>No More Visa Extension for Non-Burmese Nargis Volunteers in Burma

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နာဂစ် ကယ်ဆယ်ကူညီရေး လုပ်ကိုင်နေသည့် နိုင်ငံခြားသား အားလုံး ဗီဇာသက်တမ်း ထပ်တိုးမပေးတော့
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၅၊ ၂၀၁၀
2008 ခုနှစ် မေလ ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားပြီးနောက် ကယ်ဆယ် အကူအညီပေးရေး အစီအစဉ်ဖြင့် ၀င်ရောက်လာပြီး နေထိုင်လုပ်ကိုင်လျက် ရှိသည့် နိုင်ငံခြားသား ကျွမ်ကျင်သူ (expatriates) ၈၀ ၀န်းကျင်ဗီဇာသက်တမ်း တိုးခွင့်မရပဲရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံပြင်ပသို့ ထွက်ခွာသွားကြရမည့် အခြေအနေဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းတဦးကပြောပါတယ်။
          နာဂစ် ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ TCG, Tripartite Core Group ခေါ် သုံးပွင့်ဆိုင် အကူအညီပေးရေး အဖွဲ့နှင့် မြန်မာနိုင်ငံ စစ်အစိုးရ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန နှစ်နှစ်တာသဘောတူညီချက် ဇူလိုင်လကုန်မှာ သက်တမ်းကုန်ပြီးနောက် မြန်မာစစ်အစိုးရဘက်က နာဂစ်ဒဏ်ခံ ဒေသနှင့်သက်ဆိုင်တဲ့ ဘယ်လို သဘောတူညီချက် အသစ်မှ ထပ်ပြီး မလုပ်တော့ပဲ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အန်ဂျီအိုများမှ နိုင်ငံခြားသား ကျွမ်းကျင်သူများ၏ ဗီဇာသက်တမ်းတိုးပေးတာကိုပါ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
          ကုလသမဂ္ဂရဲ့ IRIN လို့ အမည်ရတဲ့ သတင်းပြန်ကြားရေး ၀က်ဆိုက်မှာတော့ ဗီဇာသက်တမ်း တိုးမပေးတော့တဲ့ အရေအတွက်ကို ၉၀ ကျော်ရှိတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့မှာ ဖေါ်ပြထားပါတယ်။ အဆိုပါ သတင်းဖေါ်ပြချက် အရဆိုရင် သြဂုတ်လ ၁၆ ရက်နေ့မှာ လူမှုဝန်ထမ်း ၀န်ကြီးဌါနက ဗီဇာသက်တမ်းတိုးမပေးတော့မယ့် အကြောင်းကို အိုင်အန်ဂျီအိုတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းကို ပြောခဲ့တယ် လို့သိရပါတယ်။ နာဂစ်ဒဏ်ခံဒေသရဲ့ အခက်အခဲတွေဟာ ပြန်လည်ထူထောင်ရေး ၊ အကူအညီပေးရေး ဆိုတဲ့ ကိစ္စမဟုတ်တော့ပဲ ဖွံ့ဖြိုးရေး ကိစ္စရပ်ပဲ ဖြစ်တော့တယ်လို့လည်း မြန်မာစစ်အစိုးရဘက်က ပြောဆိုတယ်လို့ လည်းအဲဒီ သတင်းမှာဖေါ်ပြထားပါတယ်။
          အခုလို နိုင်ငံခြားသား ကျွမ်းကျင်သူတွေရဲ့ ဗီဇာသက်တမ်း မတိုးပေးတဲ့အဖြစ်ကြောင့် နာဂစ် ဒဏ်ခံ ဒေသမှာ လက်ရှိလုပ်ကိုင်နေဆဲ ပြန်လည်ထူထောင်ရေးနဲ့  အလုပ်အကိုင်ကူညီရေး စီမံချက်တွေ အတွက် အခက်အခဲနဲ့ ကြုံနေရတယ်လို့ နိုင်ငံတကာအန်ဂျီအိုမှ ၀န်ထမ်းတွေက ပြောဆိုပါတယ်။ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို နအဖ စစ်အစိုးရက စီစဉ်ကျင်းပတဲ့ ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်းမှာ ရှိမနေစေချင်တာက ယခုဗီဇာ သက်တမ်းတိုးမပေးတာရဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ နိုင်ငံတကာအန်ဂျီအိုများနဲ့ နိုင်ငံရေး အကဲခတ်သူများက ယုံကြည်နေကြပါတယ်။
          မြန်မာ စစ်အစိုးရက နာဂစ်ဒဏ်ခံစားရတဲ့ ဒေသတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ပြီးဆုံးပြီလို့ ပြောဆိုပေမယ့်လည်း သီးခြားလွတ်လပ်စွာ ကောက်ယူတဲ့ စစ်တမ်းတွေနဲ့ လက်တွေ့လုပ်ကိုင်နေတဲ့ ကူညီရေး အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရဆိုရင် နကိုလူနေမှု ဘ၀၊ အသက်မွေးဝမ်းကျောင်းမှု အနေအထားကို မရောက်သေးဘူးလို့ ဖေါ်ပြထားကြပါတယ်။
          မြန်မာစစ်အစိုးရဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်ကျင်းပတဲ့ ယခု ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိသလား ဆိုတာကို  ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကိုမှ လာရောက် လေ့လာခွင့် မပြုပါဘူး။ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့က ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့စေလွှတ်ဖို့ ကမ်းလှမ်းပေမယ့် စစ်အစိုးရက ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီးပါပြီ။ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံတကာ အန်ဂျီအိုမှ နိုင်ငံခြားသားတွေကိုလည်း ရွေးကောက်ပွဲ မဲပေးရာမှာ လွတ်လပ်မှုမရှိမယ့် အဖြစ်အပျက်များနဲ့ တခြား သောခြိမ်းခြောက်မှုတွေ မြင်တွေ့ပြီး ဝေဘန်ပြောဆိုမှာကို စစ်အစိုးရက စိုးရိမ်နေတယ်လို့ အကဲခတ်သူတွေက ကောက်ချက်ချပါတယ်။
          ယခုလောလောဆယ်မှာပဲ အစိုးရကို ကိုယ်စားပြုတဲ့ ကြံ့ဖွံ့ပါတီကလွဲပြီး အခြားနိုင်ငံရေး ပါတီတွေ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတင်တဲ့ ကိစ္စရပ်တွမှာ အချိန်မလုံလောက်မှု၊ ငွေကြေးမလုံလောက်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါတီတွေက ထုတ်ဖေါ်ပြောဆိုချက်အရ သိရှိရပါတယ်။ 
(ဓာတ်ပုံ – မိုးမခ၊ နာဂစ်ဒုက္ခသည်များအတွက် ကူညီရေးစခန်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts