>HIV Spreading in the Burmese Prison greater than outside

>

မြန်မာနိုင်ငံ အကျဉ်းထောင်များမှာလည်း HIV ကူးစက်မှု အန္တရာယ် ပြင်ပထက်မြင့်နေ
ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၁၃၊ ၂၀၁၀
လူသားမျိုးနွယ်ကို ခြိမ်းခြောက်လျက်ရှိသည့် အဓိက ကူးစက်ရောဂါတမျိုး ဖြစ်သည့် HIV ကူးစက်မှု အန္တရာယ်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ပြင်ပထက်ပိုမို မြင့်မားလျက်ရှိသည်ဟု အကျဉ်းထောင်မှ လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ သိရပါတယ်။
မကြာခင်က ပြုလုပ်ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ အေ့စ် ရောဂါနှင့် ပတ်သက်သည့် ညီလာခံ တစ်ခုတွင်လည်း ကမ္ဘာတ၀ှမ်းရှိ လူပြည့်ကျပ်ညှပ်နေသော အကျဉ်းထောင်များသည် အေ့စ်ရောဂါ ပိုမိုဖြစ်ပွားလာစေရန် အားပေးသည့်နေရာတစ်ခု ကဲ့သို့ ဖြစ်လာနေတယ်လို့ သတိပေး ပြောဆိုထားပါတယ်။
အင်းစိန်ထောင်မှ မကြာခင်က လွတ်မြောက်လာတဲ့ အကျဉ်းသား တစ်ဦးက
“ထောင်တွေမှာက အများဆုံးကူးစက်နိုင်တာ အမျိုးသားတွေ ဘက်မှာပဲ။ အထူးသဖြင့် အဆောင်တွေမှာ အခန်းဖော်အချင်းချင်း လိင်တူဆက်ဆံတဲ့ကိစ္စပဲ။ တစ်ချို့က မူးယစ်ဆေးဝါးမှုနဲ့ ရောက်လာတဲ့ နှစ်ကြီးသမားတွေမှာ အဲဒီရောဂါက ပါလာပြီးသားများတယ်။ အပြင်မှာ နေချင်သလိုနေခဲ့ပြီး အထဲရောက်တော့လည်း သူတို့က ငွေသုံးနိုင်တော့ ထောင်အခေါ် ဘောက်ချာ ၀င်ထားတော့ ထောင်အာဏာပိုင်တွေကို အိတ်ထဲထည့်ထားလို့ ရတာပေါ့။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ အိမ်ကထောင်ဝင်စာ မလာတွေ့နိုင်တဲ့ လူငယ်လေးတွေကို စည်းရုံး သိမ်းသွင်းပြီး အချစ်တော်လုပ်ကြတယ်၊  အလုပ်ခံရတဲ့ တစ်ချို့ဆို အသက်တော်တော် ငယ်ငယ် ဘာမှမဟုတ်တဲ့ အမှုလေးတွေနဲ့ ထောင်ထဲရောက်ပြီး အဲဒီရောဂါကူးခံရပြီး ဘ၀ပျက်ရတာပဲ
လို့ ပြောပြခဲ့ပါတယ်။
အခြား နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကလည်း
အဆောင်မှာနေရင် တော်တော်သတိထား နေရတယ်။ နေ့တိုင်းရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနေရတော့ ဘယ်အချိန်ဘယ်လိုကူးမယ် မသိနိုင်ဘူးလေ။ အတတ်နိုင်ဆုံး ဒဏ်ရာမရအောင် ဂရုစိုက်ရတယ် နောက်ပြီး သွေးထွက် အနာဖြစ်ရင်လည်း ဂရုစိုက်ရတယ်။ ထောင်ထဲကနေ အပြင်ပြန်ထွက်ရင် အရင်လိုပဲ ရောဂါကင်းကင်းရှိဖို့ပေါ့
လို့ ပြောပါတယ်။
အကျဉ်းထောင်များထဲမှာ အေ့စ်ရောဂါ ကူးစက်ရတဲ့ အကြောင်းအချက်များ ထဲ၌ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရောဂါနှင့်ပတ်သတ်ပြီး အသိပညာပေးရေးလုပ်ငန်းကို ဖိဖိစီးစီး ဆောင်ရွက်မှု နည်းပါးခြင်းနှင့် ထောင်ဝန်ထမ်းများ ကိုယ်တိုင်က အဆိုပါရောဂါ နှင့်ပတ်သတ်သော ကျန်းမာရေး အသိနည်းပါးခြင်းကြောင့် ဖြစ်ရတာလို့ ပြည်တွင်း အင်ဂျီအို တစ်ခုမှ ၀န်ထမ်းတဦးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
မကြာမီက ပြုလုပ်ခဲ့သည့် နိုင်ငံတကာအေ့စ် ညီလာခံတွင် ကုလထိပ်တန်းအရာရှိ မန်းဖရက်ဒ်နိုဝယ်က အကျဉ်းထောင်များတွင် စောင့်ကြပ်သူများ အနေဖြင့်လည်း ထောင်တွင်း မုဒိမ်းမှုများဖြစ်ပွားနေမှုအပြင် လိင်နှင့်ဆက်စပ်သော အပြုအမူများကို ထိရောက်စွာ ဟန့်တားပေးရန်နှင့် အကျဉ်းသားများ HIV ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကွန်ဒုံးများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ HIV စမ်းသပ် စစ်ဆေးမှု နှင့်နှစ်သိမ့်ပညာပေးမှုများ ပြုလုပ်ပေးဖို့ သက်ဆိုင်တဲ့နိုင်ငံတွေကို တိုက်တွန်းခဲ့တယ်လို့ ဘီဘီစီ သတင်းဖေါ်ပြချက် အရလည်း သိရပါတယ်။
အရင်တုန်းက ထောင်ထဲက သောက်ရေတွေထဲ ခဲဆိပ်နဲနဲ ခပ်ထည့်ထားတယ်လို့ ကြားတယ်။ နှစ်ရှည်ထောင်ဒဏ်ကျတဲ့ ယောက်ျားလေးတွေအတွက် ရည်ရွယ်တာလို့ ကြားတော့ ကျမမောင်လေး အတွက်တော်တော်စိုးရိမ်ခဲ့ရတယ်။ ဒါပေမယ့် သူကတော့ အခု ရေသန့်စက်တွေ၊ ရေသန့်ဘူးတွေ လုပ်ထားတယ် ပြောပါတယ်။
လို့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား တစ်ယောက်ရဲ့ အမဖြစ်သူက ပြောပြပါတယ်။
အကျဉ်းထောင်တွေ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ HIV နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ ရရှိဖို့ရာမှာ  ခက်ခဲတဲ့ အတွက်ကြောင့် တိတိကျကျ သိရှိဖို့ မလွယ်ကူဘူးလို့ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts