>Sadako Sasaki cranes, Koeran culture and Burma

>

ဂျပန်ငှက်ရုပ်၊ ကိုရီးယားယဉ်ကျေးမှု နဲ့ မြန်မာပြည်
ကြယ်ဖြူ
သြဂုတ် ၅၊ ၂၀၁၀
လွန်ခဲ့သည့် ၆၅ နှစ် သြဂုတ် ၆ ရက်နေ့နောက်ပိုင်း ဂျပန် မိန်းကလေးတဦး၏ ကြေကွဲဖွယ် ဇာတ်လမ်းကို နိုင်ငံတကာတွင် ယနေ့တိုင် အမှတ်ရနေကြသည် (photo: Leiflet)

ကမ္ဘာကြီးပေါ်မှာ ၁၉၄၅ ခုနှစ် တုန်းက ကြောက်စရာအကောင်းဆုံး အဖြစ်ဆိုးကြီးတခု ပေါ်ပေါက်ခဲ့တယ်။ လူသားတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ မာန်မာနတို့ အားပြိုင်ရာ အတ္တတိုက်ပွဲတွေရဲ့ ဓားစာခံအဖြစ် ဂျပန်နိုင်ငံက ဟီရိုရှီးမား မြို့ကလေးဟာ တစစီ ကြေမွ ပျက်စီးခဲ့ရတယ်။ ကြောက်စရာ အကောင်းဆုံး အဏုမြူ ဆိုတဲ့ ဗုံးကြဲခံခဲ့ရတာလေ။ ခုလာမယ့် သြဂုတ် ၆-ရက်နေ့မှာ ပေါ့ … …

အပြစ်မဲ့တဲ့ လူသားတွေ သိန်းနဲ့ချီပြီး ကြွေလွှင့်ခဲ့ကြရတယ်။ မြို့ကလေးရဲ့ သုံးပုံ နှစ်ပုံဟာ ပြာကျသွားခဲ့ရတယ်။ အဏုမြူ အဆိပ်ငွေ့တွေ ကြားမှာ ကျန်ရစ်ခဲ့တဲ့ သူတွေကလည်း လူစဉ်မမီတဲ့ ဘ၀တွေနဲ့ တဖြည်းဖြည်း လွှင့်ပါးခဲ့ကြရရှာတာကလား။ တွေ့နေကျ တိုက်တာ အဆောက်အအုံတွေ၊ ဖြတ်သန်းနေကျ တံတားကြီးတွေ၊ လူအပြည့် တင်ဆောင်ထားတဲ့ ဓာတ်ရထားတွေ၊ အဘိုးနဲ့ အဘွား၊ အဖေနဲ့ အမေ၊ ကျောင်းက ခေါင်းဆောင်တွေ၊ ကျောင်းက ဆရာတွေ၊ အချစ်ဆုံး သူငယ်ချင်းတွေ၊ နေ့စဉ် ရောင်းဝယ်နေကြတဲ့ ဈေးသည်တွေ၊ နိုင်ငံမှာ အားကိုးရတဲ့ အလုပ်သမားတွေ၊ အပြစ် ကင်းလှတဲ့ ချစ်စရာ ကျောင်းသားလေးတွေ၊ ၀၀ကစ်ကစ်နဲ့ ရယ်မောနေတဲ့ ကလေးငယ်လေးတွေ၊ သူတို့တွေ၊ သူတို့တွေ အားလုံးဟာ စူးရှတဲ့ အလင်း တခုအောက်မှာ … … ၊ ကျယ်လောင်တဲ့ မြည်ဟည်းသံကြီးတွေ အောက်မှာ … … ၊ေ၀၀ါးနေတဲ့ အခိုးအငွေ့တွေ အောက်မှာ … … တစစီ ပြတ်တောက် ပျောက်ကွယ်သွားခဲ့ကြတယ်။

တွဲလဲခိုနေတဲ့ အရေပြားစတွေ၊ စုတ်ပြတ်နေတဲ့ အ၀တ် အပိုင်းအမျှင်တွေ၊ ပြန့်ကျဲနေတဲ့ ဦးနှောက်တွေ၊ ခန္ဓာ အစိတ်အပိုင်းတွေ ကြားမှာ ကွဲပြဲကျိုးကြေလု ခပ်တဲတဲ ခြေထောက်တွေနဲ့ ထိပ်လန့်တကြား ပြေးလွှားနေကြတယ်။ မီးခိုးငွေ့တွေ၊ ပြာမှုန်တွေ၊ ဝေ့၀ဲ ရှုတ်ထွေးနေတဲ့ အပျက်အစီးပုံတွေ ကြားမှာ အရာရာဟာ နေပူကျစ်ကျစ်ထဲမှာ ဖြစ်ညှစ် ခံထားရသလိုမျိုး ပူလောင် မာကြော တင်းကြပ်ပြီး လေးလံ ထိုင်းမှိုင်းနေခဲ့တယ်။ ဒဏ်ရာ ဒဏ်ချက်တွေ ဗရပွနဲ့ ကျန်ရစ်ခဲ့ကြရှာတဲ့ မှေးမှိန်ေ၀၀ါးတဲ့ မျက်လုံးတွေဟာလည်း ဟီရိုရှီးမား ဆေးရုံရဲ့ မျက်နှာကျက်တွေကို နာကျင် ခါးသီးစွာ ငေးမောရင်း တအိအိ ချုပ်ငြိမ်းကြရရှာတယ်။

အဲဒီလို နာကျည်းမှု၊ ညှိုးငယ်မှုတွေကြားမှာ အသက် ၁၂-နှစ်အရွယ် အဏုမြူ အဆိပ်သင့် လျူကေးမီးယား ဝေဒနာရှင်မလေး ဆားဒါးကိုးဆာဆခိ ဟာ နွမ်းနယ်နေတဲ့ ပိန်လှီလှီ ခန္ဓာကိုယ်လေးနဲ့ သံကုတင်ပေါ်မှာ လှဲလျောင်းနေရင်း စက္ကူကြိုးကြာရုပ်လေးတွေကို ပင်ပန်းကြီးစွာ ခေါက်နေပါတယ်။ သူမရဲ့ နံဘေးမှာလည်း ရောင်စုံစက္ကူ အပိုင်းအစတွေ၊ သကြားလုံး စက္ကူလေးတွေ၊ ဆေးပုလင်းက စက္ကူပတ်လေးတွေ၊ သတင်းစာ အပိုင်း အစတွေ ပြန့်ကျဲနေပါတယ်။

ကြောက်စရာ အဖြစ်ဆိုးတွေနဲ့ အတူ စစ်ကြီး ပြီးသွားခဲ့တာ ၁၀-နှစ် ကျော်ခဲ့ပေမယ့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေဟာ တဖြုတ်ဖြုတ် သေဆုံးနေကြရတုန်းပါပဲ။ ကြိုးကြာ ဆိုတာ သမီးတို့ ဂျပန်ရိုးရာမှာ အထွဋ်အမြတ်ထားတဲ့ ငှက်ပါ။ သူဟာ သမီးတို့ ဆုတောင်းတွေကို ကောင်းကင်ဘုံက ဘုရားဆီ သယ်ဆောင်ပေးတယ်လေ။ လူသားတွေ အားလုံးကိုလည်း အဏုမြူရန်က ကင်းဝေးစေချင်တယ်။ အဲဒီ ဆုတောင်းတွေကို သယ်ဆောင်ပေးနိုင်အောင် ကြိုးကြာ ၁၀၀၀ ပြည့်အောင် လုပ်မယ်။ ခု … သမီး ခေါက်ထားတာ ၆၀၀-ကျော်ပြီ။ ကြိုးကြာ ၁၀၀၀-ပြည့်တာနဲ့ သမီး ပြန်နေကောင်းလာမှာပါ။ အဲဒီအခါကျရင် သမီးလို အဏုမြူအဆိပ်သင့် လူနာတွေဆီကို သွားပြီးပြုစုမယ်။ အားပေးမယ်။ ဒါ… သမီးရဲ့ မျှော်လင်းချက်တခုပဲ တဲ့။

၁၉၅၅ အောက်တိုဘာ ၅-ရက်နေ့မှာ အဏုမြူ အဆိပ်သင့် ကလေးငယ်လေး ဆာဆခိဟာ သူခေါက်ထားတဲ့ ကြိုးကြာရုပ်လေးတွေကြားမှာ ထာဝရ အိပ်ပျော်သွားခဲ့ပါတယ်။ သူချစ်တဲ့ ကမ္ဘာကြီးနဲ့ ကျနော်တို့ အားလုံးကို အပြီးတိုင် ကျောခိုင်းသွားခဲ့တဲ့ အချိန်မှာ သူမ ခေါက်ထားတဲ့ စက္ကူ ကြိုးကြာရုပ်ကလေးပေါင်း ၆၃၄ ခုသာ ရှိပါသေးတယ်။ သူမ သတင်းကို ကြားကြားချင်း သူမရဲ့ သူငယ်ချင်းတွေ ရောက်လာကြပြီး လိုနေတဲ့ စက္ကူကြိုးကြာရုပ်ကလေးပေါင်း ၃၆၆-ခုကို ခေါက်ပေးခဲ့ကြတယ်။ သူမကို သင်္ဂြိုဟ်တဲ့ အချိန်မှာတော့ သူမရဲ့ နံဘေးမှာ ကောင်းခြင်း ဆုတောင်းတွေကို သယ်ဆောင်ပေးမယ့် ကြိုးကြာရုပ်ကလေးပေါင်း ၁၀၀၀ ၀ိုင်းရံလျက်ပါ။

၁၉၅၈ ခုနှစ်မှာ ဂျပန်လူငယ်လေးများက စုပေါင်း ကောက်ခံငွေနဲ့ ဟီရိုရှီးမားက ငြိမ်းချမ်းရေး ပန်းခြံကြီးထဲမှာ ဆာဒါးကိုးဆာဆခိ ရဲ့ ရုပ်ထုကို ပြုလုပ်ခဲ့ကြပါတယ်။ ဆာဆခိကို အကြောင်းပြုပြီး စက္ကူကြိုးကြာခေါက်တဲ့ အသင်းများ၊ ကလပ်များ ပေါ်ပေါက်လာပါတယ်။ သြဂုတ်လ ၆-ရက်နေ့ကို ရောက်တိုင်း ကြိုးကြာခေါက် အသင်းဝင် ကလေးတွေက သူတို့ လုပ်ထားတဲ့ စက္ကူကြိုးကြာရုပ် ထောင်ပေါင်း များစွာကို ငြိမ်းချမ်းရေးပန်းခြံမှာရှိတဲ့ ဆာဆခိရဲ့ ခြေရင်းမှာ သွားရောက် စုပုံထားကြပါတယ်။

ဒီလိုနဲ့ စက္ကူကြိုးကြာ ၁၀၀၀ ခေါက်ပြီး ဆုတောင်းရင် ပြည့်တယ်ဆိုတဲ့ ဓလေ့တခု ခေတ်စားလာတယ် ဆိုရမှာပါ။ မြန်မာနိုင်ငံမှာတော့ ကိုရီးယားကားတွေ ထဲမှာ ကြိုးကြာ ၁၀၀၀ ခေါက်ပြီး ဆုတောင်းရင် ရည်းစားနဲ့ ညားတယ်လို့ ပါတာကြောင့် အိုမီဂါရီ စက္ကူထုပ်လေးတွေ အရောင်း သွက်ခဲ့ရတယ်။ လူငယ်တွေကလည်း ကြိုးကြာရုပ်လေးတွေခေါက်၊ ပုလင်းထဲ ထည့်ပြီး ကိုယ်ချစ်တဲ့ သူတွေကို ပေးကြတယ်။ လူငယ်တွေ အတွက်ကလည်း ကိုရီးယားကားက လွဲပြီး ကြည့်စရာ ဗဟုသုတ ဆိုလို့ တီဗီမှာက ပဂိုးဒါးနဲ့ ဆိုးဂျားပဲ ရှိတော့ ဘာဖြစ်ဖြစ် ကိုးရီးယား ပြောတာပဲ ယုံနေကြရရှာတယ်။ ကိုးရီးယားကားတွေမှာ ဆိုရင် ဂျပန်ပုံစံတွေကို အဓိက အတု ခိုးတတ်ပြီး၊ အောင်မြင်နေတဲ့ သူတို့ ရုပ်ရှင်တွေကနေ ကမ္ဘာကို ချချပြလေ့ ရှိတာ တွေ့ရတယ်။ ဟိုတခါတုန်းကလည်း ကိုရီးယားက နိုင်ငံတော် ဧည့်ခံပွဲတခုမှာ ဂျပန်အရာရှိကို ရိုးရာ ကြွေပန်းကန်လုံး ယဉ်ကျေးမှုတခုဟာ ကိုးရီးယားကစတယ် ပြောလို့ နိုင်ငံ အရာရှိချင်း စကားစစ်ထိုးခဲ့ကြသေးတယ်။ ရွှေချည်ထိုးလိုမျိုး မြန်မာ့ရိုးရာ လက်မှုတွေကို ထိုင်းက အော်ဒါမှာပြီး Made in Thailand တံဆိပ်နဲ့ ကမ္ဘာကို ဖြန့်သလို နေမှာပေါ့နော်။ ထားပါတော့…။

ဒီလို သြဂုတ်လကို ရောက်ပြီ ဆိုရင် ကျနော်တို့ နိုင်ငံကလူငယ်တွေကြား ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်တဲ့ သမိုင်းတခုကလည်း ပြည်လည် အမှတ်ရစရာပါပဲ။ ကျနော်တို့ မြန်မာလူငယ်တွေ အနေနဲ့ အခုချိန်မှာ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး အဏုမြူစိန်ခေါ်မှု သတင်းတွေနဲ့အတူ စိုးရိမ်စရာတွေ ပြည့်နက်နေတဲ့အချိန် ဖြစ်လေတော့ ကြိုးကြားရုပ်တွေ ခေါက်ပြီး ရည်းစားကို ပေးတာနဲ့စာရင် ဟီးရိုရှီမားနေ့ ကမ္ဘာ့ ငြိမ်းချမ်းရေး အထိမ်း အမှတ်နဲ့ အတူ မြန်မာနိုင်ငံ လွတ်မြောက်ရေး ဝိလေးဝိ နှစ်ပတ်လည် အတွက် ကြိုးကြားရုပ်လေးတွေ ၁၀၀၀ ပြည့်အောင် ခေါက်ပြီး ဆုတောင်းကြရရင် ပိုမကောင်းပေဘူးလားခင်ဗျာ။

အမေရိကန် ပြည်ထောင်စု ဆီယက်တယ်မြို့တွင် တွေ့ရသော ဆာဆခိ ရုပ်တု (photo: seakayaker)

[မူရင်း – strawberrywine.ning.com]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts