Op-Ed Tu Maung Nyo

Tu Maung Nyo – Shwe Man, the law breaker

“၂၀၀၈ အခြေခံဥပဒေ” ကို ချိုးဖောက်နိုင်သူ ဗိုလ်ရွှေမန်း

တူမောင်ညို (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်)

            သမ္မတ(ဦး)ဗိုလ်သိန်းစိန်၏ “တရားဥပဒေစိုးမိုးရေး” ဆိုသည်မှာ လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းပြုသမျှကို “လွှတ်တော်ကိုယ်စားလှယ်အများစု၏ သဘောဆန္ဒအရ အတည်ပြုထားခြင်းဖြစ်သောကြောင့် အများဆန္ဒကို အလေးဂရုပြုသောအားဖြင့်” ဟူသော စကားရပ် ဖြင့် နာခံရခြင်းဖြစ်သည်။

“အများဆန္ဒ”ဆိုသည်မှာလွှတ်တော်တွင်းရှိကြံ့ဖွံ့အမတ်အများစု၏ဆန္ဒဖြစ်ပါသည်။“စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ”ဆိုသည်မှာလည်း ထိုကြံ့ဖွံ့အမတ်အများစု၏ ဆုံးဖြတ်ချက်ကို နာခံရခြင်းပင်ဖြစ်ပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်၏ “တရားဥပဒေစိုးမိုးရေး” ဆိုသည်မှာလည်း “လွှတ်တော်တွင်း အသံတိတ်နေထိုင်ခြင်း”နှင့် ဗိုလ်ရွှေမန်း ၏ လွှတ်တော်တွင်းလုပ်ဆောင်မှုများကို (ဆွေးနွေးဝေဖန်ခြင်းပင်မပြုဘဲ) ဒီချုပ်အမတ်များက ထောက်ခံမဲပေးရခြင်းမျိုးသာဖြစ်မည်ဟု ခန့် မှန်းရပါသည်။

ဥပဒေတွင် ဆိုရိုးစကားတစ်ခုရှိပါသည်။ (Ignorance of Law is no excuse) “ဥပဒေကို မသိဘူးဆိုရုံမျှဖြင့် ကင်းလွတ်ခွင့် မရနိုင်” ဆိုသည့် စကားပဲဖြစ်ပါသည်။

သို့သော် ဗိုလ်ရွှေမန်းအပါအဝင် လွှတ်တော်အမတ်မင်းများသည် သိလျက်နှင့်ပင် ဥပဒေကို ချိုးဖောက်ခဲ့ကြသည်။ ချိုးဖောက် နေဆဲဖြစ်သည်။ ဗိုလ်ရွှေမန်းတို့အုပ်သည် “၂၀၀၈ အခြေခံဥပဒေ” စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့ကြသည်။ ထိုဥပဒေဖြင့်ပင် သူတို့သည် “ရွေးကောက်ခံအမတ်များ” ဖြစ်လာကြခြင်းဖြစ်သည်။

 ယင်းသို့သောနောက်ခံများနှင့် ဖြစ်ရပ်များကိုသိသော်လည်း ဒီချုပ်အမတ်များသည် လွှတ်တော်တွင်း၌ ထိုလုပ်ရပ်များနှင့် ပတ်သက်လျှင် ရေငုံနှုတ်ပိတ်လုပ်နေကြသည်။ ပူးပေါင်း ပါဝင် ထောက်ခံမှုပင်ပြုနေကြပါသည်။

ဗိုလ်ရွှေမန်းတို့အုပ်သည် “၂၀၀၈အခြေခံဥပဒေ” ကို မည်သို့ချိုးဖောက်နေကြသနည်း။

လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းသည့်ဥပဒေများသည် အခြေခံဥပဒေနှင့်မဆန့်ကျင်ရန်လိုအပ်ပါသည်။ သို့သော်လည်း ဗိုလ်ရွှေ မန်းတို့အုပ်သည် အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်ပြီး ဥပဒေများပြဋ္ဌာန်းခဲ့ကြသည်။ ပြဋ္ဌာန်းနေကြသည်။

ဆန့်ကျင့်ချိုးဖောက်နေမှုများကို ဥပဒေပုဒ်မအရအတိအကျ ပြောရမည်ဆိုလျှင် အခြေခံဥပဒေပုဒ်မ ၄၈၊ ပုဒ်မ ၁၉၈၊ ပုဒ်မ ၄၄၆ ၊ ပုဒ်မ ၄၄၉ တို့ကို အတိအလင်းချိုးဖောက်ထားပါသည်။

 ဖြစ်ရပ်အနေဖြင့်တစ်ခုချင်းအစဉ်လိုက် ပြောရလျှင် –

– ဦးသိန်းစိုးခုံရုံးဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ  ၂၈ ရက်)

– ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ခုံရုံးအဖွဲ့ဝင်များကို ထုတ်ပယ်ခြင်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် )

– “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ” ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း (၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)

– ဦးမြသိန်းအပါအဝင် ခုံးရုံးအဖွဲ့(သစ်)ခန့်အပ်တာဝန်ပေးအပ်ခြင်း  (၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်)

တို့ပင်ဖြစ်ပါသည်။

အဆိုပါဖြစ်ရပ် ၃ ခုတွင် ဗိုလ်ရွှေမန်းတို့အုပ်သည် သူတို့စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သော “၂၀၀၈ အခြေခံဥပဒေ” ကိုပင် ဘေးချိတ်ပြီး စိတ်ကြိုက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ အခြေခံဥပဒေပုဒ်မ ၃၈၄ ကို ချိုးဖောက်ကြခြင်းဖြစ်သည်။  

ဦးသိန်းစိုးခုံရုံး၏ “ဆုံးဖြတ်ချက်”ကို ပယ်ဖျက်ရာ၌ တည်ဆဲဥပဒေကို ကျော်လွန်ချိုးဖောက်ခဲ့ပြီး။ ခုံရုံးဥပဒေပြင်ဆင်ပြဋ္ဌာန်းရာ တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခဲ့ပါသည်။

ဦးသိန်းစိုးခုံရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရာ၌ အခြေခံဥပဒေပုဒ်မ ၃၂၄ ကိုချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး။ “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ” ကို ပြင်ဆင်ပြဋ္ဌာန်းရာ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၁၊ ပုဒ်မ ၃၂၃၊ ပုဒ်မ ၃၂၄၊ ပုဒ်မ ၃၂၇ တို့ကို တိတိလင်းလင်းဆန့်ကျင်ချိုးဖောက်၍ ပြင်ဆင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။

ယင်းသို့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ပြင်ဆင်ပြဋ္ဌာန်းခဲ့သော ဥပဒေဖြင့် ဦးမြသိန်းအပါအဝင် ခုံးရုံးအဖွဲ့ (သစ်) ကို ခန့်အပ်ခဲ့ပြန်ပါသည်။

Rule of law ကိုပြောကြမည်၊ လက်တွေ့ကျင့်သုံးကြမည်ဆိုလျှင် အနိမ့်ဆုံးအားဖြင့် မိမိတို့စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့ကြ သော အခြေခံဥပဒေကို တိတိကျကျ လေးစားလိုက်နာဖို့လိုပါသည်။ ကိုယ်လိုချင်သည့်အဓိပ္ပါယ်ကို ဆွဲယူမဖွင့်ဆိုကြဖို့လိုသည်။

            ဗိုလ်ရွှေမန်းတို့လုပ်နေသည့်လုပ်ရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၈ “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့်ဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် သည်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်သည်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်” ဟူသောပြဋ္ဌာန်းချက်ကို တိတိလင်းလင်းချိုးဖောက်နေပါသည်။

            ယခုလည်း မကြာမီက ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာဥပဒေ” နှင့်“အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ” တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး က စိစစ်ပေးရန်တာဝန်ရှိကြောင်း သမ္မတ(ဦး)ဗိုလ်သိန်းစိန် ထုတ်ဖေါ်ပြောဆိုထားပြန်ပါသည်။

            ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ၊ ဖွဲ့စည်းထားသည့်အခြေခံဥပဒေဆိုင်ရာခုံရုံးသည် အခြေခံဥပဒေနှင့် ညီညွတ် ခြင်းရှိ/ မရှိ မည်သို့ စိစစ်ဆုံးဖြတ်မည်လဲ။ ဤအချက်ကပင် ယနေ့ (နဝတ-နအဖ) စစ်အုပ်စု၏ အမွေခံ ကြံ့ဖွံ့စစ်တစ်ပိုင်းအစိုးရ၏ လိမ်ညာမှု လှည့်စားမှုကို အထင်းသား၊ အရှင်းသားလှစ်ဟပြနေခြင်းပင်ဖြစ်ပါသည်။ သူတို့သည် သူတို့စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေ ကိုပင် လေးစားလိုက်နာမှုမရှိချေ။

            မှန်တန်းဥပဒေတစ်ရပ်သည် ဥပဒေအနှစ်သာရ ( spirit of law) နှင့် ဥပဒေအရေးအသား (letter of law) ညီညွတ်ရန်လိုအပ် ပါသည်။ ရှေ့နောက်ညီညွတ်ရန် (cosistency) လိုပါသည်။

            “၂၀၀၈ အခြေခံဥပဒေ” ၏ ဥပဒေအနှစ်သာရ( spirit of law) မှာ “စစ်အာဏာရှင်စနစ်သာလျှင်ဖြစ်ပြီး၊ ဥပဒေအရေးအသား (letter of law) မှာလည်း ယင်းအနှစ်သာကို ဒီမိုကရေစီမျက်နှာဖုံးတပ်ပေးရန်နှင့် အကာအကွယ်ပေးရန်သာဖြစ်သည်။ လေ့လာသုံးသပ်မည်ဟု ကြံ့ဖွံ့ထိပ်သီးများပြောနေသည်မှာ “၂၀၀၈အခြေခံဥပဒေ”၏ အနှစ်သာရအား သုံးသပ်/ ပြင်ဆင်ရန်မဟုတ်ချေ။ အပေါ်ယံအသွင် သဏ္ဍာန်ကိုသာ သုံးသပ်/ ပြင်ဆင်ရန်ဖြစ်သည်။

                  သြဂုတ်လ ၆ ရက်နေ့တွင် ဗိုလ်ရွှေမန်းဦးစီး၍ ပြုလုပ်ခဲ့သော “တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေ ကြမ်းဆွေးနွေးပွဲ”တွင် “ဖက်ဒရယ်” သို့သွားရန် အချုပ်အားဖြင့် နည်းလမ်းနှစ်ခုရှိကြောင်း၊ “၂၀၀၈  အခြေခံဥပဒေအား လုံးဝပြောင်းလဲ သည့်နည်းဖြင့် အကောင်အထည်ဖော်ခြင်းနှင့် “၂၀၀၈အခြေခံဥပဒေ” တွင် ပေးအပ်ထားသည့် အချက်များအား လိုအပ်သလို ပြောင်းလဲ ပြင်ဆင်ခြင်းနည်းလမ်းတို့ ဖြစ်ကြောင်း၊ အဆိုပါနည်းလမ်းနှစ်ခု အနက် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဒုတိယနည်းလမ်းသာ အသင့် တော်ဆုံးဖြစ် သည်ဟု သုံးသပ်ခဲ့ကြမဟုတ်သလော။

သို့ပါ၍ “၂၀၀၈ အခြေခံဥပဒေ” ကို ပုဒ်မတစ်ခုချင်း၊ စာသားတစ်ပိုဒ်ခြင်း လေ့လာသုံးသပ်နေမည် /ပြင်ဆင်နေကြမည်ဆိုလျှင်  စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု မှတ်တိုင်သို့ ခရီးဆက်နိုင်လိမ့်မည် မဟုတ်ပါ။

“၂၀၀၈ အခြေခံဥပဒေ” ကို လုံးဝဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲမှသာ ဖြစ်နိုင်ပါလိမ့်မည်။

ညွန်း

– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

– သတင်းထုတ်ပြန်ချက် (၁၄/၂၀၁၃) ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်

– သတင်းထုတ်ပြန်ချက် (၁၅/၂၀၁၃) ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်

(Photo – Irrawaddy)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts