>Summer Classes for Buddhism for Bumrese Children in SF Bay Area

>

ဆန်ဖရန်ဘေးဧရိယာ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများ စည်ကား
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၅၊ ၂၀၁၀
သည်လဆန်းမှ စတင်ပြီး ၁ပတ်တာ ကြာမယ့် ကလေးသူငယ်များနှင့် လူငယ်လေးများအတွက် နွေရာသီ ဘာသာရေးသင်တန်းများ စတင်နေပြီ ဖြစ်ပါတယ်။ ဖရီးမောင့်မြို့ မေတ္တာနန္ဒ ၀ိဟာရမှာ (သြဂုတ် ၁ က  ၈ အထိ) နဲ့ ဟတ်ဖ်မွန်းဘေးမြို့ ဓမ္မနန္ဒ ၀ိဟာရကျောင်းတိုက်တွေမှာ (ဇူလိုင် ၃၁ က သြဂုတ် ၇ အထိ) လက်ခံသင်ကြားပေးနေပါတယ်။ ခရီးဝေးက မိဘတွေက သားသမီးများကို ညအိပ်ထားရှိပြီး သင်တန်းကို တက်ရောက်စေတာမို့ မြန်မာမိသားစုတွေရဲ့ စေတနာ သဒ္ဒါတရား၊ ကိုယ်ထူကိုယ်ထ လုပ်အားပေးများနဲ့ ကျောင်းထိုင် ဆရာတော်၊ သံဃာတော်များရဲ့ ၀ိုင်းဝန်း ဆောင်ရွက်မှုတွေကြောင့် စည်ကားအောင်မြင်တယ်လို့ သိရပါတယ်။
ဖရီးမောင့်ကျောင်းမှာ ကျောင်းသားပေါင်း ၁၀၀ ကျော်၊ ညအိပ်ကျောင်းသား ၂၀ နီးပါး ရှိပြီး၊ ဟတ်ဖ်မွန်းဘေးကျောင်းမှာတော့ ကျောင်းသား ၆၀ ကျော်က ညအိပ်ကျောင်းသားများအဖြစ် တက်ရောက်နေကြတယ်လို့ ဆိုပါတယ်။ တပြိုင်နက်တည်းမှာပဲ ဆန်ဟိုဇေးမြို့ တထာဂတကျောင်းတိုက်မှာလည်း လူငယ်များအတွက် တရားစခန်း စတင်နေပြီး သြဂုတ် ဒုတိယပတ်မှာ ကလေးသူငယ်များအတွက် ဘာသာရေးသင်တန်း စတင်မယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ အဝေးကို ရောက်ရှိနေပြီး အသက် ၄၊ ၅ နှစ်က စလို့ ဆယ်ကျော်သက် လူငယ် ၁၆၊ ၁၇ အရွယ်အထိ မြန်မာကလေးနဲ့ လူငယ်တွေဟာ မိဘတွေရဲ့ တိုက်တွန်းမှုတွေကြောင့် အဆိုပါသင်တန်းတွေ တက်ရောက်ကြပါတယ်။ ဒီထက်ပိုပြီး စိတ်ပါဝင်စားလာတဲ့ လူငယ်ဆယ်ကျော်သက်တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ စေတနာဝန်ထမ်းလုပ်အားပေးတွေ၊ လက်ထောက် သင်တန်းအကူဆရာတွေ ဖြစ်လာကြတယ်လို့ ကျောင်းထိုင်သံဃာတော်တွေက မိုးမခကို ပြောပြပါတယ်။
ဘာသာရေးအခြေခံအဖြစ် ဘုရားရှိခိုး၊ သီလဆောက်တည်ခြင်း၊ ဗုဒ္ဓ၀င်၊ ပါရမီ ၁၀ ပါး၊ မင်္ဂလာတရားတော်များ၊ တရားမှတ်ခြင်း၊ မေတ္တာပို့နည်း၊ ဗုဒ္ဓဟောကြားသော တရားတော်များ၊ ကိုယ်ကျင့်တရားများ စသည်တို့ကို ကလေးသူငယ်များနဲ့ ဆရာတော်တွေက ဆွေးနွေး ရှင်းလင်းမှုတွေနဲ့ စိတ်ရှည် လက်ရှည် သင်ကြားကြတာ ဖြစ်တယ်လို့ ဖရီးမောင့် မေတ္တာနန္ဒကျောင်းတိုက်က ဆရာတော် ဦးဉာဏိကာဘိဝံသ မိန့်ကြားပါတယ်။  ကျောင်းမှာ အခြေခံ၊ အလယ်တန်းနဲ့ အထက်တန်း ဆိုပြီး အဆင့် ၃ ဆင့် ထားတယ်လို့ သိရပါတယ်။ ကျောင်းမှာ ယခုဆိုရင် ၁၂ ကြိမ်မြောက် နွေရာသီသင်တန်းဖြစ်ပါတယ်။ အယ်လ်အေနဲ့ နယူးယောက်က အာဂန္ဒု ဆရာတော်များကလည်း ကြွရောက်ပြီး ကူညီတယ်လို့ ဆိုပါတယ်။
ဟတ်ဖ်မွန်းဘေး ဓမ္မနန္ဒ၀ိဟာရ ကျောင်းတိုက်က ဆရာတော် ဦးသြသဓက မိုးမခကို မိန့်ကြားရာမှာ ထိုကျောင်းတိုက်မှာ ယခုဆိုရင် ၁၈ နှစ် ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဟတ်ဖ်မွန်းဘေးကျောင်းကို မပြောင်းရွှေ့ခင်ကတည်းက နွေရာသီသင်တန်းတွေ ဆောင်ရွက်ခဲ့တယ် လို့ သိရပါတယ်။ ထိုကျောင်းမှာတော့ အကြိုတန်းအဖြစ် သြကာသတန်းဆိုပြီး ၅၊ ၆၊ ၇ နှစ် ကလေးငယ်များအတွက် တတန်း၊ ၈နှစ်မှ ၁၄ နှစ်အထိအတွက် ပုံမှန် အတန်း ၃ တန်း၊ ၁၅ – ၁၆ နှစ် ကောလိပ်ကြို လူငယ်များအတွက် ၂ တန်း ဆိုပြီး ထားရှိတယ်လို့ ဆိုပါတယ်။ ညအိပ် ညနေ ကလေးသူငယ်များကို လက်ခံရတဲ့သင်တန်းဖြစ်တဲ့အတွက် စနစ်တကျရှိအောင် အများကြီး ကြိုးစားခဲ့ကြတယ်လို့ ပြောပြပါတယ်။
ဖရီးမောင့်က ဆရာတော် အရှင်ဉာဏိက ပြောကြားရာမှာ ရေရှည်မှာ ကလေးသူငယ်များသင်တန်းကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်၊ တည်တန့်ခိုင်မြဲစေရန် သီးသန့်ရန်ပုံငွေတရပ် ထူထောင် ဆောင်ရွက်ကြရန် ဒကာ၊ ဒကာမများနှင့် တိုင်ပင်လျက် ရှိကြောင်း၊ စာမေးပွဲများ စစ်ဆေးပြီး အောင်လက်မှတ်များ ပေးအပ်ခြင်း၊ ဂုဏ်ပြုဆု ချီးမြှင်းခြင့်တို့ ပြုလုပ်မည် ဖြစ်ကြောင်း ပြောပြပါတယ်။
ဟတ်ဖ်မွန်းဘေးက ဆရာတော် ဦးသြသဓက –
“ကလေးတွေ၊ လူငယ်တွေက သင်တန်းပြီးတဲ့အခါ အက်ဆေးတွေ ရေးကြရတယ်။ အဲသည်မှာ ကလေးတွေ၊ လူငယ်တွေရဲ့ အတွေးအမြင်တွေဟာ အလွန်စိတ်ဝင်စားစရာကောင်းတာကို တွေ့ရတယ်။ ဗုဒ္ဓဘာသာတရားရဲ့ အခြေခံအုတ်မြစ်ကို ကလေးသူငယ်တွေအတွက် ချမှတ်ပေးလိုက်ရတာဟာ အလွန်ကို မင်္ဂလာရှိပါတယ်”
လို့ ပြောကြားပါတယ်။
မိုးမခမိတ်ဆွေ မိဘတဦးက ပြောကြားရာမှာ
“အခု ကျနော့်ကလေးတွေက ၁၂ နှစ် ၁၃ နှစ် ရောက်ကြပြီ။ တနေ့က ကျနော်က မေးတယ်။ ဗုဒ္ဓဘာသာဟာ တခြားဘာသာတွေနဲ့ ဘာကွာသလဲ လို့ မေးကြည့်တယ်။ သူတို့က တညီတညွတ်တည်း ဖြေတယ်။ ဖန်ဆင်းရှင်ကို ယုံကြည်တဲ့ ဘာသာမဟုတ်ဘူးလို့ သူတို့က အရင်ဆုံး ပြန်ဖြေတယ်။ အဲသည်လိုမျိုး ဖြေတာကို ကျနော်ကတော့ သဘောကျပါတယ်။”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts