>Maung Lu Yay – Destruction – Not Election

>

ရွေးကောက်ပွဲ မဟုတ်တဲ့ ရွေးကောက်မွဲ
မောင်လူရေး
သြဂုတ် ၂၄၊ ၂၀၁၀
ရွေးကောက်ပွဲဟူသည် ရွေးကောက်မခံရဲသူ ၊ ရွေးကောက်မခံလိုသူ ၊ ကိုယ့်ဘာသာ တင်မြှောက်လိုသူတို့နှင့် ထိုက်တန်သော စကားလုံးမဟုတ် ။
အမြင်ကျဉ်းမြောင်းသူ ၊ သဘောထားသေးသိမ်သူ ၊ မယှဉ်ပြိုင်ဝံ့သူတို့၏ နှုတ်က ထုတ်ဖေါ်ခွင့်ရှိသော စကားလုံး လည်းမဟုတ် ။
ရွေးကောက်ပွဲ ဟူသော စကားလုံးသည် အာဏာရှင်တို့၏ နှုတ်မှ ကျလာမည်ဆိုလျှင် ယင်း၏အဓိပ္ပါယ်သည် ထင်တိုင်းကြဲသည့်ပွဲသာ ဖြစ်ပေလိမ့်မည် ။
သတ္တိမဲ့သူတို့၏ နှုတ်က ထုတ်ပြောမည်ဆိုလျှင် ရွေးကောက်ပွဲဟူသည် တွေးကြောက်ဆဲ ဟူသော အဓိပ္ပါယ်သာ ရှိပေလိမ့်မည် ။
တကယ်တော့ ရွေးကောက်ပွဲဟူသည် ရွေးကောက်ခံရဲသူတို့၏ စင်မြင့်သာဖြစ်၏ ။
လွှတ်တော်ဟူသည်လည်း သူရဲဘောကြောင်သူတို့၏ ဇရပ်မဟုတ်ပေ ။
ပြည်သူသည် ကိုယ့်ကို အလုပ်အကျွေးပြုမည့်သူကို ဆန္ဒပြုရမည်ဖြစ်ရာ ရွေးကောက်ပွဲဟူသည် ပြည်သူ့ဆန္ဒပြပွဲ သာတည်း  ။
အစိုးရဟူသည် ပြည်သူ့ဆန္ဒ၏ကျွေးကျွန်သက်သက်သာ ဖြစ်၏ ။
သို့ဖြစ်ရကား ပြည်သူနှင့် အစိုးရ ဘယ်သူကမိဖ ၊ ဘယ်သူက သားသမီးဆိုတာ အထူး သိသာနေပေပြီ ။
ယနေ့ ရွှေဝါပြည်တွင် မိမိကိုယ်ကို ပြည်သူရဲ့အမိ ၊ ပြည်သူရဲ့အဖဟု သတ်မှတ်ထားသူ လူတစ်စုက ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ဆိုလာသည် ။
ချင့်ယုံဟုပြောရမှာလည်း အားနာစရာကောင်းလှသည် ။
ရွေးကောက်ဖို့အခြေအနေမရှိလျှင်ဖြင့် ရွေးကောက်မွဲဟူ၍သာ ခေါ်ရပေတော့မည် ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts