>SPDC hopes millions from car without license

>

လိုင်စင်မဲ့ကားများ သိန်းရာနှင့်ချီ အခွန်ဆောင်လျှင် လိုင်စင်ထုတ်ပေးမည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၁ဝ၊ ၂ဝ၁ဝ ရန်ကုန်မှ ကားပြပွဲတခုတွင် တွေ့ရသော ကားနှင့် မော်ဒယ် (ဓာတ်ပုံများ – မိုးမခ)


ထိုင်း နယ်စပ်မှ တဆင့်ဝင်ရောက်လျက် ရှိသည့် ဂျပန်တစ်ပတ်ရစ် လိုင်စင်မဲ့ကားများအား အခွန်ပေးဆောင်စေပြီး လိုင်စင်လုပ်ပေးတော့မည်ဟု မော်လမြိုင်မြို့မှ အစိုးရ ဌာနဆိုင်ရာ အရာရှိ တချို့က ပြောသည်။

၂ဝဝ၄ ခုနှစ် အကုန်တွင် သိမ်းဆည်းထားခဲ့သည့် လိုင်စင်မဲ့ကားပေါင်း ထောင်နှင့်ချီ လေလံ တင်ပြီးနောက်တွင် ထပ်မံ ဝင်ရောက်လျက် ရှိသော ဂျပန် တစ်ပတ်ရစ် ကားများအား ယခုလို သိန်းရာနှင့်ချီ အခွန်ပေးဆောင်စေပြီး လိုင်စင် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မှ ကိုယ်ပိုင်စီးပွားရေး လုပ်သူတဦးက “အခု တရက်နှစ်ရက်မှာပဲ သိမ်းထားတဲ့ လိုင်စင်မဲ့ကားတွေ ပြန်ထုတ်စီးလာကြတယ်။ အခွန်ပေးဆောင်မယ် ဆိုတဲ့ သတင်းကြောင့် ထုတ်စီးကြတာ။ အကောက်ခွန်နှုန်းထားတွေ စာအုပ်နဲ့ ထွက်လာပြီ ဆိုတာ ကြားတယ်။ တချို့သူတွေ ကြည့်ခွင့်ရပြီးပြီလို့လည်း ကြားတယ်။ ဥပမာ 92/93 ခုနှစ်မိုဒယ် ဖင်ကောက်ဆို သိန်း ၃ဝဝ ကျော်၊ 93 မိုဒယ်နဲ့ အထက် ဖင်ကောက်ကိုတော့ ၄ဝဝ နဲ့ ၅ဝဝ ကြား၊ 97 မိုဒယ် မတ်တူး ဆလွန်း ကိုတော့ သိန်း ၆၃ဝ လို့ပြောတယ်။ လက်ရှိ အပြင်ပေါက်ဈေးထက်တော့ သက်သာသေးတော့ ကိုယ်ဘာသာကိုယ် ဝယ်ထားတဲ့ ကားတွေကို အခွန်ဆောင်ကြမယ့် သဘောပဲ။ နံပါတ်က တနိုင်ငံလုံး စီးနိုင်တဲ့ ၃/ဂ.. ၄/ဂ..နဲ့ ရမယ်လို့လည်း ပြောတယ်။ လုပ်ရမှာက ဆိုင်ကယ်တွေ အခွန် ဆောင်သလိုပဲ လို့ပြောတယ်၊ ကားပေါလာပြီ ဆိုတဲ့ ပုံစံပဲ” ဟု ပြောသည်။

ရန်ကုန်မြို့မှ အကောက်ခွန်ဝန်ထမ်း တဦးက “အခုလို အခွန်ဆောင်ခွင့်ပြုတာကို မန္တလေး ၆ မြို့နယ်မှာ စလုပ်မယ်။ ကျွန်တော်တို့ အထဲက တာဝန်ကျတဲ့သူတွေ မန္တလေး တက်သွားကြပြီ။ ဈေးနှုန်း သတ်မှတ်တာက အပြင်ပေါက်ဈေးရဲ့ ၈၅ ရာခိုင်နှုန်းပေးဆောင် စေမယ့် သဘောပါ။ ဆိုင်ကယ်တွေ အခွန်ဆောင်စဉ်ကလို အဖွဲ့စုံနဲ့ လုပ်မယ့် သဘောပဲ” ဟု ပြောသည်။

စစ်အစိုးရသည် ယခု အခွန်ပေးဆောင်စေမည့် အစီအစဉ်မှ ကျပ်ကုဋေပေါင်းများစွာ ရရှိနိုင်မည်ဟု လုပ်ငန်းရှင်များက တွက်ဆကြသည်။ လွန်ခဲ့သည့် လများအတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များအား အခွန်ပေးဆောင်ကာ လိုင်စင်ထုတ်ပေးသည့် အစီအစဉ်တွင်လည်း ဆိုင်ကယ် စီးရေ သန်းနှင့်ချီ လိုင်စင်လုပ်ခဲ့သည့်အတွက် ကျပ်သန်းပေါင်း သိန်းနှင့်ချီ ရရှိခဲ့သည်။

ရန်ကုန်မြို့မှ ကားဝယ်ရောင်း တစ်ဦး “အဲဒီ သတင်းက မှန်တယ်။ ကျွန်တော်တို့လည်း ကြားတယ်။ ဈေးက သိပ်အချိုကြီး မဟုတ်ပေမယ့် လက်ရှိ ကားဈေးကွက်က အဲဒါနဲ့ လိုက်ညှိပြီး ကျဦးမယ့် အလားအလာ ရှိတယ်၊ ကားဈေးကွက်က ရန်ကုန် ဗဟိုပြုရာကနေ ပြည်နယ်နဲ့ တိုင်းတွေကိုပါ ပြန့်သွားမယ့် အလားအလာလည်း ရှိတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ ဟံသာဝတီ ကားဈေးကွက်


ရန်ကုန် အခြေစိုက် စီးပွားရေး သတင်းအယ်ဒီတာ တဦးကမူ “အခုဟာက တစ်ရစ် ဖြည်ပေးလိုက်တယ် လို့ပဲ ပြောနိုင်တယ်။ တကယ် လုပ်သင့်တာက ဈေး သက်သက်သာသာနဲ့ စီးနိုင်၊ လုပ်ငန်းတွေမှာ သုံးနိုင်အောင် ခွင့်ပြုဖို့လိုပါတယ်။ အခုကလုပ်တာက တကယ် ကားတစ်စီးရဲ့ တန်ဖိုး သိန်း ၃ဝ ဆိုအခွန်နဲ့ လိုင်စင်က သိန်း ၄ဝဝ၊ ၅ဝဝ ဆောင်ရဦးမှာမို့လို့ ကားဖိုး တတ်နိုင်သူတွေ ကား မစီးနိုင်သေးဘူး။ လိုင်စင်ဖိုး တတ်နိုင်မှ ကားစီးနိုင်မယ့် သဘောပဲ ရှိသေးတယ်။ တယ်လီဖုန်းနဲ့ ကား နှစ်မျိုးဟာ သဘာဝ မကျတဲ့ ဈေးနှုန်းတွေ ဖြစ်နေတာ ဆယ်စုနှစ်တစ်ခု နှစ်ခုချီနေခဲ့ပြီ။ အဲဒီဟာကို ရဲရဲ ဖွင့်ပေးဖို့ မလုပ်သေးဘူး။ အစိုးရအနေနဲ့ ငွေလိုလို့ လုပ်တဲ့ သဘောလို့ပဲ ကျွန်တော် မြင်ပါတယ်။ လူတွေ အဆင်ပြေစေချင်တာ၊ မလိုအပ်ပဲ ကားအတွက်၊ တယ်လီဖုန်းအတွက် ငွေအများကြီး မသုံးရအောင် ဖွင့်မပေးသေးပါဘူး” ဟု သူ့သုံးသပ်ချက်ကို ပြောသည်။

၂ဝဝ၄ ခုနှစ် အကုန် ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေးများအား ဖမ်းဆီးနှိပ်ကွပ်မှု အပြီး ထိုင်းနိုင်ငံမှ တဆင့် ဝင်ရောက်လာသည့် လိုင်စင်မဲ့ကားများကို စစ်ထောက်လှမ်းရေးက ငွေယူပြီး တင်သွင်းခွင့် ပြုခဲ့သည်ဟု ဆိုကာ ကား လက်ဝယ်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ အရပ်သားများပိုင် ကားများ လာရောက် အပ်နှံရန် စစ်အစိုးရက အမိန့် ထုတ်ခဲ့သည်။

ထိုစဉ်က တစ်နိုင်ငံလုံးတွင် ကားအစီးရေ အနည်းဆုံး တစ်သောင်းငါးထောင်ကျော် သိမ်းဆည်းခဲ့ပြီး ထိုကားများထဲမှ စစ်တပ်နှင့် စစ်အရာရှိကြီးများနှင့် ဝန်ကြီး၊ ဒုဝန်ကြီး အဆင့် အရာရှိများကို ရောင်းချပေးခဲ့သည်။ ကျန်သည့် ကားများအား ၂ဝဝ၉ ၊ ၂ဝ၁ဝ တွင်လေလံတင် ရောင်းချခဲ့သည်။

လေလံကား အများစုမှာ သိမ်းဆည်းထားသည့် စစ်တပ်ဝင်း အတွင်း ပစ္စည်းဖြုတ်ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ကြောင့် ကားများမှာ အခွံသာကျန်ရစ်ပြီး ထိုအခွံနှင့် လိုင်စင်ကိုသာ သိန်းရာထောင်ချီပြီး ရောင်းချခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန်များမှ ပြည်တွင်းဖြစ် ကားများ ထုတ်လုပ်ခွင့် ပြုထားသည့် အတွက် အဆိုပါကားများအတွက် လိုအပ်သည့် အစိတ်အပိုင်းများအား နေ့စဉ်လိုလို မြဝတီ နယ်စပ်မှ ကားအစီးအလိုက် တင်သွင်းလျက်ရှိပြီး ထိုလိုင်စင်မဲ့ကားများ သယ်ယူ ပို့ဆောင်ပေးခြင်းကို စစ်တပ်အရာရှိအချို့နှင့် ဒီကေဘီအေ လက်နက်ကိုင် အဖွဲ့တို့က အခငွေယူပြီး လုပ်ဆောင်ပေးနေကြသည်။

ဂျပန်နိုင်ငံမှ သင်္ဘောဖြင့် တင်ဆောင်လာသည့် တစ်ပတ်ရစ်ကားများအား ထိုင်းနိုင်ငံက နှစ် အတန်ကြာကတည်းက အခွန်အကောက် သက်သာစွာ ဖြတ်သန်းခွင့်ပေးခဲ့သော်လည်း လွန်ခဲ့သည့် လများအတွင်းမှ စတင်ကာ အခွန် ကောက်ခံခဲ့သည်ဟု မြဝတီ-မဲဆောက်မှ တဆင့် လိုင်စင်မဲ့ကား အဝယ်တော် လုပ်နေသူ တစ်ဦးက ပြောသည်။

“ကားတွေမှာတာက အစိုးရဆီက လေလံ ဆွဲလို့ရတဲ့ ကားတွေကို အလုံးလိုက် ကပ်လဲတာ လုပ်ဖို့နဲ့ စက်မှုဇုန်တွေက ပြည်တွင်းဖြစ် ဇုန်ကားမှာ သုံးဖို့ အတွက် မှာကြတာ၊ မြန်မာနိုင်ငံထဲ သွင်းရာမှာတော့ အာဏာပိုင်ရော၊ ဒီကေဘီအေပါ အလျင်း သင့်သလို ငွေပေးပြီး သယ်ခိုင်းရတယ်” ဟု ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts