>Kyaw Thu – The Art of Helping Burmese People

>

မျက်ရည်သုတ်မည့်လက်များ
ကျော်သူ
သြဂုတ် ၂၀၊ ၂၀၁၀
အနိစ္စ ဒုက္ခ အနတ္တ တရားများကို သိရှိ နားလည်လာသည်နှင့်အမျှ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးဝါးကုသပေးမှု၊ အခမဲ့ ပညာဒါန ဖွင့်လှစ်သင်ကြားပေးမှု တို့အပြင် ရန်သူမျိုး (၅) ပါးကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အများပြည်သူအတွက် ဖေးမကူညီ ပံ့ပိုးပေးမှုများ မြင့်မားလာတော့သည်။
ထိုသို့ အများပြည်သူ အတွက် အခမဲ့ ဖေးမကူညီ ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးဆပ်ရာတွင် အယူသည်းမှုများ၊ အဓမ္မ၀ါဒီ လက်ကိုင်ကျင့်သုံးသူများ၊ မစ္ဆရိယစိတ် ရှိသူများ၊ အတ္တသမားများကို အမြင်မှန် အသိတရား ရရှိအောင် မိမိတို့ ကူညီပံ့ပိုးပေးသော နာရေးလမ်းကြောင်းများတွင် နာရေးရှင်တို့အား ရှင်းလင်းပြောကြား ပေးခြင်းဖြင့်၎င်း၊ အလှူရှင်တို့အား ပြန်လည်ချီးမြှင့်သည့် မိမိတို့အသင်း၏ ပေးဆပ်မှုများကို ရိုက်ကူး မှတ်တမ်းတင်ထားသော DVD (ဒီဗီဒီ) အချပ်များတွင်၎င်း၊ နာရေးကူညီမှုအသင်းများ ဖွင့်လှစ်သည့် မြို့၊ ရွာ၊ နယ်များတွင် အယူသည်းမှုပပျောက်ရေး ဟောပြောပွဲများ ကျင်းပပေးခြင်းတို့ဖြင့် အယူသည်း မှုများကို သွယ်ဝိုက်၍၄င်း၊ တိုက်ရိုက်ဖြင့်၎င်း စည်းရုံးပြုပြင် ပြောင်းလဲပေးခဲ့သည်။
          စည်းရုံးမှုပြုလုပ်ရာတွင် အနုပညာသမားများ ပါဝင်မှုသည် အထိရောက်ဆုံးဖြစ်သည်။
          အနုပညာသမားများသည် စည်းရုံးမှုပြုရာတွင် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည်။
          အနုပညာသမားများသည် တိုင်းပြည်၏ မျက်နှာဖုံးပင်ဖြစ်တော့သည်။ ထို့ကြောင့် ပြည်သူလူထု အတွက် အကျိုးရှိမည့် လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများ လုပ်ကိုင်ရာတွင် အနုပညာသမားများ၏ အင်အားသည် အဓိကနေရာ တစ်နေရာတွင် ပါဝင်သည်။
          ကျွန်တော်တို့၏ အများပြည်သူတို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့်အတူ ဗြဟ္မစိုရ်တရား လက်ကိုင်ပြု၍ အယူသည်းမှုတိုက်ဖျက်ရေးတွင် စိတ်တူကိုယ်တူဖြင့် အတူလက်တွဲ၍ ပါဝင်ခဲ့သော အနုပညာသမားများတွင် ဂီတပညာရှင်တို့သည် အများဆုံးဖြစ်သည်။ ဂီတပညာသည် တိုင်းပြည် တစ်ပြည်၏ အနာဂတ်ကို ဖန်တီးပေးသော အစွမ်းထက်သော လက်နက်ဖြစ်သည်။
မိမိတို့နှင့်အတူ အယူသည်းမှုတိုက်ဖျက်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ လူသားချင်း စာနာမှုရှိရေး၊ လူအချင်း ချင်း ဖေးမကူညီပေးရေး … စသည့် ပြုပြင်မှုတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် ဂီတပညာရှင်များမှာ – စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့ဖြစ်ကြသည်။
သူတို့သည် လူမှုရေး သမားများ (သို့) အယူသည်းမှုတိုက်ဖျက်ရေး သူရဲကောင်းများပင် ဖြစ်သည်။ သူတို့ … သူတို့သည် မိမိ တို့တတ်စွမ်းသော ဂီတ အနုပညာဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင်တို့အား ဝေငှသည့် DVD (ဒီဗီဒီ)အချပ် အတွက် သီချင်းများကို အခမဲ့ လှူဒါန်းကူညီခဲ့သည်။
          ယခုဆိုလျှင် အများပြည်သူအတွက် မိမိတို့ တတ်စွမ်းကျင်လည် ကျွမ်းကျင်မှုရှိသော ဂီတ အနုပညာရပ်ဖြင့် ပေးဆပ်မှုများကို ပြုလုပ်ကြသော ဂီတပညာရှင် လူမှုရေးသူရဲကောင်းများ ထပ်မံ၍ ပေါ်ထွန်းလာပြီ ဖြစ်သည်။
ယင်း ဂီတပညာရှင် လူမှုရေးသူရဲကောင်းများမှာ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ (Metal Zone)၊ နိုင်ဇော် (Lazy Club)၊ BK+2 (Hip Hop)၊ ရိန်မိုး၊ ရည်မွန်လမင်း နှင့်အဖွဲ့အပြင် တီးဝိုင်းသမားများ၊ အသံဖမ်း အင်ဂျင်နီယာများ၊ အသံဖမ်းစတူဒီယိုများနှင့် တေးရေးဆရာများဖြစ်တော့သည်။
ထပ်မံ၍ ကျွန်တော် တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူလက်တွဲ၍ အများပြည်သူတို့အား ပေးဆပ်မည့် ဂီတ ပညာရှင်များစွာလည်း ရှိသေးသည်။ ထို လူမှုရေး ဂီတသူရဲကောင်းများ၏ တစ်ဦးချင်း ပေးဆပ်မှုများကို ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းလွှာများတွင် ဆက်လက်ဖော်ပြ ပေးမည်ဖြစ်ပါသည်။
ယခု ဖော်ပြပါ ပေးဆပ်မှုသတင်းလွှာသည် လူမှုရေးဂီတ သူရဲကောင်းဖြစ်သူ ဆောင်းဦးလှိုင်၊ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကောင်းပြည့် တို့၏ ပေးဆပ်မှု ပုံရိပ်လွှာများပင် ဖြစ်တော့သည်။
          အများပြည်သူတို့၏ ဒုက္ခမျက်ရည်စများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျက်ရည်သုတ် ပေးသောလက်များနှင့် အတူလက်တွဲ ပျံသန်းကြမည့် ဂီတပညာရှင်များ၏ သမိုင်းမှတ်တိုင်သည်ကား မည်သို့မှ ဖျောက်ဖျက်၍ မရနိုင်တော့ချေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts