>Nyan Oo Maung – Bryce Canyon Trip

>

အမိုးမရှိတဲ့ လိုဏ်ဂူ ၊ သစ်ပင် မထူတဲ့ တောအုပ် – ဘရိုက်စ် ကင်ညန်

ဉာဏ်ဦးမောင်
ဇူလိုင် ၁၀၊ ၂၀၁၀
ဒီနေ့ခရီးစဉ်က Red Canyon နဲ့ Bryce Canyon ဆီ ကို။ ကိုယ်တို့ စခန်းချတည်းခိုတဲ့ Mt. Carmel Junction-မောင့်တ် ကာမဲလ်လမ်းဆုံကနေ စထွက် တော့ ၁ဝ နာရီဝန်းကျင် ရှိပြီ။ တစ်နာရီကျော်ကျော် ခန့် အကြာမှာတော့ နေ့လယ်စာအတွက် Hatch ဆို တဲ့ မြို့လေးမှာ ခဏနားကြတယ်။ မြို့လေးက မြေပြန့် လွင်ပြင်မှာတည်ရှိပေမယ့် ခပ်လှန်းလှန်းဆီမှာ မြင်ရ တဲ့ တောတောင်တွေရဲ့ အရိပ်က မြိုံ့လေးအပေါ် လွှမ်းခြုံသက်ရောက်နေသလိုဖြစ်လို့မို့ အေးအေးချမ်းချမ်း မြို့လေးတစ်မြို့။ လူနေပါးတဲ့ဒေသမှာ တည်ရှိလို့လဲ တောမြိုံ့လေးရဲ့ အသွင်အပြင်က ပီပိပြင်ပြင်။ အထူးသဖြင့်တော့ ဒီမြို့လေးမှာ စားခဲ့ရတဲ့ ဆိုင်လေးရဲ့ အပြင် အဆင်နဲ့ နေ့လယ်စာလေးကိုတော့ အမှတ်ရနေမိပါတယ်။
ကိုယ့်အမိမြေဒေသမှာ တွေ့ရတတ်တဲ့ တောထမင်းဆိုင်လေးတွေရဲ့ ဓလေ့တစ်ခုကို ဒီဆိုင်လေးမှာ တွေ့ရတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေရဲ့ ပိုစတာဓာတ်ပုံတွေကို ချိတ်ဆွဲထားတတ်သလိုမျိုး ကိုယ်နေ့လယ်စာ စားခဲ့တဲ့ မြို့လေးရဲ့ ဆိုင်နံရံအပေါ်ပိုင်းတလျောက်လုံးမှာလည်း နာမည်ကျော် အဆိုတော်တွေ၊ ရုပ်ရှင်အနု ပညာရှင်တွေရဲ့ ပုံတွေကို ချိတ်ထားတယ်။ ပုံအများစုကလည်း လက်ရှိနာမည်ကျော်သူတွေ မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်ခန့်က နာမည်ကြီးခဲ့တဲ့ သူတွေရဲ့ပုံတွေ။ ဆေးရောင်စုံဓာတ်ပုံတွေလည်း ပါသလို အဖြူအမဲပုံတွေလည်း ပါရဲ့။ ခုလို ခေတ်ဟောင်းအနုပညာရှင်တွေပုံတွေကို မြင်ရတာကိုကပဲ ဒီမြိုံလေးနဲ့ ဒီဆိုင်လေးကို ဒဏ္ဍာရီ ပိုဆန်သွားစေသလားတော့ မဆိုနိုင်ဘူးပေါ့။
လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ် အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ခုခေတ်သစ်ဝတ်စားဆင်ယင်မှု မတူခြား နားတာကို သတိပြုမိပါတယ်။ ဆိုင်တစ်ဆိုင်လုံးရဲ့ ပတ်ပတ်လည်မှာ ပုံများစွာချိတ်ဆွဲထားပေမယ့် ပုံတွေထဲမှာ ကိုယ်သိသူဆိုလို့ အဲလဗစ် ပရက်စလေ တစ်ယောက်ပဲပါတယ်။ သူ့ပုံကတော့ ဆံပင်အမောက်ထောင်ထောင်၊ အင်္ကျီကော်လာက ကြီးကြီးပြားပြား၊မေးချွန်းချွန်းနဲ့ဆိုတော့ တစ်မျိုးအမြင်ထူးနေတာမို့ မှတ်မိနေတာလေ။ သူ့ အတုကိုယူလို့ ဝတ်စားဆင်ယင်တတ်ကြတာကို ကိုယ်ငယ်ငယ်က ကိုယ်တို့ဆီမှာလည်း မြင်ခဲ့ရဘူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ ဘယ်မှာလာ အဲလဗစ်တုတွေလို့ သိနိုင်ခဲ့ပါ့မလဲ။ လူကြီးတွေပြောပြောနေတတ်လို့ ဘောင်းဘီဖင်ကျပ်နဲ့ လမ်းသရဲဂိုဏ်းသားတွေဆိုတာကို အမှတ်ရနေမိတာ။ အစဉ်ပြောင်းလဲနေတဲ့ ယဉ်ကျေးမှု အစဉ်အလာကြားမှာ အဲလဗစ်ယဉ်ကျေးမှုပုံစံလည်းပဲ ခုတော့ဟောင်းနွမ်းမှုကြားမှာ။ တောမြို့လေးတစ်မြို့ရဲ့ နံရံပေါ်မှာသာ အဲလဗစ်ခမျာ အခန့်သားပြုံုးနိုင်တော့ရှာပါ့။ ငယ်စဉ်ကတော့ ယဉ်ကျေးမှုဆိုတာမျိုးဟာ ဘယ် လိုအရံအတားတွေကိုပဲဖြစ်ဖြစ် ဖြတ်ကျော်တတ်တယ်ဆိုတာမျိုးကို မတွေးတတ်ခဲ့သလို ပျောက်ကွယ်ချိန် ရောက်ပြန်ကလည်း ဘယ်အရာတွေနဲ့မှ ဆွဲထားလို့ မရနိုင်ဘူးဆိုတာကိုလဲ ဘယ်မှာ တွေးတတ်နိုင်ခဲ့ပါ့မလဲ။ သို့ပေမယ့်လည်း မရနိုင်တဲ့အရာမျိုးကိုပင် ရလိမ့်နိုးနိုးနဲ့ ဟန့်တားလို ဆန့်ထားလိုတတ်သူမျိုးလည်း ရှိနိုင်တာပဲ ပေါ့လေ။

ဆိုင်လေးက ရှေးဟောင်းအပြင်အဆင်နဲ့။ အဲဒီရှေး ဟောင်းအပြင်အဆင်ပေါ်မှာ ခုလိုရှေးဟောင်းအနုပညာရှင် တွေရဲ့ပုံစံနဲ့ တန်ဆာဆင်ထားလိုက်တော့ တကယ့်ကိုမှ အတိတ်ကာလတစ်ခုဆီ ပြန်ရောက်သွားသလို။ ဂန္ထဝင် ကိုမြတ်နိုးသူတစ်ယောက်ဆိုလျင်တော့ အတော်မှကိုပဲ နှစ်သက်မယ့်နေရာလေး တစ်နေရာဖြစ်မှာပေါ့။ ကိုယ့် အတွက်လည်း ဒီဆိုင်လေးဟာ နှစ်သက်စရာ ဖြစ်ခဲ့ပါတယ်။ ကိုယ်ကတော့ ဂန္ထဝင်ကို မြတ်နိုးတတ်သူမို့ တော့ မဟုတ်ပါဘူး။ ကိုယ်စားခဲ့ဘူးတဲ့ Fish Sandwich တွေထဲမှာဆိုလျင်တော့ ဒီဆိုင်လေးမှာ စားခဲ့ရတဲ့ ဆင်း ဒဝစ်ခ်ျဟာ အကောင်းဆုံးဖြစ်တာကြောင့်ပါ။ တကယ်လို့ US 89 ပေါ်ကို ကားဖြတ်မောင်းဖြစ်ခဲ့တယ်ဆိုလျင်ဖြင့် Hatch ဆိုတဲ့ မြို့လေးမှာရှိတဲ့  Galaxy Diner ဆိုတဲ့ ဆိုင်လေးမှာနားဖို့ မမေ့ပါနဲ့။ တကယ်လို့ သင်က အမေရိ ကန် ကျေးလက်တေးသီချင်းနဲ့ ရော့ခ်ခေတ်ဦးသီချင်းတွေကို ကြိုက်တတ်တယ်ဆိုလျင်ပေါ့လေ။ ကိုယ်ထိုင်နေခဲ့ တဲ့ တစ်နာရီကျော်ကျော်အချိန် အတွင်းမှာ ဆိုင်လေးရဲ့စပီကာကနေ ထွက်ပေါ်နေတဲ့ တေးသီချင်းသံကလည်း ၁၉၆ဝ၊ ၇ဝ ဝန်းကျင်က ခေတ်စားခဲ့တဲ့ သီချင်းတွေတဲ့လေ။ အမေရိကန်ကျေးလက်တေးသံနဲ့ ရော့ခ်အပျော့စား ကို ခွဲခြားတတ်အောင် တေးသီချင်းသံတွေနဲ့ မရင်းနှီးလို့မို့ ဘယ်သီချင်းက ရော့ခ်၊ ဘယ်သီချင်းက အမေရိကန် ကျေးလက်တေးသံဆိုတာကိုတော့ မခွဲခြားတတ်ပါဘူး။ တကယ်တော့လည်း အနုပညာခံစားမှုဆိုတာ အမည် နာမတွေသိဖို့က ပဓာနမှတော့လည်း မဟုတ်တာ။ ရှေးသီချင်းသံလေးနားထောင်ရင်း ကိုယ်အမှတ်တရဖြစ်ခဲ့တဲ့ အပြင်ဖက်က နုနုပျော့ပျော့၊ အတွင်းဖက်မှာ ကြွပ်ကြွပ်ရွရွ၊ စားလို့တမျိုး အရသာရှိလှတဲ့ ဆင်းဒဝစ်ခ်ျကိုလည်း မှာယူစားဖို့ မမေ့စေနဲ့ဦးပေါ့။

Red Canyon ဆိုတဲ့နာမည်ကိုက အနီရောင်သဘော ကိုညွှန်ပြနေတာမို့ ထူးဆန်းတဲ့ အနီရောင်မြင်ကွင်းကို တော့ ကြိုတင်မှန်းဆထားပြီးသားပါ။ သို့ပေမယ့် ဘယ် လို ပုံစံနဲ့ ဘယ်လိုနီလေမလဲဆိုတာကိုတော့ မခန့်မှန်း နိုင်ခဲ့ပါဘူး။ ကျောက်သားကျောက်တောင်ကြီးတွေက နီနေတာလား။ မြေခဲမြေစိုင်တွေက နီနေတာလား။ တောတောင်ချောက်ကြား စီးမျောသွားနေတဲ့ မြစ်ရေ အလျင်ကပဲ နီနေတာလား။ ဒါမှမဟုတ်လဲ ချောက် ကြားမှာ ပေါက်နေတဲ့ သစ်ပင်သစ်တောများကပဲ အနီ ရောင်ရောင်တောက်တောက် ဖြစ်နေသလားပေါ့။ လားပေါင်းများစွာနဲ့ ဒီနေရာကို ရောက်လာခဲ့တာ။ ကိုယ်ထင် ထားတဲ့ လားပေါင်းများစွာထဲက တလားလားနဲ့ လာတူနေခဲ့တယ်ဆိုရင် ကိုယ်ထင်တာနဲ့ တူတာပဲဆိုပြီး အံ့သြ မိချင်မှ အံ့သြမိမှာ။ ခု တကယ်ရောက်တော့ ကိုယ်ထင်ထားတဲ့ လားပေါင်းများစွာထဲက တစ်လားလားနဲ့မှ သူက တူ မနေဘူးလေ။

ကျောက်တောင်တော့ ဟုတ်ပါရဲ့။ ဒါပေမယ့် ကျောက်ဆောင်နဲ့မတူတဲ့ ကျောက်တောင်၊ မြေစိုင်တော့လဲ မှန်ပါရဲ့။ ဒါပေမယ့် ဘယ်မြေစိုင်ခဲနဲ့မှ နှိုင်းပြလို့ မရနိုင်တဲ့ မြေစိုင်။ နီလွလွ၊ တိတိကျကျဆိုရရင် တချို့က လိမ္မော်ရင့် ရောင်၊ တချို့က ပန်းရောင်ရင့်ရင့်၊ ကျောက်ခိုင်ကျောက်သား မြေခဲမြေစိုင်ကြားမှာ စိမ်းလန်းတဲ့ သစ်ပင်တွေ ဝေဝေဆာဆာနဲ့ တစ်မျိုးပသာဒရှိပြီး ချစ်စရာကောင်းတဲ့ နေရာလေးဟာ Red Canyon-အနီရောင်ချောက် ကြားဒေသလေးပါပဲ။ ဘရိုက်ကင်ညန်ဆိုတဲ့အမည်ကို မကြားဘူးပေမယ့် ရက်ဒ် ကင်ညန်ဆိုတဲ့ နာမည်ကိုတော့ ကြားဖူးနေခဲ့တာကြာပြီ။ ဒါပေမယ့် တကယ်တော့ ရက်ဒ်ကင်ညန်ထက်စာရင် ဘရိုက်စ်ကင်ညန်က ပိုပြီးကျယ် ပြန့်ပါတယ်။ ကြည့်ရှုလေ့လာဖွယ်တွေလည်း ပိုများပါတယ်။ ရက်ဒ်ကင်ညန်က လှတော့လှပါရဲ့။ ဒါပေမယ့် သူ့နယ်ပယ်က သိပ်ကျဉ်းလွန်းပါတယ်။ ဇိုင်ယန်ဥယျာဉ်နဲ့ ဘရိုက်ကင်ညန်၊ ဒါမှမဟုတ်လည်း ဂရင်းကန်ညန်နဲ့ ဘရိုက်ကင်ညန် ဆက်သွယ်တဲ့ကြားမှာ သူကဖြတ်သွားဖြတ်လာ ခဏနားနေနိုင်တဲ့ နေရာလေးသာသာမျှသာ။ ဒါပေမယ့်လည်း သူ့ရဲ့အလှကတော့ ကြီးမားတဲ့ကင်ညန်တွေကို ယှဉ်နိုင်သပလေ။
ဘရိုက်စ် ကင်ညန်ကို သရုပ်ဖော်သူတွေက အမိုးမရှိတဲ့လိုဏ်ဂူ၊ သစ်ပင်မရှိတဲ့တောရယ်လို့ ပြောကြတယ်။ လိုဏ်ဂူဆိုတာ မြေအောက်၊ တောင်အောက်မှာဖြစ်ဖြစ် ။ တောင်နံရံမှာဖြစ်ဖြစ် ရှိတတ်တာမို့ အမိုးအကာနဲ့ ရှိတတ်တာမျိုး မဟုတ်လား။ လိုဏ်ဂူဆိုတဲ့သဘောကိုက အမိုးအကာ ပြည့်ပြည့်စုံစုံနဲ့ ဝင်ထွက်ပေါက် ကျဉ်း ကျဉ်းရှိတတ်တဲ့အရာမျိုးကိုသာ ခေါ်ရိုးမဟုတ်လား။ တောအုပ်ဆိုတာကလည်း သစ်ပင်ထူထူ၊ ချုံနွယ်ပိတ်ပေါင်း၊ သစ်အောင်း ကျားခို၊ စိမ်းညို့ညို့မှောင်၊ နေရောင်မထိုး၊ လူမတိုးနိုင်တဲ့ နေရာမျိုးကို ခေါ်တယ်လို့ အကြမ်းစား အားဖြင့် သတ်မှတ်ထားရိုး မဟုတ်လား။ ဒီတော့ အမိုးမရှိတဲ့လိုဏ်ဂူ၊ သစ်ပင်မထူတဲ့တော၊ သစ်ပင်မရှိတဲ့တော ဆိုတော့ ကိုယ့်အတွက်အဆန်းပေါ့။ တင်စားသုံးနှုန်းထားတဲ့ အသုံးမှန်းသိပေမယ့် ဘာကြောင့်ဘယ်လို အမိုးမဲ့ လိုဏ်၊ သစ်ပင်မရှိတဲ့ တောမြိုင် ဖြစ်နေရတယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ခဲ့ပါဘူး။ အခုလို မခန့်မှန်းနိုင်ခဲ့ခြင်း ကိုက ဘရိုက်စ်ကင်ညန်ကို အရောက်သွားဖြစ်ဖို့ တွန်းအားတစ်ရပ် ဖြစ်နေခဲ့တယ်လို့တောင် ဆိုရမှာပါ။
တကယ်တမ်း ကိုယ်တိုင်ရောက်လေကာမှ အော် အမိုးမဲ့လိုဏ်ဆိုတဲ့ သူတို့စကားဟာ ဟုတ်ပေသားရယ်လို့ နားလည်လိုက်ပါတယ်။ တကယ်တော့ ဒီအမိုးမဲ့လိုဏ်ဂူရယ်လို့ သူတို့လို အမည်မတတ်တတ်လျင်တောင် ဘရိုက်စ်ကင်ညန်ကိုရောက်လျင်ဖြင့် လိုဏ်တစ်ခုထဲကို ရောက်သွားရတဲ့ ခံစားမှုမျိုး သူသူကိုယ်ကိုယ် ခံစား မိတတ်ကြမှာပါ။ ဘရိုက်စ်ကင်ညန်ဆိုတာ အပြာရောင်ရင့်ရင့် မိုးကောင်းကင်အမိုးအောက်မှာ ဝါနီရောင်တောက် တောက် ကျောက်ပန်းဆိုင်  ပန်းခိုင်တွေ မှိုလိုပေါက်နေတဲ့ အံ့မခန်းလောက်စရာ နေရာတစ်ခုလို့ ဆိုရမှာပါ။ တကယ်လို့ သူတို့ပြောသလို အမိုးမဲ့ဂူဆိုလျင်တောင် ဒီဘရိုက်စ်ကင်ညန်ဆိုတဲ့ ဂူဟာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ဂူတစ်ခုပဲ ဖြစ်လေမှာပါ။
ဘရိုက်စ်ကင်ညန်ထဲမှာ မြင်ရတဲ့ ကျောက်ဆိုင်ကျောက်လွှာတွေက အခြားနေရာဒေသတွေရဲ့ ဂူတွေထဲမှာသာ မြင်ရတတ်တဲ့ ကျောက်ဆိုင်ကျောက်ပန်းတွေအလားလေ။ ဒါပေမယ့် အခြားနေရာက လိုဏ်ဂူတွေထဲမှာက အပေါ်ကနေ စိမ့်ကျလာတဲ့ ရေနဲ့အတူ စီးမျောပါလာတဲ့ ကျောက်မှုန်ကျောက်သားတွေ စဖွဲ့ပြီး ကြာလာတဲ့အခါ ကျောက်ပန်းကျောင်ဆိုင်တွေဖြစ်လာတာ။ ဒီမှာတော့ အမိုးက ကောင်းကင်ကြီးသာမို့ အဲဒီလို အပေါ်က တစစ စီးကျလာတဲ့ ကျောက်သားလွှာနဲ့ ဖွဲ့ထားတာတော့ ဘယ်ဟုတ်ပါ့လဲ။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆီက မီးတောင်ပေါက်ကွဲခဲ့ရာကနေ ထွက်ပေါ်လာတဲ့ ချော်ရည်အပျော့စားတွေနဲ့ အပေါ်ယံလွှာပါးပါး အမာစားကျောက်သားတွေ ပေါင်းစပ်ကာ ဖြစ်နေတဲ့ ကျောက်သားရုပ်တုလေး တွေလေ။ သဘာဝရဲ့ ဆန်းကြယ်မှုက အပေါ်မှာ ဦးထုပ်ပုံလေးတွေ၊ ဦးခေါင်းပုံလေးတွေ ဖန်တီးပေး ထားသမို့ ကျောက်စိုင်ကျောက် သားလေးတွေက လူသားရုပ်တုလေးတွေသဏ္ဌာန် ဖြစ်နေတယ်။                       အကြီးအသေး အရွယ်အစားအစားနဲ့ နှစ်ခုသုံးခု စသည် အစုလေးတွေ စုကာ ဖြစ်နေတတ်တာ ကြောင့်လည်း တကယ့်လူသား မိသားစုလေးတွေ အလား ထင်ရပါတယ်။
ဒီဒေသကိုရောက်လျင်ဖြင့် ဘယ်လိုမှ အမှတ်မထားမိဘဲ မနေနိုင်မယ့် ဝေါဟာရတစ်ခုကိုလည်း တွေ့ရမှာပါ။ သင်က ဗဟုသုတများသူမို့ ဒီဝေါဟာရကို အရင်ကတည်းက ကြားဘူးကောင်း ကြားဘူးပါလိမ့်မယ်။ ကိုယ့် အဖို့ တော့ ဒီဝေါဟာရလေးက တကယ့်ကိုမှ အသစ်စက်စက်ပါ။ နောက်ပြီး Hoodoo ဆိုတဲ့ ဒီဝေါဟာရလေးက စကားလုံးလေးကိုယ်တိုင်ကိုယ်ကပဲ ဆန်းဆန်းပြားပြားလေးနဲ့ တစ်မျိုးစိတ်ဝင်စား ဖွယ်ကောင်းနေတယ်လေ။ စကားလုံးလေးရဲ့နောက်မှာ ဘာသာရေးတစ်ခုခု၊ ဒါမှမဟုတ်လည်း လူမျိုးတစ်မျိုးရဲ့ ရိုးရာအစဉ်အလာ ယဉ် ကျေးမှုတစ်ခုခုနဲ့ ဆက်နွယ်နေမယ်လို့ ခန့်မှန်းနိုင်တဲ့ စကားလုံးလေးပေါ့။ ကြားရတဲ့အသံတွင်ပါမက မြင်ရတဲ့ Hoodoo ဆိုတဲ့ စာလုံးလေးကိုက တစ်မျိုးစိတ်ဝင်စားစရာပါ။

ဟူးဒူးဆိုတဲ့စကားလေးကို ဘာသာ။ လူမျိုးနဲ့ ယဉ်ကျေးမှုအမျိုးမျိုးက အဓိပ္ပါယ်အမျိုး ဖွင့်ကြပါတယ်။ လေ့လာ ကြည့်တော့ ဒီစကားလေးက (folk magic) ရိုးရာအစဉ်အလာ ယုံကြည်မှု အံ့ဖွယ်ရာတွေနဲ့ ဆက်နွယ်နေတဲ့ စကားလေး ဖြစ်နေတယ်လေ။ ကျောက်စိုင်ကျောက်သားထိပ်မှာ မတ်မတ်တည်တည်ဖြစ်နေတဲ့ ဟူဒူးတွေက အနီရောင်လူသားလေးတွေ ရပ်နေဟန်ပါပဲ။ ဒီဒေသမှာ ဦးစွာအခြေချနေထိုင်တဲ့ ရှေးဦးအမေရိကန်မျိုးနွယ်စု အချို့က (Native American Ethnic Group)  ဒီဟူဒူးတွေဟာ လူသားတွေက ဖြစ်လာတာ။ သူတို့ကိုးကွယ် တဲ့ဘုရားက စကားနားမထောင်ပဲ လုပ်ချင်ရာလုပ်တဲ့သူတွေကို ခုလိုဟူဒူးရုပ်တွေဖြစ်အောင်ဖန်တီးပြီး ဒဏ် ခတ်ထားတယ်လို့ ယုံကြည်ပါသတဲ့။

ရိုးရာယုံကြည်မှုဆိုတာ ယုတ္တိရှိမရှိကို အခြေခံတာမျိုး မဟုတ်လို့ ယုတ္တိရှိတယ် မရှိဘူးဆိုတဲ့ ပညာရှင်တွေရဲ့ ပေ တံနဲ့တိုင်းတာလို့တော့လည်း ဘယ်ရနိုင်မှာလဲ။ ယုံကြည်မှုဆိုတာ ယုံကြည်မှုပဲလေ။ ကိုယ်ကတော့ လူလေး တွေ မတ်မတ်ရပ်နေဟန်ထင်ရတဲ့ ဒီဟူးဒူးလေးတွေကိုကြည့်ပြီး ဆရာ့စကားနားမထောင်လို့ အတန်းထဲက ခုံ ပေါ်မှာ မလှုပ်မရှက် ငြိမ်ငြိမ်လေးရပ်နေစေဖို့ ဒဏ်ပေးထားတဲ့ ကျောင်းသားငယ်လေးတွေကို ပြေးမြင်မိပါတယ်။ ဒီမှာတွေ့ရတဲ့ ဟူးဒူးလေးတွေကတော့ သက်မဲ့ကျောက်ရုပ်လေးတွေလေ။ သူတို့မှာက ခံစားနားလည်နိုင်စွမ်းမှ မရှိတာ။ ခုလို ကျောက်ဆောင်ထိပ်ဖျား နေပူကျဲကျဲထဲမှာ နှစ်ရာထောင်ရှည်ကြာ ရပ်နေရပေမယ့် ဘယ်မှာ ပင် ပန်းနွမ်းနယ်တယ်ဆိုတာ ရှိပါ့မလဲ။ ကိုယ်တွေ့ခဲ့ဘူးတဲ့ လူသားဟူဒူးလေးတွေကတော့ တခါတခါ နေပူထဲမှာ အလံလေးတွေကိုင်ကာ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရရှာတာ။ ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘာ အကြောင်းကြောင့်ရောက်လာမယ်မှန်းမသိတဲ့ ဒဏ်ပေးမယ့်သူကို နေပူကျဲကျဲထဲကနေ စောင့်နေရတဲ့ ဟူးဒူး ငယ်လေးတွေလို လူသားလေးတွေရဲ့ ပုံရိပ်လွှာအချို့ကိုလည်း သနားစဖွယ် အတွေးထဲပြန်လည် မြင်ဖြစ်အောင် မြင်လာမိပါသေးတယ်။ ဟူးဒူးလေးတို့ရေ၊ အားမငယ်ပါနဲ့။ မင်းတို့မှာ အဖော်တွေအများကြီးရှိနေပါသေးတယ်။
တချို့နေရာများက ကျောက်စိုင်ကျောက်လွှာများကတော့ အနီရောင်စွေးစွေးထနေတဲ့ သစ်ပင်သစ်တောများလို ပါပဲ။ ဒါကြောင့်လည်း သစ်ပင်မရှိတဲ့တောအုပ်လို့ ဆိုကြလေတာဖြစ်မှာပါ။ ဘရိုက်ကင်ညန်ကိုရောက်တော့ သဘာဝကြောင့်ဖြစ်တည်နေတဲ့ အရာတွေဟာ လူတွေတုပဖန်တီးလို့ရနိုင်တာရဲ့ ဟိုမှာဖက်မှာ ရှိနေတယ်ဆိုတာ ကို အမှတ်ရစေပါတယ်။ မူလအမေရိကန်မျိုးနွယ်စုတွေပြောသလို ဘုရားသခင်က ဟူဒူးတွေကို ဖန်ဆင်းထား တယ်ဆိုတာ ဟုတ်တယ် မဟုတ်ဆိုတာထက် မြင်ရတဲ့ မြင်ကွင်းအလှတွေဟာ ဘုရားသခင်သာ တကယ်ဖန် ဆင်းတယ်ဆိုလျင် ဖန်ဆင်းရှင် ဘုရားသခင်ဟာ ကျွမ်းကျင်လိမ္မာတဲ့ ပန်းချီပညာရှင်တစ်ဦး ဖြစ်လိမ့်မယ်လို့လဲ ကြံကြံဖန်ဖန် တွေးမိပါတယ်။ ဟုတ်တယ်လေ။ ဒီလောက်လှပတဲ့ မြင်ကွင်းမျိုးကို အလွန့်အလွန် ကျွမ်းကျင်တဲ့ ပန်းချီပညာရှင်တစ်ဦး မဟုတ်ခဲ့လျင် သူဘယ်လိုလုပ် ဖန်တီးနိုင်ပါ့မလဲ။
ပြောလို့သာ ပြောရတာပါလေ။ ဘုရားသခင်ကိုယ်တိုင် ဒီမြင်ကွင်းကျယ် ပန်းချီကားချပ်ကြီးကို ဖန်တီးထားခဲ့ တယ်ဆိုရင်တောင် သူ့ဘဝတစ်သက်တာမှာ ဒီပန်းချီကားမျိုးကို တစ်ကြိမ်တစ်ခါ၊ ဒီတစ်နေရာတည်းမှာသာ ဖန် တီးခဲ့တာဖြစ်မှာပါ၊ ဒါမှမဟုတ်လည်း သူ့ဘဝတစ်သက်တာမှာ တစ်ကြိမ်တည်းသာ ဖန်ဆန်းနိုင်လို့ပဲ ဖြစ်မှာပါ။ ဒါ သေချာပါတယ်လေ။ ခု ကိုယ်မြင်ရတဲ့ အလှက အခြားတစ်နေရာမှာ ထပ်ခါတွေ့နိုင်တဲ့ အလှမျိုးမှ မဟုတ်တာ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts