>Burmese Buddhist Summer Class for Children at Phoenix, Arizona

>

ဓမ္မရသ၀ိဟာရ၏ ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း မြင်တွေ့ ကြား သိသမျှ
စုပြုမျှဝေ (အရီဇိုးနား)
သြဂုတ် ၁၄၊ ၂၀၁၀
အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ရှိ   ဓမ္မရသ ဝိဟာရကျောင်းတွင်၊ ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ(တောင်စွန်း)၏ သြဝါဒဖြင့် ၂ဝဝ၉ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့သော ‘၂ဝ၁ဝ ခု ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာကလေးတရားနှင့် အခြေခံမြန်မာစာ အရေးအဖတ်သင်တန်း’ ကို  ဓမ္မရသဝိဟာရကျောင်း ဆရာတော် ဦးဝိမလ (ဒီပဲယင်း) က ဦးစီး၍၊  သာသနာတော်နှစ် ၂၅၅၄ ခု၊ မြန်မာကောဇာ သက္ကရာဇ် ၁၃၇၂ ခု။ ခရစ်နှစ် ၂ဝ၁ဝ ခု၊ဇူလိုင်လ(၁၈)ရက် တနင်္ဂနွေနေ့မှ စတင်၍၊ အပါတ် စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးရာ – ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၅ဝ) ခန့် တက်ရောက် သင်ကြားလျက်ရှိသည်။
              ယခုနှစ်  ကျောင်းသားဦးရေသည် ယခင်နှစ်ကထက် (၂) ဆ ကျော် ပိုလာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ထိုသို့များလာခြင်း မှာ – ကလေးများနှင့် အထူးသဖြင့် မိဘများ၏ ဘုန်းတော်ကြီးသင်  စာသင်ကျောင်းပေါ် စိတ်ဝင်စားမှု၊ မိဘများ၏ သားသမီးများပေါ်ထားရှိသည့် သာသနာ့အမွေနှင့် ပညာအမွေပေးလိုသော စေတနာ၊ စာသင် စာချဆရာတော်၏ အမျိုးဘာသာ သာသနာပေါ် ထားရှိသည့် ကြီးမားသည့်  အမြော်အမြင်နှင့် ဆရာတော်၏ ပစ္စည်းလေးပါး ဒါယကာ၊  ဒါယိကာမ များနှင့် ၎င်းတို့၏သားသမီးများပေါ် ထားရှိသည့် စေတနာ … စသည့် မွန်မြတ်သောစိတ်ဓါတ်များ ပေါင်းစု ကြီးမားလာခြင်းသာဖြစ်သည်။ တနည်းအားဖြင့်  ဆရာ၊ ဒကာကြား  ထားရှိသည့် စေတနာ၊ သဒ္ဓါများ တိုးပွါး၍ လုပ်ငန်း အကောင်အထည် ဖြစ်ထွန်း လာခြင်းသာဖြစ်သည်။
               ယခုသင်တန်းသည်၊ ဗုဒ္ဓဘာသာမျိုးစေ့ချ ‘ဗုဒ္ဓဓမ္မ ပျိုးခင်း’ ဖြစ်သည့်အပြင် ကလေးများ၏ ဖြူစင်သော နှလုံးသားတွင် ဘုရားတည်သည့်  မွန်မြတ်သည့် နှလုံးသားဘုရားတည်လုပ်ငန်းလည်း ဖြစ်သည်။ထို့ကြောင့် ကလေးငယ်တဦး၏ ဖြူစင်သောနှလုံးသားတွင် ဘုရားတဆူတည်သည်ဟု  ယူလျင် ကလေး (၅ဝ) ဆိုလျင် အဆူ (၅ဝ) တည်ခြင်း မည်ပေမည်။
                ယခုနှစ်  ကျောင်းစတင် ဖွင့်သည့်နေ့ ဇူလိုင် ၁၇ တွင် – စာသင်သားများတွက် လိုအပ်သည့်  စာရေးကိရိယာများကို ကလေးများ ၏မိဘများဖြစ်ကြသော၊ ကိုအေးမင်းနှင့် မနီလာဝင်းကို၊ ကိုတင်မောင်လတ်နှင့် မဋ္ဌေးဋ္ဌေးအောင် မိသားစုတို့က၎င်း၊ မုန့်များကို ကိုကြည်ဝင်းနှင့် မစမ်း  မိသားစုတို့ မှ၎င်း ဒါနပြုကြသည်။ ဒုတိယပတ် သင်တန်းနေ့ နှင့် ဓမ္မရသ ဝိဟာရကျောင်း ဝါဆိုပွဲနေ့ ဇူလိုင် ၂၅ နေ့တွင် ကိုထူးမြတ်နှင့် မယုဇနမေလီ မိသားစု မှ ဝါဆိုပွဲလာ ဧည့်ပရိတ်သတ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းသားများကို အာလူးပူရီဖြင့် ဧည့်ခံကျွေးမွေးသည်။ ကိုရန်နိုင်အောင်နှင့်  မဝင်းပပအောင် မိသားစုမှလည်း သင်တန်းသားများကို မုန့်များ ကျွေးမွေး ဒါနပြုသည်။ လာမည့် တတိယပတ် သြဂုတ်လ ၁ ရက်နေ့ တွင် ဒေါ်တင်မေမိသားစု  မှ သင်တန်းသားများကို မြန်မာမုန့်အကြော်များ ကြော်၍ ကျွေးမွေးဒါနပြုပါမည်။
             ဗုဒ္ဓသာသနာထွန်းကားရာမြန်မာပြည်နှင့် ဝေးရာအရပ်တွင် နေနေရသည့် မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင်များသည်၊ မြန်မာပြည်ရှိ စာသင် တိုက်ကြီးများသို့ သွားရောက်၍ စာသင်၊ စာအံ၊ စာဖြေ၊ စာအောင် သံဃာများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များကို ထောက်ပံ့လှူဒါန်း၊ ကုသိုလ်ပြုရန် မလွယ်ပါ။ ထို့ကြောင့် မြန်မာပြည်တွင် ကုသိုလ်များပြုသကဲ့သို့ နှလုံးသွင်းဆင်ခြင်ပြီး၊ ဖြူစင်သော နှလုံးသားတွင် ဘုရားတည်နေကြသည့် (ဝါ) ကောင်းမှု သီလများ သင်ယူနေကြသည့် ယဉ်ကျေးလိမ္မာသင်တန်းမှ ကလေးများကို အထူးငွေကုန်စရာမလိုဘဲ မိမိတို့တနိုင်တပိုင် တတ်အားသ၍ လှုဒါန်းပံ့ပိုး  အားပေးလျှင်လည်း အထိုက်အလျှောက် ကုသိုလ်များ ရရှိနိုင်ပါသည်။
            အမေရိကန်ပြည်နှင့် အနောက်တိုင်းနိုင်ငံများရှိ တက္ကသိုလ်ကြီးများတွင် ပါဠိစာပေကို အထူးသင်ယူပြီးမှ ဗုဒ္ဓစာပေများကို လေ့လာခြင်း၊ ဘာသာပြန်ခြင်းများ လုပ်နိုင်ကြသည်။ မြန်မာစာတတ်ပုဂ္ဂိုလ်များအနေဖြင့် အခြားလူမျိုးများကဲ့သို့ ဗုဒ္ဓစာပေကို အင်္ဂလိပ်ဘာသာပြန်များ မှတဆင့် လေ့လာစရာမလိုဘဲ ခေတ်အဆက်ဆက် နှစ်အဆက်ဆက်က မြန်မာစာပေဖြင့် ရေးသားပြုစုပြီးဖြစ်သည့် ဗုဒ္ဓစာပေများကို မြန်မာစာဖြင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနိုင်ကြသည်ကို သတိမမေ့သင့်ပါ။ ဗုဒ္ဓစာပေရတနာများကို  သိသူများက ဖေါ်စားနေကြပြီး၊ မေ့နေသူနှင့် မသိသူများက ကျော်သွားနေကြပါသည်။  မြန်မာစာ တတ်ကျွမ်းခြင်းဖြင့် ထိုရတနာများကို ဖေါ်ထုတ် သုံးစွဲ ကျင့်ကြံ အားထုတ်နိုင်ပါသည်။
                  လက်ဦးဆရာ  မိဘများသည်  မိမိတို့ သားသမီးများကို သင်တန်းကျောင်း ပို့ရုံဖြင့် တာဝန်ကျေပြီဟု မယူဆဘဲ မိမိတို့ကိုယ်တိုင်က စံနမူနာ လက်ဦးဆရာဖြစ်အောင် ဘဝကိုအရှုံးမပေးဘဲ အတတ်နိုင်ဆုံး ကြိုးစားနေသင့်သည်။ ဗုဒ္ဓဘာသာအနှစ်သာရနှင့်၊ ဗုဒ္ဓယဉ်ကျေးမှုများသည် လောကီ လောကုတ္တရာ နှစ်ဖြာအတွက် အကျိုးရှိပုံများကို လေ့လာ ဖတ်ရှု ကြားနာ မှတ်သားပြီး သားသမီးများကို ရှင်းလင်းပြနိုင်သင့်သည်။  သို့မဟုတ်ပါက သားသမီးများသည် အခြား ဘာသာများ၏ ဖြားယောင်းသိမ်းသွင်းမှုကို အနှေးနှင့်အမြန် ခံရပေလိမ့်မည်။ လွတ်လပ်လွန်းအားကြီးသော ပတ်ဝန်းကျင်နှင့် ဒုစရိုက်များ ဆွဲဆောင်အားကြီးသော ပတ်ဝန်းကျင်တွင် ကြီးပြင်းရသောကလေးများသည် မကောင်းမှု ဒုစရိုက်များကို ဆင်ခြင်နိုင်မှု အားနည်းကာ သတိလက်လွတ်ပြီး ကျူးလွန်မိကြလိမ့်မည်။ နောင်မှ နောင်တရသည့် အဖြစ်မျိုး မဖြစ်ရလေအောင် မိမိတို့သားသမီးများကို ဗုဒ္ဓယဉ်ကျေးမှုများ သင်ကြားပေးရာ ကျောင်းများသို့ မအားလပ်သည့်ကြားမှ ကြိုးစား၍ပို့သင့်သည်။
မည်သည့်အတွက်ကြောင့် ယဉ်ကျေးလိမ္မာကျောင်းသို့ သွားသင့်ပါသလဲ ဟု သားသမီးများကမေးလာလျင် အဖြေရှိထားသင့်သည်။
ဗုဒ္ဓစာပေနှင့် မြန်မာစာတတ်ကျွမ်းခြင်း၏ အကျိုးကို သားသမီးများနားလည်လက်ခံနိုင်အောင် ရှင်းပြသင့်သည်။ အင်္ဂလိပ်စာတတ်ခြင်းဖြင့်  ခေတ်မီနည်းပညာများကို ဖေါ်ထုတ်သုံးစွဲနိုင်သလို မြန်မာစာတတ်ခြင်းဖြင့် ဗုဒ္ဓစာပေရတနာများကို ထုတ်ဖေါ်သုံးစွဲနိုင်ကြောင်း ရှင်းပြသင့်သည်။ အရာ မရောက်သော ပကာသနများထက် မိမိတို့သားသမီးများ ကျောင်းနေပျော်၍ စာတော်ဖို့ တတ်နိုင်သမျှ ကြံစည် အားထုတ်နေသင့်သည်။ မိမိတို့ သားသမီးများ၏ နှလုံးသားတွင် ငယ်စဉ်ကပင် ဘုရားတည်ထားသင့်သည်။
နှလုံးသားတွင် ဘုရားတည်ထားပြီးဖြစ်သော ကလေးများ ကြီးပြင်းလာသောအခါ လောကဓံကို ကြံ့ကြံ့ခံနိုင်သည့် နှလုံးသားပိုင်ရှင်များဖြစ်ကာ  စိမ်ခေါ်လျှင် တိမ်ပေါ်ထိတက်နိုင်သည့် အစွမ်းပိုင်ရှင်များ ဖြစ်လာနိုင်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြအပ်ပါသည်။ 
(ဓာတ်ပုံများ – အာရီဇိုးနား၊ ဖီးနစ်မြို့၊ ဓမ္မရသ၀ိဟာရကျောင်းတိုက် နွေရာသီကလေးသင်တန်းများ မြင်ကွင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts