>Regime’s instrument – Motion Picture Association put restrictions on social activity of Bumrese actors and actresses

>

စစ်အစိုးရ၏ ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်များကို လူမှုရေးကန့်သတ်မှုများပြုလုပ်
မိုးမခအထောက်တော် ၀၀၃
စက်တင်ဘာ ၄၊ ၂၀၁၀
နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဦးဆောင်သူ (ဦး) ကျော်သူက ထုတ်ဖော်ပြောကြားရာမှာ သရုပ်ဆောင်တွေ မိမိအသင်းထံ လာရောက်ပြီး စေတနာဝန်ထမ်း ကူညီမှုတွေကို မလုပ်ကြရန် ရုပ်ရှင်အစည်းအရုံးက ပိတ်ပင်လိုက်တယ်၊ ဒါ့အပြင် နောင် သရုပ်ဆောင်တွေ လူမှုရေးကူညီမှု လုပ်ချင်ရင် ရုပ်ရှင်အစည်းအရုံးထံက ခွင့်ပြုချက်ယူရမယ်လို့ ပြောတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။
မနေ့ကနေ့စွဲနဲ့ အာရ်အက်ဖ်အေရေဒီယို အစီအစဉ်ထုတ်လွှင့်ချက်မှာ အနုပညာရှင် (ဦး) ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)စီစဉ်တဲ့ သရုပ်ဆောင်သင်တန်းကို ကူညီခဲ့သူ ညီဂျော်၊ သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ကို စစ်အစိုးရရဲ့ ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ကိုကျော်သူက အထက်ပါအတိုင်း အမှားပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်)နဲ့ အတူ မြန်မာပြည်တွင်းမှာ စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ အများအပြား ရှိနေပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်မှာ စစ်အစိုးရက သူတို့ရဲ့ စစ်အာဏာရှင်အုတ်မြစ်ချ အခြေခံဥပဒေကို အာရုံစိုက်ပြီး အတင်းအတည်ပြုနေခဲ့လို့ အဆိုပါ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများက ကိုယ်ထူကိုယ်ထနဲ့ နာဂစ်ဒုက္ခသည် သိန်းပေါင်းများစွာကို ကူညီစောင့်ရှောက် ကယ်တင်ခဲ့ရပါတယ်။ ]
အဲသည်တုန်းက လူမှုရေးစေတနာရှင် သရုပ်ဆောင် ကိုဇာဂနာ၊ အယ်ဒီတာ ကိုဇော်သက်ထွေး အပါအ၀င် လူမှုရေးဆောင်ရွက်သူတွေကို စစ်အစိုးရက သူ့ကိုဝေဖန်တယ်ဆိုပြီးတော့ ဖမ်းဆီး ထောင်ချထားခဲ့တာ အခုထက်ထိပါပဲ။ ဒေါက်တာနေ၀င်းနဲ့ ကိုအောင်ကျော်ဆန်းတို့လို နာဂစ်သင့် ပိုင်ရှင်မဲ့အလောင်းများ ကောက်ယူသင်းဂြိုဟ်ပေးနေသူတွေကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ရုပ်ရှင်သရုပ်ဆောင်များ၊ လူကြမ်းသရုပ်ဆောင်များ၊ ကဗျာဆရာ၊ စာရေးဆရာများနဲ့ အနုပညာသည်များ၊ စာနယ်ဇင်းသမားများစွာက နာဂစ်ကူညီရေး ကယ်ဆယ်ရေးတွေ အားတက်သရော လုပ်ခဲ့ကြတယ်၊ ၂၀၀၈ နောက်ပိုင်းမှာ ဆက်လက်ပြီးတော့လည်း မြန်မာတွေရဲ့ စေတနာဝန်ထမ်း ကိုယ်ထူကိုယ်ထ လူမှုရေးနဲ့ ပညာရေးဒါနလုပ်ငန်းတွေဟာ မြန်မာပြည်သူတွေ ကြားထဲမှာ ဆက်လက် ကျယ်ပြန့်လာနေချိန်မှာ စစ်အစိုးရအလိုတော်ရိတွေက ကန့်သတ်ချုပ်ချယ်မှုတွေ၊ တားမြစ်မှုတွေ လုပ်လာတာဟာ အလွန်အကျည်းတန်တဲ့ အမှုဖြစ်တယ်၊ လုပ်ကြံမှုဖြစ်တယ်လို့ မြန်မာပြည်က စာနယ်ဇင်းဆရာကြီးတဦးက မှတ်ချက်ပေးပါတယ်။
ဇာတ်ညွှန်း ငြိမ်းမင်းနဲ့ ဒါရိုက်တာ တင်သန်းဦးတို့ရဲ့ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့် ဇာတ်ကား “အရုဏ်ဦးမှာဖူးသည့်ကြာ” မှာ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အနုပညာသည်တွေ၊ လုပ်ငန်းရှင်တွေ အများအပြားက ပါဝင် သရုပ်ဆောင်ခဲ့ကြ၊ ပံ့ပိုးမှုတွေ ဆောင်ရွက်ခဲ့ကြလို့ ပြည်ပရောက် မြန်မာတွေထဲက ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ စိတ်ဝင်စား အားပေးသူတွေတချို့က ကန့်ကွက် ရှုတ်ချမှုတွေ လုပ်နေကြချိန်မှာ စစ်အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံးကနေပြီး ပြည်တွင်းက သရုပ်ဆောင်တွေအပေါ်မှာ မတရား ဖိနှိပ်တာ၊ စွက်ဖက် ချယ်လှယ်တာတွေ လုပ်လာတာဟာ မတော်တဆ တိုက်ဆိုင်မှုတော့ မဟုတ်ဘူးလို့ ထင်မြင်တယ်လို့ ပြည်တွင်းကမိုးမခရဲ့ ပင်တိုင်စာရေးဆရာတဦးက မှတ်ချက်ပေးပါတယ်။
“အနုပညာ ဆိုတာ ပရိသတ်အပေါ် ဖြော်ဖြေရေးတင်သာမက သြဇာသက်ရောက်တဲ့ လက်နက်တခု၊ ဆေးဝါးတခု ဖြစ်ပါတယ်။ လက်နက်နဲ့ လူသတ်လို့ရသလို လူတွေကို ကာကွယ်လို့ရတယ်။ ဆေးတွေနဲ့ အသက်ကယ်လို့ ရသလို မူးယစ်ဆေးဝါးတွေလို အဆိပ်အတောက်တွေလို ဖြစ်နိုင်တယ်။ လူမှုရေးလုပ်တာ၊ စေတနာ့ဝန်ထမ်းလုပ်တာကို တားမြစ်စရာ မလိုပါဘူး။ စစ်အစိုးရ အလိုကျလိုက်ပြီးတော့ လူတွေကို လမ်းမှားရောက်အောင် အနုပညာတွေ ဖန်တီးထုတ်လုပ်တာ၊ လုပ်ကြံဝါဒဖြန့်မှိုင်းတွေ တိုက်တာဟာ ရှက်စရာ၊ ကြောက်စရာ အမှုဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို အာဏာနဲ့ ဖိနှိပ် ကန့်သတ်တာဟာ၊ တားမြစ်တာဟာ အလွန် တရားဥပဒေမဲ့တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။
“ဘာသာရေးမှာ သီလရှိသလို၊ စာပေမှာ အနုပညာမှာ သီလဆိုတာ ရှိတာပဲဗျာ။ သီလဆိုတာကို ကိုယ့်တရားနဲ့ကိုယ် စောင့်ရှောက်ရတာပဲ။ ဘယ်သူမှလာပြီး အာမဘန္ဒေ ပေးထားမှ မဟုတ်ဘူး။ အမှန်တရားကို လုပ်တာ ပြောတာဟာ အားလုံးရဲ့ သီလပဲ။ ဓားမိုးပြီး ကျနော့်သီလကို ချိုးဖောက်ခိုင်းရင် ဖြစ်တဲ့နည်းနဲ့ သီလကို စောင့်ရှောက်ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့မှာ နိုင်ငံရေးသီလ ရှိလို့ သြဇာကြီးတယ်။ လူတွေက လေးစားချစ်ခင်တယ်၊ ရိုသေတယ်။ ဒီလိုပဲ ကိုကျော်သူ၊ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့မှာ အနုပညာသီလရှိတယ်၊ လူမှုရေးသီလ ရှိတယ်။ မင်းကိုနိုင်တို့၊ ကိုကိုကြီး၊ မနီလာသိန်း စတဲ့ ၈၈ မျိုးဆက်တွေမှာလည် တော်လှန်ရေးသီလ ရှိတယ်။ ဆုံးသွားပြီဖြစ်တဲ့ ဆရာကြီးဦးတင်မိုးတို့၊ ကာတွန်းဦးဖေသိန်းတို့၊ ဆရာကြီး မြသန်းတင့်တို့မှာဆိုရင် အလွန်ကြီးကျယ်မြင့်မြတ်တဲ့ ခမ်းနားတဲ့ စာပေသီလ ရှိတယ်။ ဒါကြောင့် အညံ့ခံတဲ့ အလုပ်တွေ၊ ဒူးထောက်တဲ့ အလုပ်တွေ မလုပ်တာ။ ကိုယ့်သီလနဲ့ကိုယ့်သမိုင်း ရေးတာပဲ။ သီလချိုးဖောက်တဲ့သူတွေဖက်က ရှေ့နေလိုက်နေစရာမလိုပါဘူး။ သီလရှိတဲ့သူတွေဖက်က ရပ်တည်ဖို့၊ နောက်က လိုက်နာဖို့၊ သူတို့ကို ကာကွယ်ပေးကြဖို့ပဲ လိုပါတယ်”
လို့ ရန်ကုန်မြို့က ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ တဦးက မိုးမခကို ပြောပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts