>Letters from Michigan – 18

>

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး
သြဂုတ် ၂၄၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ မြန်မာစကား ရိုးရိုးလေး တစ်ခု သတိရလို့ ပြောပရစေ။ ဓားကို ဓားအိမ်ထဲက မထွက်အောင် လုပ်လို့ ရတယ်၊ ၀ါးကို မြေကြီးထဲက မထွက်အောင် လုပ်လို့ မရဘူးတဲ့။ မြေကြီး မည်းမည်းထဲက ရဲရဲ ထိုးထွက်လာတဲ့ မျှစ်စို့ပေါက်ကြီးတွေကို မြင်ယောင် မလာမိဘူးလား ကိုဒေါင်း။

အရင် တစ်ပတ်က ပြောခဲ့တဲ့ ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်ဇေယျ အကြောင်း ပြောစရာ ကျန်နေသေးလို့ ဆက်ပြီး ပြောဦးမယ်ဗျာ။ အရင်ဆုံး ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရအောင်။

၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပြီးစီး သွားတော့၊ ၁၉၃၉မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတယ်။ အင်္ဂလိပ်အခက် – ဗမာ့အချက် ကြွေးကြော်သံ ထွက်လာတယ်။ ကျောင်းသားတွေဟာလည်း ပြည်သူ လူထုနဲ့ အတူ လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲ ၀င်နေတယ်။

အထူးသဖြင့် တကသ ကျောင်းသား ခေါင်းဆောင်တွေဟာ အင်္ဂလိပ်နယ်ချဲ့ကို မောင်းထုတ်ဖို့ နိုင်ငံတကာ အကူအညီ ရနိုင်မယ့် နည်းလမ်းတွေကို ကြိုးပမ်း ရှာဖွေခဲ့ကြတယ်။ ကိုဗဟိန်း နဲ့ ကိုအောင်ဆန်းတို့ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်ဖို့ ဖြစ်လာခဲ့တာပဲ မဟုတ်လား။

တကယ်တော့ ရဲဘော်သုံးကျိပ် ဆိုတာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက် အအုံ Union ထဲကနေ သန္ဒေတည် ပေါက်ဖွားခဲ့တာ ဖြစ်ပါတယ်။ တကသ ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီ နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ဖို့ နိုင်ငံတကာ အကူအညီ ယူရမယ် ဆိုတဲ့ အတွေးအခေါ်ကို ဒီ Union ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီးထဲမှာပဲ လက်တွေ့ ကျကျ ဆွေးနွေး တိုင်ပင်ခဲ့ကြတာပါပဲ။

ဒါကြောင့်လည်း ရဲဘော်သုံးကျိပ်ထဲမှာ တကသ ခေါင်းဆောင်တွေ အနေနဲ့
(၁) ကိုအောင်ဆန်း (ဗိုလ်တေဇ)၊
(၂) ကိုလှဖေ (ဗိုလ်လက်ျာ)၊
(၃)ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)နဲ့
(၄)ကိုလှမောင် (ဗိုလ်ဇေယျ)တို့ လေးဦး အထင် အရှား ပါဝင်နေတာပေါ့ ။

ဒါကြောင့်ပဲ ရဲဘော်သုံးကျိပ် အစ – ကျောင်းသား သမဂ္ဂက။ တပ်မတော် အစ – ရဲဘော်သုံးကျိပ်က ရယ်လို့ ဆိုစမှတ်ပြုကြတာ မဟုတ်လား။ ဒီတော့ သမိုင်းကွင်းဆက် သဘောအရ ဆိုရင် တပ်မတော်ရဲ့ အစဟာ ကျောင်းသား သမဂ္ဂ ဖြစ်မနေပေဘူးလား ကိုဒေါင်း။ ဒါကြောင့်ပဲ မဟုတ်လား စစ်အာဏာရှင်တွေက ကျောင်းသား သမဂ္ဂ သမိုင်း၊ ရဲဘော်သုံးကျိပ် သမိုင်း၊ တပ်မတော် သမိုင်းကို အပိုင်းပိုင်း ဖြစ်အောင် ဖျက်ဆီးပစ်ချင်ကြတာပေါ့ ဗျာ။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ပတ်သက်လို့ တစ်ဆက်တည်း ကျနော် ပြန်သတိရမိတာ တစ်ခုက ၁၉၆၃ နိုဝင်ဘာ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းပါပဲ ကိုဒေါင်း။ နည်းနည်း နောက်ကြောင်းပြန်ရရင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ နိုင်ငံရေး အချိုးအကွေ့၊ အလှည့် အပြောင်းတွေ ကြုံရတဲ့အခါတိုင်းမှာ ဗကသ၊ တကသ စတဲ့ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေဟာ တစ်ဦးချင်း အယူအဆအရ၊ တစ်ယောက်ချင်း ရွေးချယ်မှုအရ နိုင်ငံရေး အဖွဲ့ အစည်း အသီးသီးကို ၀င်ရောက်ကြတာ၊ ကူးပြောင်း လှုပ်ရှားကြတာ တွေ့ရမယ်။

ဥပမာ- ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့၊ ဗိုလ်ချုပ်ဟာ ကျောင်းသား ခေါင်းဆောင် ဘ၀ကနေ တို့ဗမာ အစည်း အရုံး၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ရဲဘော် သုံးကျိပ်၊ ဘီအိုင်အေ၊ ဖဆပလ စတဲ့ အဖွဲ့အစည်း အသီးသီးမှာ ကူးပြောင်း ပါဝင် ဦးဆောင်ခဲ့တာပဲ မဟုတ်လား။

အခု ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ အနေနဲ့ကတော့ ၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရပြီးတဲ့နောက် ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ အတူ တောခိုသွားခဲ့သူပါ။ သူ့ဘ၀ တစ်လျှောက်လုံး ဗမာပြည် ကွန်မြူနစ်ပါတီထဲမှာပဲ စစ်အာဏာရှင် စနစ် ဆန့်ကျင် တိုက်ဖျက်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး ဆင်နွှဲရင်း သူရဲကောင်း ပီသစွာ ကျဆုံးသွားခဲ့သူ တစ်ဦးပါ။

၁၉၆၃ နိုဝင်ဘာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာက အဓိကအားဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ တော်လှန်ရေး ကောင်စီတို့ တွေ့ဆုံ ဆွေးနွေးကြတဲ့ ပွဲပါပဲ။ ဒီပွဲကို ဗိုလ်ဇေယျက ဗမာပြည် ကွန်မြူနစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့တာပါ။

ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ သခင်သန်းထွန်းက ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆီကို ကန်တော့လက်ဆောင် အဖြစ် ဒေါင်းတစ်ကောင်နဲ့ ပျားရည် တစ်အိုး၊ ဗိုလ်ဇေယျ လက်ထဲ ထည့်ပေးလိုက်ပါတယ်။

တိုတိုပြောရရင် ၁၉၆၃ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေ၀င်း တော်လှန်ရေး ကောင်စီက ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစ်ဖက်သတ် ရပ်စဲပစ်လိုက်တဲ့ အတွက် ဗိုလ်ဇေယျတို့လည်း တောထဲ ပြန်ဝင်သွားကြရတယ် မဟုတ်လား ကိုဒေါင်းရဲ့။

ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ လက်ဆောင်က အမျိုးသား လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတွေကို သင်္ကေတပြုနေတာပါ။ ဗမာပြည် ကွန်မြူနစ်ပါတီ ဘက်က အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုလားကြောင်း ပြသနေတာပါ။

ဒါပေမဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အလုပ်ဟာ တစ်ဖက်တည်းက တောင်းဆိုနေရုံ ဆန္ဒပြုနေရုံနဲ့ မရဘူး ဆိုတာ၊ ဒီကနေ့ NLD အဖွဲ့ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အပြု သဘော ကမ်းလှမ်းချက်၊ အဆိုပြုချက်တွေ အပေါ် နအဖ စစ်အာဏာရှင် တစ်စုရဲ့ တုန့်ပြန်မှုက သက်သေပြနေတယ် မဟုတ်လား ကိုဒေါင်း။

ကျနော့် တစ်ဦးတည်း အမြင် အရတော့ ဒါဟာ မေလ (၇)ရက်နေ့က စပြီး တွေ့ဆုံ ဆွေးနွေးရေး Dialogue လမ်း ပိတ်သွားပြီး၊ ရဲရင့်တဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းဖို့ လမ်းခင်းလာတယ် လို့ပဲ ယူဆပါတယ်။ ကျနော့် အမြင် မှားရင်လည်း ပညာရှင်များ ပြင်ပေးကြပါ။
အားလုံးကို သတိရလျက်-

အောင်ဝေး
မေ ၂၂ -၂၀၁၀

(ကဗျာဆရာအောင်ဝေးသည် အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။ မစ်ရှီဂန်မှ ပေးသောစာ – ၁၈ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts