>SPDC’s yardsale before election

>

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင်ပစ္စည်းများ ရောင်းချရန် စစ်အစိုးရ ကြိုးပမ်း
မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၅၊ ၂၀၁၀

ရန်ကုန်မြစ်တွင်းမှ သင်္ဘော တစီး။ ထိုသင်္ဘောသည် ယခုနှစ်ဆန်းပိုင်းက
စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် လက်အောက်သို့ ရောက်သွားသည့် ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ ဖြစ်သည် (ဓာတ်ပုံများ – မိုးမခ)


စစ်အစိုးရက အပေါ်စီးဖြင့် စီစဉ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ရန်ကုန်နှင့် အခြားမြို့ကြီးများမှ မရွေ့ပြောင်းနိုင်သည့် ပစ္စည်းများ ဖြစ်သည့် စက်ရုံ၊ ရုံးအဆောက်အအုံ နှင့် မြေကွက်များကို အလောသုံးဆယ် ရောင်းချရန် လက်သိပ်ထိုး စီစဉ်နေသည်ဟု အစိုးရအဖွဲ့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောသည်။
ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပါတီ အနိုင်ရမည်ဆိုသည့် အချက်ကို သံသယ မရှိသော်လည်း ရွေးကောက်ပွဲ မတိုင်မီ လက်ရှိ ၀န်ကြီးအဖွဲ့နှင့် ဗိုလ်ချုပ်များက ရနိုင်သမျှ ကိုယ်ကျိုးစီးပွားရှာသည့် လုပ်ဆောင်မှု အနေဖြင့် ရောင်းချလိုသည့် နိုင်ငံပိုင် မြေနှင့် စက်ရုံ၊ ရုံးများအား စာရင်း ပြုစုပြီး လုပ်ငန်းရှင်ကြီးများသို့ ဝေငှထားသည်ဟု ထိုစာရင်းရရှိသူ လုပ်ငန်းရှင်က ပြောသည်။

ထိုစာရင်းတွင် ရန်ကုန်မြို့ရှိ အချက်အချာကျသော နေရာများရှိ အသုံး မပြုတော့သည့် ရုံးများ၊ လူကုံတန် အများအပြား နေထိုင်သည့် ဗဟန်း၊ ရန်ကင်း၊ မရမ်းကုန်း၊ ကမာရွတ်နှင့် လှိုင်မြို့နယ်များရှိ နိုင်ငံပိုင်မြေနှင့် စက်ရုံများအား ဈေးနှုန်းနှင့် တကွတွဲလျက် ဖော်ပြထားသည်ဟု လက်ဝယ်ရရှိသူ လုပ်ငန်းရှင်၏ ပြောဆိုချက် အရ သိရှိရသည်။

သို့ရာတွင် အဆိုပါဈေးနှုန်းမှာ အကြမ်းဖျဉ်းသတ်မှတ်ချက်သာ ဖြစ်ပြီး အမှန်တကယ် စိတ်ဝင်စားပါက ထုခွဲ ရောင်းချရန် တာဝန်ယူထားသည့် ၀န်ကြီးနှင့် တိုက်ရိုက် ၀င်တွေ့ကာ ညှိနှိုင်းနိုင်သည်ဟုလည်း သိရသည်။ ဥပမာ ကျပ်သိန်း ၂ သောင်းဟု ဖော်ပြထားသည့် မြေကွက်ကို စိတ်ဝင်စားသော်လည်း တစ်သောင်းခွဲထက် ပိုမတတ်နိုင်ပါက ဆွေးနွေး ညှိနှိုင်းကာ ပြေလည်နိုင်သည့် သဘောဖြစ်သည်ဟုလည်း အဆိုပါ လုပ်ငန်းရှင်က ရှင်းပြသည်။

လွန်ခဲ့သည့် နှစ်လ ၀န်းကျင်ကလည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ နိုင်ငံပိုင် မြေကွက်များအား ရောင်းချရန် စာရင်းထွက်ပေါ်ခဲ့သည်ဟု အင်တာနက် မီဒီယာများတွင် ဖော်ပြခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ထွက်ရှိသည့် စာရင်းမှာ ဈေးနှုန်းတွဲလျက်ပါရှိသည့် စာရင်းမဟုတ်ဟုလည်း သိရပြီး ယခုတစ်ကြိမ် ထွက်ရှိသည့် စာရင်းမှာ အကြမ်းဖျဉ်း သတ်မှတ်ချက် ဈေးနှုန်းပါတွဲလျက် ရှိသည်ဟု သိရှိရသည်။

စစ်အစိုးရက နိုင်ငံပိုင် စက်ရုံလုပ်ငန်းများ၊ မြေကွက်များ၊ လောင်စာဆီဖြန့်ဖြူးရေး လုပ်ငန်းများအား ရွေးကောက်ပွဲ မတိုင်မီ အလျင်စလို ရောင်းချခြင်း၊ နှစ်ရှည် လုပ်ကိုင်ခွင့်ပြုခြင်းတို့ကို သတင်းဖော်ပြချက်များ အရ ကြားသိနေရသည်။ ဥပမာအားဖြင့် ၊ ကြယ်ငါးပွင့် သင်္ဘောလိုင်းကို ဦးပိုင်လီမိတက်သို့လည်းကောင်း၊ ရန်ကုန် ရွေတိဂုံ အနောက်ဖက်မုခ်ရှိ ၁၆ ဧက ကျယ်သည့် ပြည်သူ့ဥယျာဉ်အား Natural World ကုမ္ပဏီသို့ လည်းကောင်း၊ လှော်ကား သဘာဝဘေးမဲ့ ဥယျာဉ်အား ထူးကုမ္ပဏီ အုပ်စုသို့လည်းကောင်း အသီးသီး လုပ်ကိုင်စေခဲ့သည်။

ထူးကုမ္ပဏီမှ အမည် မဖော်လိုသည့် မန်နေဂျာတစ်ဦးက သူတို့ ကုမ္ပဏီ အနေဖြင့် လှော်ကားဥယျာဉ် လုပ်ငန်းကို လုပ်ကိုင်လိုခြင်း မရှိသော်လည်း နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ ဆန္ဒအရ လက်ခံလိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

လာမည့် ရွေးကောက်ပွဲ အလွန် ကာလတွင် ယခုလက်ရှိ ၀န်ကြီး၊ ဒုဝန်ကြီးများသည် ရာထူး ပြန်လည် ရရန် အကြောင်း မမြင်ဘဲ ပါတီ တာဝန်သာ ထမ်းဆောင်ရမည့် အရိပ် လက္ခဏာများ တွေ့မြင် နေရသည်ဟု ၎င်းတို့နှင့် ထိတွေ့ ဆက်ဆံနေရသည့် လုပ်ငန်းရှင်ကြီးက ပြောသည်။

ထုခွဲ ရောင်းချမည့် နိုင်ငံပိုင် အဆောက်အအုံများတွင် ရန်ကုန်မှ အတွင်းဝန်များရုံးလည်း ပါဝင်သည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts