>Due to Climate Change & Draught, Burmese Rice Production to be down

>

ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် လာမယ့်နှစ် မြန်မာ့ စပါးအထွက် လျော့မည်

ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၆၊ ၂၀၁၀
          အယ်လနီညို ဟုခေါ်ဆိုသည့် အပူရှိန်မြင့်ပြီး မိုးနည်းပါးသည့် ရာသီဥတု အကျိုးဆက်ကြောင့် လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ စပါးအထွက်မှာ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ မြန်မာ့နိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌါနမှ အရာရှိကြီး တဦးကပြောဆိုလိုက်ပါတယ်။
          လွန်ခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ နွေရာသီတလျောက်လုံး အပူရှိန်မြင့်တက်ပြီး မိုးအ၀င်နောက်ကျသည့် ဖြစ်စဉ်နှင့် မိုးရေချိန်ရရှိမှု ပုံမှန်ထက်နည်းပါးသည့်အချက်ကြောင့် စပါးစိုက်ပျိုးမှုကို ထိခိုက်လျက်ရှိပြီး တစ်နိုင်ငံလုံး စိုက်ဧက လျာထားချက် ၁၆ သန်းကို မပြည့်မီပဲ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ အဆိုပါ အရာရှိကြီးက ပြောဆိုတာပါ။
          အခြား စိုက်ပျိုးရေး ပညာရှင်တစ်ဦးကလည်း  “အခုအချိန် ဇူလိုင်လကုန်မှာ အားလုံး ကွင်းပိတ်ရတော့မယ့် အချိန်ပဲ၊ ဒါပေမယ့် စိုက်ပျိုးရေ မလုံလောက်လို့ ကွင်းမပိတ်နိုင်သေးဘူး၊ အထက်မြန်မာပြည်မှာ ဆည်တွေက ရေအလုံအလောက် မပေးနိုင်သေးသလို၊ အောက်ပိုင်း ဒေသတွေ ကျတော့လည်း ခါတိုင်းနှစ်ထက် မိုးရွာတာလျော့တယ်၊ နောက်ဇွန်လကုန်ခါနီးမှ ပျိုးသက်ရင့်တဲ့ ပျိုးစပါးပင်တွေကို အလုအယက် စိုက်ရတာဆိုတော့ စပါး အထွက်နှုန်းက လျာထားတာထက် လျော့နည်းနိုင်တယ်။ နောက် တချက်က တချို့နေရာတွေမှာ မိုးနည်းနည်းရွာတုန်း ပျိုးကြဲလိုက်ပြီးတော့ အပင်ဆက်တိုက်ကြီးထွားမယ့် အချိန်မှာ မိုးကရပ်သွားတော့ ပတ်ကြားအက်ပြီး လယ် မအောင်တာတွေရှိတယ်။ အဲလိုနေရာတွေမှာ လယ်သမားက မျိုးအပိုမရှိရင် ထွက်သလောက်နဲ့ပဲ ကျေနပ်ရမယ့်သဘောရှိတယ်။ မျိုးအပိုရှိလို့ ပြန်စိုက်ရင်လည်း အချိန်ကိုလုစိုက်ရမယ့် အခြေအနေကြောင့် အထွက်နှုန်းက လျော့ဦးမယ့် သဘောရှိတယ်” လို့ သူ့ခန့်မှန်းချက်ကို ပြောဆိုပါတယ်။
          လုံးဝရေမရနိုင်သည့် တချို့သော နယ်များတွင် စပါးအစား ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ စတဲ့ ရေများများမလိုအပ်တဲ့ စီးပွားဖြစ် သီးနှံတွေကို အစားထိုးစိုက်ပြီး ငွေပေါ်အောင် တောင်သူများက လုပ်နေရတယ်လို့လည်း အဆိုပါ စိုက်ပျိုးရေးပညာရှင်က ပြောပါတယ်။
          ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (အက်ဖ်အေအို ) ကလည်း ယခုနှစ်အတွင်း အာရှဒေသ ဆိုးရွားစွာ မိုးခေါင်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆန်အထွက် ခန့်မှန်းထားတာထက် လျော့နည်းနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
          အာရှဒေသမှာ ရာသီဥတုဖေါက်ပြန်တာကြောင့် မဲခေါင်မြစ်ရေ လျော့ကျမှုဟာ အနှစ် ၃၀ အတွင်းအဆိုးဆုံး အခြေအနေဖြစ်ပြီး စိုက်ပျိုးမြေဧက သန်းပေါင်းများစွာကို ထိခိုက်ခဲ့တယ်လို့လည်း အက်ဖ်အေအို ထုတ်ပြန်ချက်အရ သိရပါတယ်။
          အခုလိုမိုးခေါင်ခြင်းမှာ ၁၉၉၀ ခုနှစ်ဝန်းကျင်က ကယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိုးခေါင်မှုနဲ့ အလားသဏ္ဍန်တူပြီး နှစ်စဉ် မိုးရေချိန် လက်မ ၈၀ ၀န်းကျင်ရှိတဲ့ ကရင်ပြည်နယ်မှာလည်း အခုနှစ်မိုးရေချိန်ဟာ ထက်ဝက်ခန့်လျော့နည်းနေတယ်လို့ သိရှိရပါတယ်။
          စစ်အစိုးရအနေနဲ့ လယ်ယာစိုက်ပျိုးသူများအား ရာသီဥတုဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်နိုင်ရန် အသိပေးခြင်း၊ အကူအညီပေးခြင်း တို့သိပ်မတွေ့ရှိရပဲ ထွက်ရှိလာတဲ့ စပါးများအား ပြည်ပတင်ပို့ခြင်းဖြင့် အကျိုးအမြတ်ရရှိဖို့  နအဖ စစ်အစိုးရခေါင်းဆောင်များရဲ့ သားသမီးပိုင် ကုမ္ပဏီများနဲ့ အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးများက ဆန်စပါး လုပ်ငန်းရှင်အသင်းကို ယမန်နှစ်က ဖွဲ့စည်းခဲ့တာသာတွေ့မြင်နေရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts