>Declaring of 2010 Election Days Draws Critism

>

ရွေးကောက်ပွဲကျင်းပမည့်ရက်  ဝေဖန်သံများ ထွက်
မိုးမခအထောက်တော် ရန်ကုန်
သြဂုတ် ၁၄၊ ၂၀၁၀
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းပရက် ထုတ်ပြန်ကြေငြာချက်နဲ့အတူ
ဝေဖန်သံတွေလည်းပေါ်ထွက်လာပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရကကြေငြာခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းမကျင်းပမီ ရက်သတ္တ ၁၁ ပတ် အလိုမှာ သည်ထုတ်ပြန်ချက်ကို ကြေငြာခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  နေအိမ်အကျယ်ချုပ်က မလွတ်မြောက်မီ ရက်ပိုင်းအလိုမှာပဲဖြစ်ပါတယ်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရဟာ ရွေးကောက်ပွဲကို ၄င်းတို့အလိုကျ စိတ်တိုင်းကျ လုပ်ဆောင်သွားမယ်ဆိုတာ ထင်ရှားတယ်လို့ ရန်ကုန်လူထုအချို့က ဝေဖန်နေကြပါတယ်။
“ရွေးကောက်ပွဲကို ပါတီတွေအကုန်လုံး သပိတ်မှောက်ပစ်ရမှာ။ ကြံ့ဖွံ့ပါတီတစ်ခုတည်းပဲ ကျန်အောင်ကို လုပ်ပစ်ရမှာ။ ဒါမှ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုတာကို ကမ္ဘာကသိမှာ”
 လို့ နိုင်ငံခြားသင်္ဘောအေးဂျင့်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
မကြာသေးမီကပဲ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းဟာ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ မယုံကြည်တာကြောင့် ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။
ကြံ့ဖွံ့ပါတီမှလွဲ၍ယနေ့အချိန်ထိ လူထုအတွင်း စည်းရုံးမှုများပြုလုပ်ခွင့် မရှိသေးခြင်းကိုလည်း နိုင်ငံရေးပါတိအချို့ မျှတမှုမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ထားပေမယ့် ရွေးကောက်ပွဲကော်မရှင်က တုန့်ပြန်ဆောင်ရွက်မှုတွေမတွေ့ရသေးပါဘူး။
“ကြံ့ဖွံ့က အောက်ခြေရွာတွေအထိ မက်လုံးတွေပေးပြီး လိုက်စည်းရုံးလို့ ပြီးနေပြီ။ နှစ်လခွဲနဲ့ ကျန်တဲ့ပါတီတွေ စည်းရုံးရေးဆင်းဖို့ ရန်ပုံငွေရှာဖို့ ဆိုတာ မလွယ်ဘူး”
လို့ အသက် ၇၀ အရွယ် တစည ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူက ပြောပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လွတ်လပ်တဲ့ သတင်းမီဒီယာရှိဖို့လည်း အရေးကြီးတယ်လို့ မြန်မာနိုင်ငံအတွင်းက အန်ဂျီအိုတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိသျှအမျိုးသမီးတစ်ဦးကလည်းပြောပါတယ်။
“တော်တော်နီးကပ်မှ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေငြာတာဟာ အစိုးရက ပြိုင်ဘက်တွေကို သတ်တာပဲ။ နောက်ပြီး မီဒီယာလွတ်လပ်ခွင့်လည်း မရှိသေးဘူး ဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ တော်တော် ပြောဖို့ခက်ခဲတဲ့ကိစ္စပါပဲ”
လို့ ၄င်းကပြောပါတယ်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်အမတ် ၂၅ % ကို စစ်တပ်က စေလွှတ်မှာဖြစ်ပြီး ဥပဒေ တခုခုကိုပြင်ဆင်ချင်ရင် လွှတ်တော်အမတ် ၇၅% နဲ့အထက် ရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ရုံးဝန်ထမ်း စာရေးကြီးတစ်ဦးက
“စစ်ယူနီဖောင်းနဲ့က ၂၅ ခိုင်နှုန်း။ ယူနီဖောင်းချွတ်စစ်တပ်က ၇၅ ရာခိုင်နှုန်း။ အားလုံး သူတို့ပဲ ဖြစ်မှာပါ”
လို့ ရွေးကောက်ပွဲအပေါ် ၄င်းရဲ့အမြင်ကို ထုတ်ဖော်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts