>No Change in Burma, Short of Burmese Small Currency Notes in Daily Trades – Than Soe Hlaing

>

အမြတ်ရှိမှ ငွေရိုက်ထုတ်တဲ့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြွေပြဿနာ
သန်းစိုးလှိုင်
စက်တင်ဘာ ၅၊ ၂၀၁၀
“တာမွေဈေးနှစ်ယောက်”
“အကြွေ တစ်ရာပါလား၊” “မပါဘူး” “အဲလိုဆို တစ်ရာ နောက်မှယူ”
မမြင့်မြင့်အေးနဲ့ သူ့အဖေါ်တို့ ၃၉ အထူးကားစီးရာမှာ ၂ ယောက်စာ ကားခ ၅ ရာကျပ်တန်ပေးလိုက်တဲ့အခါ စပယ်ယာ ဖြစ်သူက ထုံးစံအတိုင်း စီးနင်းသူထံမှ တစ်ရာတန်ကို ထပ်တောင်းပါတယ်။ ကိုယ့်မှာလည်း ပေးစရာမရှိတဲ့အခါမှာ ပြန်အမ်းရမယ့် တစ်ရာကျပ်ကို ကားစပယ်ယာက အဆင်ပြေတဲ့အခါမှ အမ်းပါတော့တယ်။ တောင်းဖို့မေ့သွားတဲ့အခါမျိုး ၊ စပယ်ယာကလည်း သူ့အသိတရားနဲ့ သူပြန်မအမ်းတဲ့ အခါမျိုးမှာ  စီးနင်းသူမှာ ပြန်အမ်းငွေ ရှုံးသွားတဲ့ အဖြစ်က ဘတ်စကားခရီးသည်တွေအတွက် ကြုံနေကျ အဖြစ်ပါ။
တခါတခါမှာ ကိုယ်က ၅၀ ကျပ်တန်ခရီးကို ရာတန်ပေးလိုက်တဲ့အခါ ပြန်အမ်းစရာ မရှိတဲ့အခါ တစ်ရာကျပ်လုံး ပေးလိုက်ရတာလည်း မကြာခဏပါ။ ၅၀ ကျပ်ခရီးကို အကြွေမပါရင် ၁၀၀ ပဲလို့အော်ပြီး ၁၀၀ လုံးယူတဲ့ ကားစပယ်ယာလည်း မရှားလှပါ။ ဒီအဖြစ်အပျက်တွေဟာ  ကားစပယ်ယာနဲ့ ခရီးသည်တွေ အကြားနေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်တွေပါ။
ဘတ်စ်ကားစီးသလိုပဲ ဟင်းသီးဟင်းရွက် ၀ယ်ရာမှာလည်း ကျပ် ၅၀ ဖိုးအမ်းစရာမရှိလို့ ဈေးသည်က ရောင်းတဲ့ ပစ္စည်းတွေကို အနည်းဆုံး ကျပ် ၁၀၀ သတ်မှတ်ထားပါတယ်။ ဒါတင်မကသေး ကျပ် ၁၀၀ ဖိုးဝယ်ဦးတော့ ၅ ရာတန်ကို ပြန်အမ်းစရာ ၄၀၀ မရှိရင် နောက်ဟိုအရွက် ၁၀၀ ဖိုးယူသွားပါလား၊ သခွါးသီး ထပ်ဖြည့်သွားပါလား စတဲ့နည်းနဲ့ ပြေလည်အောင် တခြားဟာဝယ်ဖို့ ထပ်တိုက်တွန်းကြပါတယ်။
ဆူပါမားကက်လို့ ဆိုတဲ့ စိန်ဂေဟာလို ဂမုန်းပွင့်လို နေရာတွေမှာလည်း ၅၀ ကျပ်တန်သာမက ၁၀၀ တန်၊ ၂၀၀ တန်တွေလည်း လုံလုံလောက်လောက် ပြန်အမ်းဖို့မရှိလို့ ကူပွန် အမ်းတဲ့ဆိုင်ကအမ်း၊ သကြားလုံး၊ အိတ်ဆောင် တစ်ရှုး စက္ကူအမ်းသူကအမ်းနဲ့ ဈေးတစ်ခါဝယ်လိုက်ရင် တစ်ရှုးစက္ကူ၊ သကြားလုံး၊ ကူပွန်တွေ ပြန်ရလာကြတဲ့ အဖြစ်တွေလည်း မြန်မာနိုင်ငံမှာ နေသူတွေ အတွက်ရိုးလာနေပါပြီ။
နောက်ဆုံး ပြောရရင် အင်တာနက်ဆိုင်မှာ အင်တာနက် သုံးပြီး ကျပ် ၃၀၀ ပေးရင်အမ်းစရာ ရှိပေမယ့် ၄၀၀ ကျသင့်ရင် ပြန်အမ်းစရာ ကျပ် ၁၀၀ တန်မရှိကြပါဘူး။ ကျပ် တစ်ရာအတွက် ကော်ဖီမစ်တထုပ် ဒါမှမဟုတ် တစ်ရှုးလို့ မြန်မာနိုင်ငံမှာ ခေါ်တဲ့ လက်သုတ် ၊ မျက်နှာသုတ် စက္ကူထုပ်လေးတွေ အမ်းတဲ့ အထိပါပဲ။
ဈေးဝယ်ရာမှာ အမ်းစရာ အကြွေမရှိတဲ့အဖြစ်ကြုံရင် ပစ္စည်းကိုပြန်ပေးပြီး အခြားဆိုင်ကမှာ သွားဝယ်နိုင်ပေမယ့်  ဘတ်စ်ကားစီးရာမှာတော့ ရွေးစရာ အခြားကားပြောင်းစီးဖို့ရာ အဆင်မပြေကြလို့ မကြာခဏ စကားများကြ ရန်ဖြစ်ကြရတာလည်း ဒီကြွေပြဿနာကြောင့်ပါ။
စစ်အစိုးရကတော့ အစိုးရဘဏ်တွေမှာ လူတယောက်ကို ၁ထောင်ဖိုး ၂ ထောင်ဖိုးလဲပေးနေပါတယ်၊ ဘတ်စ်ကားလိုင်းတွေကို ကွပ်ကဲတဲ့ မထသ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ကို တလမှာ အကြွေငွေစက္ကူ ကျပ်သိန်း ၄၀၀ ဖိုးလဲလှယ်ပေးထားတယ်လို့ ပြောပေမယ့် တကယ်တန်း သုံးစွဲသူတွေလက်ထဲမှာ ငွေ အကြွေတွေဟာ ကြာလေရှားလာလေ ဖြစ်နေပါတယ်။ လက်တွေ့မှာ စစ်အစိုးရရဲ့ ဘဏ်တွေက ဘဏ်ကို ၀င်လာတဲ့ အကြွေငွေစက္ကူ အဟောင်းတွေကို သိမ်းလိုက်ပြီး အစားပြန် မရိုက်ထုတ်တာကြောင့် အခုလို လှည့်ပတ်သုံးစွဲတဲ့ အကြွေပမာဏ နည်းပါးသွားရတာ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းတချက်
အထက်မှာဖေါ်ပြခဲ့သလိုပဲ ဈေးရောင်းသူတွေက အကြွေအမ်းစရာ မရှိလို့ ရောင်းမယ့် ပစ္စည်းတွေကို ဈေးသတ်မှတ်ရာမှာ အမ်းရလွယ်ကူမယ့် နှုန်းကိုသတ်မှတ်ကြရတာပါ။ ၅၅၀ ရောင်းချင်ပေမယ့် အမ်းစရာ ခက်ခဲမှာ စိုးလို့ ၆၀၀ လို့သတ်မှတ်လိုက်ရတာ။ ၃၅၀ နဲ့ရောင်းနိုင်ပေမယ့် ၅၀ တန် အခက်အခဲကြောင့် ၄၀၀ သတ်မှတ်ရတဲ့ အဖြစ်တွေရှိတာကို  ဈေးရောင်းသူတွေ ပြောပြကြပါတယ်။
ရန်ကုန်မြို့လယ် လမ်းဘေး ဂျာနယ်ရောင်းသူ တဦးက “ဂျာနယ်ရောင်းရာမှာလည်း ၅၀ တန်တဲ့ဟာကို တစ်ရာ၊ တစ်ရာတန်တဲ့ဟာကို ၂ ရာရောင်းရတယ်။ ဘာလို့ဆို အကြွေအမ်းဖို့မလွယ်လို့၊ အဲလိုလုပ်တာဟာ တဦးနှစ်ဦးမှာ မသိသာပေမယ့် လူအများနဲ့ဆို ကုန်ဈေးနှုန်းတက်တဲ့ သဘောဖြစ်သွားတာပေါ့။ ကျွန်တော်တို့လည်း တင်မရောင်းချင်ဘူး။ ဒါပေမယ့် အမ်းစရာလည်းမရှိတော့ အဲလိုဖြစ်နေတာပါ။ ”လို့သူက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာပဲ ဖြစ်ဖြစ်၊ တရုတ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ကုန်ပစ္စည်းတွေ ဈေးနှုန်းသတ်မှတ်တဲ့အခါ တစ်ဘတ် နှစ်ဘတ်မဆိုထားနဲ့ ၅ဘတ်နဲ့ ၇၅ ဆင့်လိုမျိုးကို ၀ယ်တဲ့အခါမှာတောင် ၀ယ်ယူတဲ့သူကို ၂၅ ဆင့်တိတိကျကျကို ပြန်အမ်းနိုင်ပါတယ်။ ထိုင်း တစ်ဘတ်က ကျပ်ငွေ ၃၀ နဲ့ညီမျှတာမို့လို့ မြန်မာပြည်မှာ ၅၀ တန်ရှားနေပေမယ့် ထိုင်းနိုင်ငံမှာ တစ်ဘတ်စေ့လည်း မရှားသလို သူ့ထက်ငယ်တဲ့ တစ်မတ်၊ ငါးမူးလို ပမာဏတောင် လိုသလောက် အမ်းပေးနိုင်တဲ့ အနေအထားတွေ့ရပါတယ်။
အစိုးရတရပ်အနေနဲ့ ငွေကြေးရိုက်ထုတ်တာ၊ သွန်းထုတ်တာဟာ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ လူအများ ငွေကြေးလှည့်ပတ် သုံးစွဲရာမှာ အဆင်ပြေဖို့ လုံလောက်ဖို့ အတွက်ရိုက်ထုတ် သွန်းလုပ်နေကြတာပါ။  အငွေအကြွေစေ့ တခုကို သွန်းလုပ်တဲ့အခါ အရင်းနဲ့ အမြတ်တွက်နေရင် လူထု အကျိုးကိုကြည့်တဲ့ အစိုးရလို့ ခေါ်ဆိုဖို့ မဖြစ်နိုင်တော့ပါဘူး။
မြန်မာနိုင်ငံမှာ ငွေဖောင်းပွလာရတာဟာ ငွေစက္ကူရိုက်ထုတ်လို့ ဖြစ်တယ်လို့ဆိုရင် အခြား စားသောက်ကုန်တွေ၊ နေ့စဉ်ဝယ်ယူသုံးစွဲနေရတဲ့ တိုလီမိုလီ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်ရတဲ့ အချက်များထဲမှာ ငွေအကြွေတွေ ထုတ်လုပ်မှုနည်းပါးတဲ့ အချက်လည်း ပါဝင်ပါလိမ့်မယ်။ အထက်မှာ ဖေါ်ပြခဲ့သလိုပဲ ဈေးသည်တွေ၊ ၀န်ဆောင်မှုလုပ်ကိုင်သူတွေက ငွေအကြွေပြဿနာကြောင့် ဈေးနှုန်းတွေကို မြှင့်ပြီး သတ်မှတ်ကြရတာ တွေ့နေမြင်နေကြရပါတယ်။
စစ်အစိုးရက ငွေအကြွေလုံလောက်အောင် မထုတ်တာရယ် လက်ရှိသုံးစွဲနေတဲ့ ငွေအကြွေတွေရဲ့ အခြေအနေဟာ တော်တော့်ကို စုတ်ပြတ်နေတာကလည်း နေ့စဉ်မြင်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ပါ။ ရန်ကုန်နဲ့ ဝေးတဲ့ ပြည်နယ်တိုင်းအချို့မှာ ငွေစက္ကူ အကြွေတွေကို ပလပ်စတစ် အိတ်ပါးထဲ ထည့်သွင်းပြီး သုံးနေကြတာပါ။ ရခိုင်ကမ်းရိုးတန်းမြို့တွေ၊ တနင်္သာရီကမ်းရိုးတန်းမြို့တွေက စလိုက်တာ အခုဆို အခြားသော မြို့တွေဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်၊ ဖားအံတို့လိုမြို့တွေ အထိရောက်လာနေပါပြီ။ ငွေစက္ကူ ကိုပလပ်စတစ်အိတ်ထဲ ထည့်ရာမှာ ခေါက်ချိုးချိုးထားတာမို့လို့ တချို့နယ်မှာ တခြမ်းပဲ ပါတဲ့အဖြစ်မျိုးလည်း ရှိတယ် လို့ဒေသခံတွေက ပြောပါတယ်။ ကားစပယ်ယာ တဦးက တစ်ရာကျပ်တန်ကို တခြမ်းဆုတ်ထားပြီး ပလပ်စတစ်အိတ်နဲ့ ထည့်ထားတာကို အမှတ်တမဲ့ယူလိုက်ပြီးမှ နောက်မှ တခြမ်းပဲပါတဲ့ အဖြစ်ကို သိရပါတယ်တဲ့။
ငွေအကြွေစက္ကူတွေကို စက္ကူနဲ့ ထည့်သွင်းသုံးစွဲကြတဲ့ နိုင်ငံ အခုအချိန်ထိ မတွေ့မိသေးပါဘူး။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ငွေစက္ကူတွေ ထပ်ပြီး စုတ်ပြတ်ကုန်မှာ စိုးရိမ်လို့ အစိုးရက မပူပင်ပေမယ့် သုံးစွဲသူတွေက ပူပင်ကြီးစွာနဲ့ ပလပ်စတစ်အိတ်နဲ့ ထည့်သွင်းကြတာပါ။
ငွေအကြွေအတွက်နဲ့ လူတွေ စိတ်ညစ်ကြရ၊ စကားများကြရ ၊ ဆူပါမားကက်လို စတိုးဆိုင်တွေကျတော့လည်း ငွေပိုပေးပြီးလဲလှယ်ကြရနဲ့ ဒါဟာ အစိုးရက လူတွေကို ဒုက္ခတောထဲ ကျင်လည်နေရအောင် တမင်တကာများ ရည်ရွယ်လုပ်ဆောင်ထားသလားလို့ တွေးမိပါတော့တယ်။ တကယ်တော့ မြန်မာပြည်ဆိုတာ ပြဿနာတွေကို တည့်တည့်တွေး တည့်တည့်ဖြေရှင်းလို့ ရတဲ့တိုင်းပြည်တပြည်မှ မဟုတ်ပဲလေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts