>Di Let Myo – The country of no return

>

ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်
ဒီလက်မျိုး
သြဂုတ် ၂၃၊ ၂၀၁၀
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်ကို မျော်ကြည့်လိုက်တော့
မျော်ကြည့်ရတဲ့ မြင်ကွင်းတိုင်းဟာ
အလွမ်းဖြစ်တယ်။
ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ
ပြန်မတွေ့နိုင်သေးတဲ့ အမေရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ
ပြန်မရနိုင်သေးတဲ့ အလှတရားတွေရှိတယ်။
ပြီးတော့ …
မန်ကျီးစစ်စစ်နဲ့ ဖျော်ထားတဲ့
မန်ကျီးဖျော်ရည်တခွက် ရှိသလို
အချစ်နဲ့ဖုတ်ထားတဲ့
ကိတ်မုန့်တလုံးလည်း ရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ
ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေသလို
နူးညံ့သိမ်မွေ့မှုတွေနဲ့လည်း
ဆန်းကြယ်နေပြန်တယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
သူရဲကောင်းတွေရဲ့
အကျဉ်းကျညတွေ ရှိသလို
မိစ္ဆာစစ်ဘီလူးတွေရဲ့
ပျော်မြူးနေသံတွေလည်းရှိတယ်။
အဲဒီလိုနဲ့
ပြန်မရောက်နိုင်တဲ့တိုင်းပြည်ကို
မျှော်ကြည့်လိုက်တဲ့အခါ
ကျနော့်ရဲ့နှလုံးသားပေါ်
အလွမ်းမိုးစက်တွေ
ပြင်းပြင်းထန်ထန် ရွာသွန်းချခဲ့ပါရဲ့။
အရွှဲနစ်ဆုံးကတော့
အမေ့ရဲ့ မျက်ရည်တွေပါ အမေ။            ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts