>Tin Moe by Htain Linn

>နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၂)

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

သြဂုတ် ၂၄၊ ၂၀၁၀


(ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)


အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ ဆိုရင် ကဗျာတွေ ရေးရင်း တိုင်းပြည်ကို လွမ်းခဲ့တဲ့၊ ကဗျာတွေ သီရင်း တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ ဆရာ တင်မိုး ကွယ်လွန်ခဲ့တာ ၃ နှစ် ပြည့်ပါပြီ။ နှစ်ပေါင်း ၅ဝ ကျော် ကဗျာတွေ အပုဒ်ရေ ထောင်ချီအောင် ရေးဖွဲ့ခဲ့တဲ့ ဆရာဟာ တိုင်းပြည်နဲ့ လူမျိုးကို အသက်သေသည် အထိ ချစ်မြတ်နိုးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို တိုင်းပြည်မှာ အမြဲတမ်း ပုဆိုးနဲ့ သွားလာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာတွေ ကောင်းစားတယ် ဆိုတဲ့ သတင်းတွေ ကြားရရင် မုဒိတာပွား ကြည်နူးတတ်သလို၊ မြန်မာတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်လိုသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်သူအပေါ် မတရား ဖိနှိပ်အုပ်ချုပ်သူတွေကိုတော့ ရွံရှာမုန်းတီးသလို၊ အဖိနှိပ်ခံ ပြည်သူဘက်က ရပ်တည်ခဲ့ပါတယ်။ ဆရာ့ရဲ့ ကဗျာဆရာ သက်တမ်းအတွင်း စစ်အာဏာသိမ်းမှု ၂ ကြိမ် ကြုံခဲ့ရပြီး ၂ ကြိမ်စလုံး အာဏာရှင်တွေကို စာပေနဲ့ တော်လှန်ခဲ့ပါတယ်။ အာဏာရှင်ကို ဘယ်လိုဆန့်ကျင်တယ်၊ ပြည်သူဘက်က ဘယ်လိုရပ်တည်တယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေဖို့ ဆရာရေးခဲ့တဲ့ ကဗျာတချို့ အကြောင်း ပြောပြလိုပါတယ်။

ပထမဆုံး ဆရာ့ရဲ့ ကဗျာတွေထဲက ‘စစ်လူစု နှင့် တို့လူထု’ ဆိုတဲ့ ကဗျာကို ရွေးချယ် ဖော်ပြလိုပါတယ်။ ကဗျာခေါင်းစဉ်မှာတင် စစ်အစိုးရ နဲ့ ပြည်သူကို ‘စစ်လူစု’၊ ‘တို့လူထု’ လို့ သုံးထားတဲ့အတွက် ကဗျာရေးတဲ့ ရည်ရွယ်ချက်ကို စတင်မှန်းဆနိုင်မယ် ထင်ပါတယ်။ ဒီကဗျာကို ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး နောက် ၁ နှစ်အကြာ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

စစ်လူစုနှင့် တို့လူထု

နယ်ချဲ့အရုပ်၊ ဝန်ကြီးချုပ်သည်
စစ်ရုပ်ဆင်ကာ၊ စစ်ခရာဖြင့်
စစ်ဝါဒကို ဖြန့်လေပြီ။
စစ်လက်ဝေခံ၊ လုပ်ကြံကြေညာ
သတင်းစာလည်း
‘စစ်ဝါဒသည်၊ တရားသည်’ဟု
လိမ်လည်ထောက်ခံနေဘိ၏။

စားကုန်သောက်ကုန်၊ လူသုံးကုန်တို့
စုပြုံသိုလှောင်၊ ဂိုဒေါင်သွင်းပြီး
ကုန်သည်ကြီးလည်း
စစ်မီးလျှံတွင်၊ အမြတ်မြင်၍
ပြုံးရွှင်ခေါင်းညိတ် နေဘိ၏။

လက်နက်ရုံမှ
ကုမ္ပဏီရှင်၊ ငွေသခင်လည်း
ကြည်လင်နှုတ်သွက်၊ တအားတက်ပြီး
စစ်မက်ရေးကို ကြိုဘိ၏။

ဈေးကွက်ကစား၊ နယ်ချဲ့များလည်း
စစ်အားကောင်းမှု၊ လုံ့လပြု၍
တပ်စုစည်းရုံး နေဘိ၏။

တဖက်မှာမူ
သတင်းစာဖတ်၊ ပရိသတ်ကား
လှပ်လှပ်ရင်ဖို၊ စိတ်စက်ပြိုတည့်။

ဂိုဒေါင်စောင့်လည်း
မဖြောင့်ပျံ့လွင့်၊ စိတ်ထင့်ထင့်နှင့်
ဗုံးသင့်မည်ကို၊ ရင်ဖိုဖိုတည့်။
လက်နက်ရုံမှ၊ ကုန်ထုတ်သမား
စက်လုပ်သားလည်း
သားမယားရေး၊ စိတ်စက်လေး၍
နှောင့်နှေးစိုးခန့်၊ တလန့်လန့်တည့်။

စားသုံးသူလည်း
ကုန်မူရှားပါး၊ ဈေးကြီးမား၍
စားဝတ်ဒုက္ခ၊ မအေးရအောင်
ကြောင့်ကြမျိုးစုံ၊ ကိုယ်လုံးတုန်တည့်။
စစ်အမြတ်ထုတ်၊ လက်တဆုပ်သာ
မဟုတ်ပါလော ရဲဘော်တို့ -။

လူနည်းစုမှာ
လက်နက်သာရှိ အားမရှိ။

လူများစုမှာ၊ မဟာအင်အား
ကြီးမားပါဘိ ကြီးပါဘိ။

ဆန့်လော့ ဟန့်လော့ –
မလန့်မထိတ်၊ ရဲရင့်စိတ်ဖြင့်
စစ်ပြိတ္တာကို မောင်းထုတ်လော့။ ။

ဒီကဗျာကို ၁၉၆၇ ခုနှစ်မှာ ပုဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ ဆရာ့ရဲ့ ‘ပန်းဈေးခင်း’ ကဗျာစာအုပ်မှာ ထည့်သွင်း ပုံနှိပ်ခဲ့ပါတယ်။ ဒီကဗျာမှာ လက်တဆုပ်စာပဲ ရှိတဲ့ စစ်အုပ်စုမှာ လက်နက်ရှိပေမယ့် အားမရှိတဲ့အကြောင်း၊ လူများစုဖြစ်တဲ့ ပြည်သူလူထုမှာ အားရှိတဲ့အတွက် မကြောက်မရွံ့ တွန်းလှန်ကြဖို့ တိုက်တွန်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပန်းဈေးခင်း ကဗျာစာအုပ်ထဲမှာပဲ ၁၉၆၆ ခုနှစ် မေလ ၈ ရက်နေ့မှာ ရေးသားခဲ့တဲ့ ‘အနာဂတ်ရေး’ ဆိုတဲ့ ကဗျာကို တွေ့ရပါတယ်။ အဲဒီကဗျာထဲမှာ သူ့စာသင်ကျောင်းက ထူးချွန်တဲ့ ကျောင်းသားတွေ ထွက်ပေါ်နေတဲ့ အတွက် ပီတိဖြစ်ရတဲ့ တချိန်တည်းမှာပဲ ကျောင်းအနီးမှာ ဆီးသီး ချိုချဉ်၊ ဆိတ်သားကင်တွေ ရောင်းပြီး နေ့စဉ်ဝမ်းကျောင်းနေတဲ့ ကျောင်းသားအရွယ် ကလေးငယ် တစ်ယောက်ကို မြင်ရလို့ ကလေးနဲ့ ဆက်စပ်ပြီး တိုင်းပြည် အနာဂတ်ကို ရင်လေးမိတဲ့ ဆရာတစ်ယောက်ရဲ့ ရင်ထဲက ဝေဒနာကို ဖွဲ့သီထားပါတယ်။ ဒါကို ကြည့်ရင် ဆရာ့ရဲ့ အသက် ၃ဝ လောက်က တိုင်းပြည်ချစ်စိတ်ကို မှန်းဆနိုင်မှာဖြစ်ပါတယ်။

ဒုတိယအကြိမ် စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ နောက်ပိုင်းမှာတော့ ဆရာက ဒီမိုကရေစီရေး ဘက်တော်သား အဖြစ်ပါ ရပ်တည်ရင်း ကလောင်အပိတ်ခံရ၊ အကျဉ်းချခံရတာတွေကို ကြုံရင်း နောက်ဆုံးတော့ ပြည်ပမှာတင် ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။ ပြည်ပကို ရောက်ပြီး ဆရာ့ရဲ့ စာမူတွေကို စာအုပ်အဖြစ် ၅ အုပ် ပုံနှိပ်ဖြန့်ချိနိုင်ခဲ့ပြီး ပုံမနှိပ်ဖြစ်သေးတဲ့ ဆရာ့စာမူပေါင်းများစွာ ရှိနေပါသေးတယ်။

၂ဝဝ၆ ခုနှစ် မတ်လမှာ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ရွှေသင်္ဂဟာ-မြန်မာအသင်း စာကြည့်တိုက်က ဆရာ့ရဲ့ ကဗျာအပုဒ် ၁၄ဝ စုစည်းထားတဲ့ ‘အညာလမ်းက တမာတန်း’ ဆိုတဲ့ ကဗျာစာအုပ်ကလေး ထုတ်ဝေပါတယ်။ အဲဒီကဗျာစုက ဆရာဇော်ဂျီရဲ့ ‘ဗေဒါလမ်း’ကဗျာများကို အမှီပြုပြီး ရေးဖြစ်တဲ့အကြောင်း၊ ဆရာဇော်ဂျီကို သတိတရ ဂါရဝပြုလိုတဲ့ စေတနာနဲ့ ရေးဖွဲ့ခဲ့တဲ့အကြောင်း အမှာစာမှာ ဆရာက ဆိုထားပါတယ်။ အဲဒီကဗျာတွေကို ‘ဗေဒါလမ်း’ကဗျာများလိုပဲ တစ်ပုဒ်ချင်းခေါင်းစဉ်မပေးဘဲ အမှတ်စဉ်နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီထဲက ကဗျာပုဒ်ရေ ၅၅ မှာ ဆရာက ခုလိုရေးသားထားပါတယ်။

“ကမ္ဘာပတ်လို့ အရပ်စုံ
ဘယ်ဟာ ကိုယ့်နတ်ဘုံ။
ကိုယ့်ပြည်ကိုယ့်ရပ် ခပ်နုံနုံ
အဲဒါ ကိုယ့်နတ်ဘုံ။

ဆွေစုံမျိုးစုံ ဆုံတွေ့ကြ
စကား ဆိုမဝ။
ကိစ္စမြားမြောင် အတူရှင်း
ကိုယ့်သွေးကိုယ့်သားချင်း။
သီချင်းသံပြိုင် ဆိုလို့မြူး
မမေ့တဲ့နိုင်ဘူး။ ။
၁၂၊ ၈၊ ၂ဝဝ၅

ဒီကဗျာကိုကြည့်ရင် ကြွယ်ဝချမ်းသာနေတဲ့ ကမ္ဘာ့နိုင်ငံအများအပြားကို ရောက်ပေမယ့် ဆင်းရဲတဲ့ ကိုယ့်တိုင်းပြည်ကိုသာ နတ်ဘုံနတ်နန်းလို ခံယူထားတဲ့ ဆရာ့စိတ်ဓာတ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကဗျာနဲ့ပဲ ဆရာ့ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ရင်း ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။
ထိန်လင်း (၁၉၊ ၁၊ ၂ဝ၁ဝ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts