစိုးရက လုပ်မယ့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပြားထည့်ရန် အတွက် မဲပုံးတွေကို တိုင်းနှင့်ပြည်နယ် မဲဆန္ဒနယ်တွေကို ပို့နေပြီလို့ သိရပါတယ်။ မြန်မာ တပြည်လုံးမှာရှိတဲ့ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင်လည်း မဲထည့်ခြင်းနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေ၊ သင်တန်းတွေကိုလည်း နအဖစစ်အစိုးရက အတင်းအကြပ် ပြုလုပ် စေခိုင်းနေကြောင်း သိရပါတယ်။
ရန်ကုန်မြို့တော်ဝန် (စစ်အရေခွံလဲ) အောင်သိန်းလင်း ကလည်း နာရေးကူညီမှုအသင်းတွေကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ အတင်းအကြပ် ဖွဲ့စည်းခိုင်းနေကြောင်း၊ ယင်းအသင်းများ တည်ဆောက်ဖို့ မြေနေရာများကိုလည်း နအဖစစ်အစိုးရမှ မြေကွက်နေရာများ အလကား ချပေးနေကြောင်း၊ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းကိုယ်တိုင် ၄င်း၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နာရေးကူညီမှုအသင်း ရုံးချုပ်ကို တည်ထောင်မည် ဖြစ်ကြောင်း၊ လက်ရှိ အောင်မြင်နေသော စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ စတင် တည်ထောင်ပေးခဲ့သော ယခု ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ဦးကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ယှဉ်ပြိုင်၍ ရန်ကုန်မြို့သူ၊ မြို့သားများ၏ ဆန္ဒမဲ ကို ရအောင်ယူမည်ဟု ကြွေးကြော်နေကြောင်း သတင်းရရှိပါသည်။
နောက်ဆက်တွဲ သတင်းအနေဖြင့် ကြားသိရသည်မှာ စာပေပညာရှင်၊ စာအုပ်ထုတ်ဝေသူ၊ သုတစွယ်စုံ စာအုပ်ကို ထုတ်ဝေရေးသားနေသော ဒေါက်တာတင်ထွန်းဦးက ကြံ့ဖွံ့ပါတီကနေ၊ ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ် အဖြစ် ၀င်ရောက် အရွေးခံမယ်လို့ သိရပါတယ်။ ဒေါက်တာတင်ထွန်းဦးသည် ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည့် ဖွံ့ဖြိုးရေး ဗဟုသုတစာပေ များစွာကို ရေးသားခဲ့သော စာပေပညာရှင်တဦး ဖြစ်ပါတယ်။ သို့သော် ထိုစာပေပညာရှင်ကြီးကို ၄င်း၏ စာပေပရိတ်သတ်က ထူးချွန် ထက်မြက်သော ပညာရှင်တယောက်အဖြစ် ယုံကြည်ထားခဲ့ကြရာ ယခုမူ အထင် နှင့် အမြင် တက်တက်စင်အောင် လွဲချော်သွားခဲ့ပါသည်။ ယခုကဲ့သို့ စာတတ်၊ ပေတတ် ပညာရှင်ကြီးပင် နအဖ စစ်အစိုးရ၏ ခါးပိုက်ဆောင်တပ်ဖြစ်သော ကြံ့ဖွံ့ပါတီအတွင်းသို့ မည်သို့ မည်ပုံ ရောက်ရှိသွားပါသလဲ ဟု ပြည်သူအများက စဉ်းစားရ အလွန်ကြပ်သွားပါသည်။ အများ လက်ခံ ယုံကြည်ထားခဲ့သော စာပေပညာရှင် ဒေါက်တာတင်ထွန်းဦးက ပြည်တွင်းမှ ထုတ်ဝေသော ဂျာနယ်တခုသို့ အင်တာဗျူးဖြေကြားခဲ့ပုံလေးကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
မေး။        ။ ၂၀၁၀ မတ်လ ၈ ရက်မှာ ရွေးကောက်ပွဲဥပဒေများ ထွက်လာပါတယ်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ရွေးချယ်ပွဲက မေလ ၁၆ ရက် နဲ့ ၁၇ ရက်မှာ လုပ်ခဲ့ပါတယ်။ စာပေနှင့် စာနယ်ဇင်းမှာ ဒေါက်တာတင်ထွန်းဦး ၀င် အရွေးခံခဲ့တယ် ဆိုတော့ စာနယ်ဇင်းရွေးပွဲအချိန်ထိ နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးမရှိခဲ့ဘူး ထင်တယ်။
ဒေါက်တာတင်ထွန်းဦး။          ။အဲ့ဒီ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှာ ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ မေလ လောက်တုန်းက နိုင်ငံရေးနယ်ပယ်ကို ၀င်ရောက်ဖို့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။
အဲသည်လို အထက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။ ဒီလို ပညာတတ်၊ စာတတ်၊ ပေတတ်ပုဂ္ဂိုလ်တယောက်အနေနဲ့ အမျှော်အမြင်ရှေ့ကို စဉ်းစားဆုံးဖြတ်တဲ့ အသိဥာဏ်ပညာတွေဟာ ဘယ်ဝယ် ဘယ်ဆီ ရောက်သွားပါသလဲ ဒေါက်တာရယ်လို့ မေးလိုက်ချင်ပါတယ်။
ဒီလို စာတတ်၊ ပေတတ်၊ ပညာရှင်တွေက အမှန်တရားကို မသိချင်ယောင်ဆောင်၊ ဂုဏ် ငွေ စည်းစိမ် ရာထူးအတွက် တပ်မက်စွာနဲ့ နအဖ စစ်အစိုးရ ခိုင်းသမျှကို ခေါင်းညိမ့် ကျွန်ခံနေမယ် ဆိုရင်၊ ဒီလိုလူတွေ ဦးဆောင်မဲ့ မြန်မာပြည်ရဲ့ အနာဂတ်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေသည် တိုးတက်လာစရာ မရှိသည့်အပြင် ဆုတ်ယုတ်သထက် ဆုတ်ယုတ်သွားမှာ သေချာနေပါကြောင်း၊ ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးများနှင့် လက်ရှိ ၀င်အရွေးခံမယ့် ပါတီတွေကို ပြည်သူတွေအနေနဲ့ ယုံကြည်သင့်ပါသလား၊ ဆန္ဒမဲပေးသင့်ပါသလား ဆိုတာကို အသေအချာ စဉ်းစား ဆုံးဖြတ်တော်မူကြပါခင်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts