>Htain Linn Article – 68

> နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၈)

ဗိုလ်အောင်ကျော်နေ့ နှင့် စာပေအနုပညာ
ထိန်လင်း
ဇူလိုင် ၂၅၊ ၂၀၁၀


မျိုးချစ်စိတ်ဆိုတာ သီးသန့် သင်တန်းပေးပြီး မွေးယူစရာမလိုဘူး ဆိုတဲ့အချက်ကို ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပြီး နိုးကြားလာတဲ့ လူထုရဲ့စိတ်ဓာတ်၊ အနုပညာသည်တွေရဲ့ လှုံ့ဆော်မှုတွေက သက်သေခံနေပါတယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်အောင်ကျော်ရဲ့ ဈာပနမှာ ကျောင်းသားတွေသာမက ရဟန်းသံဃာတော်တွေ၊ သီလရှင်တွေ၊ နိုင်ငံရေးနယ်ပယ်များက ပုဂ္ဂိုလ်တွေ၊ ဗမာ့လက်ရုံးတပ်၊ ရဲတပ် အစရှိတဲ့ အဖွဲ့အစည်းဝင်တွေ ပြည်သူတွေက တက်ရောက်ခဲ့ကြပါတယ်။

တကသ အဆောက်အအုံရှေ့ကနေ သယ်ဆောင်သွားတဲ့ ရုပ်ကလာပ်က ကြံတောသုသာန်ကို ရောက်ရှိသွားတာတောင် စတင်ထွက်ခွာတဲ့ သမဂ္ဂရှေ့မှာ လူမကုန်သေးဘူးလို့ သိရပါတယ်။ ဗိုလ်အောင်ကျော် ကျဆုံးတဲ့သတင်းက ချက်ချင်းပျံ့နှံ့သွားတာကြောင့် အချိန်တိုအတွင်း တတိုင်းပြည်လုံး သိကုန်ပါတယ်။ အဲဒီအချိန်ဟာ ရေနံမြေသပိတ်တပ်ကြီး ပြည်မြို့ကို ရောက်ရှိချိန်ဖြစ်ပါတယ်။ ဒါကြောင့် သပိတ်တပ်အားလုံးက ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ချီတက်ပွဲကို ၁ ရက် ရပ်နားပြီး အစာငတ်ခံ ဆန္ဒပြကြပါတယ်။ အဲဒါနဲ့ မရှေးမနှောင်းမှာပဲ မန္တလေးမြို့မှာ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတဲ့ လူထုဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒါတွေဟာ ကျောင်းသားသပိတ်ရဲ့ နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပါတယ်။

တကယ်တော့ ကိုအောင်ကျော်ရဲ့ ဈာပနအခမ်းအနားဟာ သာမန်ကျောင်းသားတစ်ယောက်ရဲ့ ဈာပနမဟုတ်ဘဲ ကိုလိုနီစနစ်ဆိုးကြောင့် လွတ်လပ်ရေးအတွက် သွေးမြေကျခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့ ဈာပနဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်က ပြည်သူလူထုရဲ့ စိတ်ဓာတ်ဟာ သာမန်စိတ်ထိခိုက်တဲ့ ခံစားမှုသာ မဟုတ်ဘဲ အမျိုးသားရေးစိတ်ဓာတ်တွေကြောင့် ပါဝင်လာကြတာဖြစ်ပါတယ်။ စာပေအနုပညာရှင်တွေကလည်း ဒီလိုစိတ်ဓာတ်အခြေခံနဲ့ သူတို့ရဲ့ အနုပညာတွေကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဗိုလ်အောင်ကျော်ကို တိုင်တည်ရင်း အမျိုးသားရေးစိတ်ဓာတ် ဇာတိမာန်ကို နိုးကြားစေခဲ့တာဖြစ်ပါတယ်။

ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုအပြီး အရင်ဆောင်းပါးများမှာ ဖော်ပြခဲ့တဲ့ ဆရာမင်းသုဝဏ်ရဲ့ ‘ဗိုလ်အောင်ကျော် နတ်သံ’ကဗျာ၊ ရေးသူအမည် အတိအကျ မသိရတဲ့ ‘ဗိုလ်အောင်ကျော်သီချင်း’ တို့ ထွက်ပေါ်လာခဲ့သလိုပဲ တခြားသော စာပေ အနုပညာ ဖန်တီးမှုတွေလည်း ရှိခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ဆန္ဒနဲ့ ‘တို့ကျောင်းသား သီချင်း’ ၂ ပုဒ် ထွက်ပေါ်ခဲ့ပြီး ဆရာ ရွှေညာမောင် နဲ့ ရွှေတိုင်ညွန့်တို့က ရေးသားခဲ့ပါတယ်။ အဲဒီသီချင်း ၂ ပုဒ်ကို ဂီတပဒေသာ ကပွဲမှာ တင်ဆက်ခဲ့ပါတယ်။ ဆရာရွှေတိုင်ညွန့် ရဲ့သီချင်းကို အငြိမ့်မင်းသမီး ၄ ယောက်က သီဆိုခဲ့ပြီး ဆရာ ရွှေညာမောင်ရဲ့ သီချင်းကိုတော့ သူကိုယ်တိုင်သီဆိုပြီး ကျောင်းသား ကိုဌေးမြိုင် (ဒဂုန်တာရာ) က စန္ဒရားတီးပြီး ကိုသုခ (ဒါရိုက်တာ သုခ)က စည်းလိုက်ပေးခဲ့တယ်လို့ ‘တက္ကသိုလ်မှ တေးတပုဒ်’ ခေါင်းစဉ်နဲ့ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်စာစောင်မှာ ဆရာရွှေညာမောင်က ရေးသားခဲ့ပါတယ်။

အဲဒီ ပဒေသာကပွဲမှာ တို့ကျောင်းသားသီချင်း ၂ ပုဒ်ကို ဆရာရွှေညာမောင် တလှည့်၊ အငြိမ့်မင်းသမီးတွေ တလှည့် ၃ ခေါက်လောက်စီ သီဆိုခဲ့ကြရပြီး ကျောင်းသားတွေက သီချင်း ၂ ပုဒ်စလုံးကို တို့ကျောင်းသားသီချင်းအဖြစ် လက်ခံလိုက်ကြပါတယ်။

ဒီသီချင်း ၂ ပုဒ်လိုပဲ ‘ဗိုလ်အောင်ကျော် ဆိုင်းဆင့်’ ဆိုတာလည်း ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီ ဆိုင်းဆင့်ကို မေမြို့မိုးကြည် စုဆောင်းပြုစုထားတဲ့ ‘နယ်ချဲ့ဖက်ဆစ် ဆန့်ကျင်တဲ့သွေး၊ ဇာတိမာန် တေးသီချင်းများ’ စာအုပ်မှာ အခုလို တွေ့ရပါတယ်။

ဗိုလ်အောင်ကျော် ဆိုင်းဆင့်

ပရိသတ်တို့ …

အခုနေတော့ ကမ္ဘာအေးဖွယ်အရေး တစ်ရာလေးဆယ်နဲ့ ချက်ချင်းဖမ်းတော့မှ အထက်စကင်းလမ်းက စာဆောင်ပေါ်လာတာ မောင်မော်ခေါ်လို့ ဗျာမထူး၊ အောင်ကျော်ခေါ်မှ ဗျာထူးမတဲ့။

မောင်အောင်ကျော်ဆိုတာ ဇာမဏီသွေး၊ ဗမာပြည်အရေး ကမ္ဘာကို ချီတန်းပြီး ဒါလဟိုဇီလမ်းက ရစ်ပတ်တက်လိုက်တာ စစ်တပ်ဘက်က အပြန်ရပ် ဆုတ်မပေးတဲ့အပြင် နံပါတ်တုတ်နဲ့အတင်းရိုက် မြင်းနဲ့တိုက်တာ၊ ဟိုအကောင်တွေ တော်ပါသောကြောင့် ကိုအောင်ကျော် ယခုသေရတာ။ ဥပဒေက မနုံတာဘူး။ အဲဒါကြောင့် မလွဲမနသီ နှလုံးထားတဲ့ မဲဇလီကုန်းသားလေးဟာ ဘေးမကုန်တော့ ဆေးရုံမှာ ခန္ဓွာကြွေရတယ်။

