တူမောင်ညို

ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများဆိုသည်မှာ အဘယ်နည်း

တူမောင်ညို
ဇွန် ၁၈၊ ၂၀၁၂
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုများအပေါ်မူတည်ပြီး ထင်မြင်ယူဆချက်မျိုးစုံ ထုတ်ဖေါ်ပြောဆိုနေကြသော်လည်း ဦး သိန်းစိန်အစိုးရက သူတို့သဘောထားနဲ့အမြင်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

သို့သော်လည်း သမ္မတဦးသိန်းစိန်ကတော့ အခုလို ခြေဆင်းပျိုးထားပါပြီ။

“ …. ယခုလတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များသည် ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများကို အ ခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ….”

“ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများ” ဆိုသည်မှာအဘယ်နည်း။

စုံစမ်းစစ်ဆေးရေးကော်မတီက “ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများ” ကို စုံစမ်းဖော်ထုတ်မှာလား။

“ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများ” ဆိုတာ ဗြိတိသျှကိုလိုနီအမွေဆိုးလား။

ကိုလိုနီဆိုးမွေကို ဆက်ခံခဲ့ကြတဲ့(ဖဆပလ)၊ (မဆလ)၊ (နဝတ-နအဖ)အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့မှားယွင်းတဲ့မူ၊ ပေါ်လစီနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်စီမံကွပ်ကဲမှုတွေလား။ (ဖဆပလ) (မဆလ) (နဝတ-နအဖ) အုပ်စိုးသူ အစိုးရအဆက်က (မဲရရေးအတွက်) အမြင်တိုတိုဆောင်ရွက် ခဲ့သည်များကို ရည်ညွန်းလေသလား။ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာပေါ်လာတဲ့ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာ နချုပ် (နစက) တွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေလား။

တကယ်တော့ “မေ၂၈ ရက်နေ့ မုဒိန်းကျင့်၊ လူသတ်၊ လုယက်မှု” နဲ့ “ဇွန် ၃ ရက်နေ့လူ ၁၀ ဦးသတ်ဖြတ်မှုကြီး” ၂ ခုရဲ့ မူလဇစ်မြစ်ဟာ ရာဇ ဝတ်မှုခင်းသာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရမီဒီယာများ (သတင်းစာ၊ ရေဒီယို၊ တီဗွီ) ရဲ့ မြှောက်ပင့်သွေးထိုးရေးသားမှုတွေကြောင့် ယခုကဲ့သို့ ကြီးများကျယ်ပြန့်တဲ့ အနိဌာရုံဖြစ်ရပ်တွေဖြစ်ပေါ်လာရတာပါ။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များနှင့်ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက “မည်သည့်ဘာသာ၊ မည်သည့်လူမျိုးဖြစ်စေ လက်မခံဘဲ ကျောသားရင်သား၊ မျက်နှာစိမ်း မျက်နှာ ကျက်၊ ကြီးသည်ငယ်သည်မခွဲခြားဘဲ တန်းတူညီတူအပြစ်ပေးမည်” လို့ပြောဆိုထားတဲ့အတွက် “လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့်ဆင်ခြင်တုံတရား”ကို မျက်ကွယ်ပြုပြီး မြှောက်ပင့်သွေးထိုးရေးသားဖော်ပြခဲ့ကြတဲ့ အစိုးရမီဒီယာများ (သတင်းစာ၊ ရေဒီယို၊ တီဗွီ) ကို လည်း ထိထိရောက်ရောက် အပြစ်ပေးအရေးယူဖို့လိုအပ်ပါတယ်။

ယခုတော့ ရာဇဝတ်မှုခင်းကနေ ရခိုင်ပြည်နယ်တစ်ခုလုံးအရေးအပေါ်အခြေအနေကြေညာရတဲ့ ဘဝဆိုက်ရောက်သွားခဲ့ရပြီ။

လူ ၅၀ သေဆုံး၊ (၅၄) ဦးဒဏ်ရာရ၊ အဆောက်အအုံပေါင်း ၂၂၃၀ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၅ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့ ကိစ္စကြီးဖြစ်ပါတယ်။

ဒါဆိုရင် (၆- ၆- ၂၀၁၂) ရက်စွဲနဲ့ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၁၂) ထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးဆောင်တဲ့ “စုံစမ်းစစ်ဆေးရေးကော်မတီ” ရဲ့တာဝန်နဲ့ လုံလောက်ပါဦးမလား။

“စုံစမ်းစစ်ဆေးရေးကော်မတီ” ရဲ့တာဝန်က “ရာဇဝတ်မှုစုံစမ်းဖော်ထုတ်ရေး” သာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ထူးခြားချက်တစ်ခုက အစိုးရသတင်းထုတ်ပြန်ချက်တွေနဲ့ တာဝန်ရှိသူတွေရဲ့ပြောကြား ချက်တွေမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံကိုသော်လည်းကောင်း၊ အခြားအဖွဲ့အစည်းတစ်ခုခုကိုသော်လည်းကောင်း ရည်ညွန်းထုတ်ဖော်ပြောဆိုခြင်းမရှိသေးသည့်အချက်ဖြစ်ပါတယ်။

သို့သော်လည်း တက်ကြွမီဒီယာ (EMG) က “ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီ Jamaat e-Islami” ကို ရည်ညွန်းဖေါ်ပြပါတယ်။

အစိုးရသတင်းစာမှာ ဖမ်းဆီးရမိတဲ့ “အကြမ်းဖက်သမား”၂၂ ဦးနဲ့ သူတို့ကိုင်တဲ့ [အသံပေးကျွဲချို ၁ ချောင်း၊ လေးပေရှည် ငါးမူးသံချောင်း (ထိပ်ချွန်ပြီး) ၇ ချောင်း ၊ အရှည် တစ်ပေခန့်ရှိ ဓါးချွန် ၁ ချောင်း၊ သုံးပေခန့်ရှိ သစ်သားချောင်း ၁၀ ချောင်း၊ လေးပေ အရှည်သံဆူး (ထိပ်ချွန်) နှစ်ချောင်း] “လက်နက်စာရင်း” ကိုဖတ်ရတော့ ခရုခါးတောင်းကျိုက်ဖမ်းနေသလားလို့ အတွေးပွားပြီး ပြုံးမိတယ်။

နိုင်ငံတကာမီဒီယာတွေမှာဖေါ်ပြတဲ့ Terrorist ကို မြန်မာဘာသာနဲ့ “အကြမ်းဖက်သမား” လို့ ဘာသာပြန်ဖေါ်ပြပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ချိန်ခါလီ ကျေးရွာမှာဖမ်းမိတဲ့ “အကြမ်းဖက်သမားများ” ကို (NLM) မှာ (Rioters) လို့သာ ရေးပါတယ်။

ဒါကြောင့် နိုင်ငံတကာမီဒီယာတွေမှာဖေါ်ပြတဲ့ “အကြမ်းဖက်သမား” (Terrorist) နဲ့ “ချိန်ခါလီအကြမ်းဖက်သမား” (Rioter) စာလုံးပေါင်း တာချင်းမတူသလို ကိုင်ဆောင်ကြတဲ့လက်နက်တွေလည်းကွဲပြားပါကလားဆိုတဲ့ ဗဟုသုတရပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ရခိုင်ပြည်နယ်မှာ “ရေနှောက်ပြီး ငါးဖမ်းတာလား” လို့လည်း လေးလေးနက်နက် စဉ်းစားကြည့်မိပါတယ်။

လူမျိုးရေး၊ ဘာသာရေး၊ တန်းတူရည်တူမရှိတဲ့၊ ဒီမိုကရေစီပြည့်ပြည့်ဝဝမရှိတဲ့၊ ပြည်တွင်းစစ်ရှည်ကြာနေတဲ့ တိုင်းပြည်တစ်ခုမှာ ရှုပ်ထွေး နက်နဲတဲ့ နောက်ခံအကြောင်းအရာတွေ အများကြီး၊ အများကြီးရှိနေမှာဖြစ်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရက မကြာခင်ထုတ်ဖေါ်ပြောကြားလာနိုင်တဲ့ “ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများ” ကို သတိကြီး ကြီးထားပြီး လေ့လာသုံးသပ်ကြရလိမ့်မယ်လို့ ယူဆကြောင်း တင်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများဆိုသည်မှာ အဘယ်နည်း
  1.ဲပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသာ တာဝန်ယူတတ်သူတစ်ယောက်ဆိုရင်
    ရာထူးကနေ အမြန်ဆုံး နှုတ်ထွက်သင့်တာပေါ့။

  2. အစိုးရသတင်းစာမှာဖော်ပြတဲ့ အကြမ်းဖက်သူတွေရဲ့လက်နက်တွေ
    စာရင်းတဲ့လား…အမလေး….အလွန်ရီရပါလား..အရပ်ကတို့ရေ…

  3. တကယ်ဆို အစိုးရမီဒီယာရော တမင်ဆန့်ကျင်ရေးသားသူပါ ရီစရာပါ။

Comments are closed.