ကျောင်းသားလေး ခန္ဓာကြွေမှ ရွာပြေက အရမ်းအော်၊ ရဟန်းတော်တွေကပါ လွမ်းဆွတ် လူထုက ဆွမ်းသွတ်၊ အဲဒီတုန်းကဗျို တပြည်လုံး ငိုလိုက်ကြတာ ဒီထုံးကို ရာသူတိုးရင် ဗမာလူမျိုးတွေဟာ လွတ်လပ်ရေးအတွက် အသေခံရဲတယ်ဆိုတာ အများသိကြသားကပဲ။ အများသိတဲ့အတိုင်း အားရှိစရာ ရာထူးသမားတွေက အတင်းခရိုင်မကပ်ဘဲ မင်းတိုင်ပင်အမတ်က အတင်းနုတ်ကြတယ်။ အတင်းနုတ်မှာပေါ့ ဒင်းတို့ဘဝက ထမင်းတစ်လုတ် တုတ်တစ်ချက် ဖြစ်နေပြီကိုး။

စမုခ်အတွက် ဘာသာမှေးတော့ ဂျာအေး သူ့အမေရိုက်သလို ဖြစ်နေပြီ။ ယခုအနေပိုင်းမှ ရင်းစား ရတော့မယ်။ စဉ်းစားကြ စဉ်းစားကြ၊ နင်းပြားဘဝနဲ့ ချိုကာ တာမရှည်ရအောင် တို့ဗမာပြည် တပင်အရောင်ကောင်းတဲ့ သခင်အောင်မောင်း ထွက်ပေါ်တော်မူစမ်း။ ။

အခု ဖော်ပြတဲ့အထဲမှာ ပုဒ်မ ‘တစ်ရာလေးဆယ်’ လို့ တွေ့ရတာဟာ စာအုပ်ထဲမှာ ပါတဲ့အတိုင်း ပြန်လည် ဖော်ပြတာသာဖြစ်ပါတယ်။ တကယ်ကတော့ ပုဒ်မ ‘တစ်ရာ လေးဆယ့်လေး’ ဖြစ်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မူရင်းရေးသားသူက ဒီအတိုင်းရေးသားခဲ့တာလား၊ ကျမ်းပြုသူ ပမာဒလေခ လေသလား မသိလို့ ဒီအတိုင်းပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီဆိုင်းဆင့်ကို ‘ရေးသူ – ဦးစံခို (သခင်စံခို)’၊ ‘ဆို – သခင်စံခို’ လို့ ဖော်ပြထားတာ တွေ့ရတာကြောင့် သခင်စံခို ဘွဲ့ခံလိုက်တဲ့ ဦးစံခို က ရေးသားတယ်လို့ ယူဆရပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ဗိုလ်အောင်ကျော်နေ့ နဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ စာပေအနုပညာဆိုင်ရာ မှတ်တမ်းတချို့ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှိတုန်း ကြံတောသုသာန် မဖျက်ခင်က ဘယ်သူမှ မပြင်မဆင်ဘဲ အားလုံးပျက်စီးနေတဲ့ ဗိုလ်အောင်ကျော်ရဲ့ဂူကို တွေ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အခုဆိုရင် ကြံတောသုသာန်ပါ မရှိတော့လို့ အဲဒီလို ယိုယွင်းပျက်စီးနေတဲ့ ဂူတောင် ဘယ်မှာလိုက်ရှာရမှန်း မသိတော့ပါဘူး။ အရင်တုန်းက နှစ်စဉ်ကျင်းပခဲ့တဲ့ ဗိုလ်အောင်ကျော်နေ့ဟာလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ တချိန်မှာတော့ ဗိုလ်အောင်ကျော်လို ကျောင်းသား အာဇာနည်တွေကို ဂုဏ်ပြုတဲ့ ‘ကျောင်းသားနေ့’ ပြန်လည်ပေါ်ပေါက်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ။

ထိန်လင်း (၂ဝ၊ ၁၂၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts