>Dr Maung Ba Chit – Burmese Thagyan in the US of A

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြန်မာသင်္ကြန် – ရင်စလီယာက ဇူလိုင်သင်္ကြန်နဲ့ မြန်မာမိသားစုများ
ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၁၀၊ ၂၀၁၀
          ရင်စလီယာရောက် မောင်ဘချစ်သည် သင်္ကြန်ပွဲကို ကြည့်နေစဉ် မိတ်ဆွေဖြစ်သူ ကိုဆွေက ပြောသည်။ ကိုဆွေသည် ဂျာနယ်လစ်ဟောင်းတယောက် ဖြစ်သည်။
          ”တို့သင်္ကြန်ကို သတင်းဌာနတွေကို သတင်းပို့ရအောင်ကွာ”
          ”ကောင်းသားပဲ”
          သို့ဖြစ်၍ မောင်ဘချစ်သည် မိမိသိသော သတင်းဌာနကို ဖုန်းဆက်သတင်းပေးလိုက်သည်။
          သတင်းဌာနကဆိုသည်။
          ”ဟာဗျာ၊ ဘယ့်နဲ့သင်္ကြန်ဆိုတာ ဒီဇူလိုင်ကျမှ လုပ်ရတယ်လို့”
          ”ခင်ဗျာ …”
          ”ဥပမာဗျာ ဖရီးမောင့်မှာဆိုရင် သင်္ကြန်က မေလဆန်းမှာ လုပ်တယ်။ နယူးယောက်ဆိုလည်း မေမှာ လုပ်တယ်။ ခင်ဗျားတို့ဆီတော့ ဘာကြောင့် ဒီလို အချိန်ရောက်မှ လုပ်ရတာလဲ။ ဒီသတင်းမျိုးဆို မထည့်ဘူးဗျ …”
          ”ခင်ဗျာ … သင်္ကြန်ဆိုတာ အချိန်လွန်ရင် ပုတ်သိုးတာ မျိုးလား ”
          ”ကျွန်တော်က မနက်ပိုင်း ထုတ်လွှင့်သူပါ။ ညနေပိုင်းကလူကို ပြောပေးပါ့မယ်”
          ညနေပိုင်းလူလည်း ဖုန်းမဆက်ပါ။
          ထိုနေ့တွင် ရင်စလီယာတွင်သာမက ဘွန်စတွန်တွင်လည်း သင်္ကြန်ပွဲကျင်းပသည်။
          ကျွန်တော် သိသလောက်တော့သတင်းဌာနသည် သတင်းဖြစ်လျှင် သတင်းထည့်သည်။
          ”သူတို့သင်္ကြန် ဧပြီမှာ လုပ်လုပ် မေမှာ လုပ်လုပ် ဒီဇင်ဘာမှ လုပ်လုပ်ပေါ့ဗျာ။ သူတို့ရဲ့ အသိုင်းအဝိုင်းတွေ လူတွေအကြား ကွန်မြူနတီ (Community) အကြားမှာ အင်ပက် (Impact) ဖြစ်ရင် သတင်းပဲ မဟုတ်လား”
          မိတ်ဆွေပြောတာ မှန်ပါသည်။ မြန်မာပြည်က လာရောက်ကြသူတွေဟာ အလွမ်းပြေသင်္ကြန်ပွဲ ကျင်းပသည်။ ရင်စလီယာသင်္ကြန်ပွဲကိုပင် လူ ထောင်ချီလာကြပါသည်။ အလွမ်းပြေလေးပါ။
          အကတွေ ကသည်။ သီချင်းတွေဆိုသည်။
နိဗ္ဗာန်ဈေးလေးတွေ ထွက်၊ ရေလေးတွေ ပက်သည်။
          သူတို့ရဲ့သင်္ကြန်သည် ကွန်မြူနတီ (Community) အကြားမှာ အင်ပက် (Impact) ဖြစ်မည် ဟု ယူဆပါသည်။ 
          သင်္ကြန်လိုမျိုး ကိစ္စတွေ နိုင်ငံခြားက လူမှုအဖွဲ့အစည်းတွေမှာကော ဖြစ်ပါသလား။
          ဥပမာ – သြစတြေလျတိုက်ကို ရောက်နေသူများ သူတို့၏ ခရစ္စမတ်ပွဲကို ဘယ်အချိန်မှာ ကျင်းပသလဲ။ အဲဒီမှာ ဒီဇင်ဘာခရစ္စမတ်အချိန်တွင် သြစတြေလျတွင် နွေခေါင်ခေါင် ဖြစ်နေလေသည်။
          မောင်ဘချစ်ရှာဖွေဖတ်ရတော့သည်။
သင်္ကြန်အယူအဆ
          သင်္ကြန်သည် အကူးအပြောင်းဖြစ်သည်။ နှစ်သစ်ကိုပြောင်းသော အထိမ်းအမှတ်ဖြစ်သည်။
          နက္ခတ္တဗေဒပညာရှင်တို့သည် ကမ္ဘာကြီးနေကို တပတ် ပတ်သော ကာလသည် ၃၆၅ ရက် နှင့် ၆ နာရီ ဖြစ်ကြောင်း သိခဲ့ကြသည်။ ထိုကြောင့် တနှစ်ကို လ ပေါင်း ၁၂ ဖြင့် ပိုင်း လိုက်ရာ တလကို ရက် (၃ဝ) ထားလိုက်သည်။ တစ်နှစ် ၃၆ဝ ရက်ရသည်။
          ကျန် (၅) ရက်သည် အပိုရက် ဖြစ်သည်။ ဘောနပ်စ် အနေဖြင့် လူတွေ နားရက်ဟု သတ်မှတ်သည်။ အကူးအပြောင်းရက် သင်္ကြန် ဖြစ်သည်။        (သိပ္ပံနည်းကျ လေ့လာထားခြင်းသာ ဖြစ်သည်)
          လက်တွေ့တွင် ရက် (၃ဝ) အညီအမျှ ပိုင်းသည် မဟုတ်တော့ပါ။
          အနောက်တိုင်းက ဂရီဂေါ်ရီယမ်ပြက္ခဒိန်သည်လည်း ပြဿနာများစွာဖြင့် ပြောင်းလဲခဲ့သောပြက္ခဒိန် ဖြစ်သည်။ တကယ်တန်း ခရစ္စမတ်သည် မတ်လတွင် ဖြစ်ရမည်ဟု ပညာရှင်တယောက်က တွက်ပြထားသည်။
          ဘုရင်များက ပြက္ခဒိန်ကို တပြေးညီစေဖို့ သတ်မှတ်လေ့ရှိသည်။
          သြဂတ်စ်တပ်စ်သည် သူ၏ ပြက္ခဒိန်လ သြဂုတ်ကို ၃၁ ရက်ဖြစ်အောင် ဖေဖေါ်ဝါရီမှ ရက်ကို ခိုးသည်။ ပုပ္ပားစောရဟန်းမင်းသည် သက္ကရာဇ်ကို ဖြိုသည်။ (ယခင်နှစ်များကိုဖျက်ပြီး ၁ နှစ် သို့မဟုတ် ၂ နှစ်က စသည်)။  ဂျပန်တို့သည် ဂရီဂေါ်ရီယမ်ပြက္ခဒိန်ကို ၁၈၈၃ ခုနှစ်က စ သုံးသော်လည်း လက်ရှိနန်းတက်သော ဘုရင်၏ နန်းတက်သည့်နေ့မှ စ၍ နှစ်ကို စ သည်။ ဥပမာ ၂ဝ၁ဝ ကို Heisei 22    ဟုသတ်မှတ်ထားသည်။
ဇူလိုင်ခရစ္စမတ်
          မိတ်ဆွေတစ်ယောက်ရှိသည်။ သူ၏ အမျိုးအဆွေများသည် သြစတြေလျတွင် နေကြသည်။ သူက သြစတြေးလျတွင် မနေလိုပါ။ဘာကြောင့်လဲလို့ မေးတော့ ခရစ္စမတ်ကြောင့်ဟု ပြောပြသည်။
          ဒီဇင်ဘာတွင် သြစတြေလျသည် နွေဖြစ်သည်။
          ”ခင်ဗျား စဉ်းစားကြည့်ပါဗျာ။ ခရစ္စမတ်ဆိုတာ နှင်းဖွေးဖွေးနဲ့ လှပ နေရတာ။ ခုတော့ ချွေးတွေနဲ့ ပူအိုက်နေတဲ့ အချိန်မှာ ခရစ္စမတ်ဆိုတော့ ကျွန်တော် မခံစားနိုင်ဘူး။ နောက်ပြီးတော့ …”
          ”နောက်ပြီးတော့ ဘာဖြစ်တာလဲ”
          ”နောက်ပြီးတော့ ကျွန်တော်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မှာ မွေးတာဗျ”  တဲ့။
”ဒါဆိုရင် သြစတြေးလျမှာ အေးတဲ့လမှာ ခရစ္စမတ် မကျင်းပဘူးလား”
          ယနေ့သြစတြေးလျရဲ့ အင်မတန်အေးတဲ့ ဇူလိုင်လမှာ ခရစ္စမတ်ကျင်းပသူများ ရှိသည်။ အချို့ သြဂုတ်လတွင် ကျင်းပသည်။ ဒါကို သဘောကျသူများလည်း ရှိသည်။ ဆန့်ကျင်သူများလည်း ရှိသည်။ ကုန်ထုတ်သူများနှင့် ဈေးဆိုင်သမားတွေကတော့ ကြိုဆိုသည်။
          သြစတြေးလျတွင် ၁၉၈ဝ ခုနှစ်များမှာ အိုင်းရစ်တိုးရစ်များစခဲ့သော (Christmas in July) ပွဲသည် ထင်ရှား၏။ (Christmas in July) ကို ယနေ့တိုင် သြစတြေးလျအနယ်နယ် အရပ်ရပ်တွင် ကျင်းပနေဆဲဖြစ်သည်။
          ဈေးကွက်ရှာသူများကတော့ (Christmas in July) သာမက (Christmas in April) အပြင် (Christmas in August) ကိုပါ ကျင်းပသေးသည်။
အလွမ်းပြေ
          “တို့တတွေသတင်းကို သူတို့ ဘာလို့ မထည့်ချင်ကြတာလဲ”
          “ဒါ သတင်းမဟုတ်ဘူးလား”
          သူတို့အမေးကို မောင်ဘချစ် မဖြေနိုင်ပါ။
          “အမေရိကန်ရောက် မြန်မာလူမှုအဖွဲ့အစည်အတွက် အကူအညီ၊ အထောက်အပံ့လေးများကို စဉ်းစားဖို့ …”
          မောင်ဘချစ်ကို အမျိုးမျိုး မေးကြသည်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားရောက်နေသူများသည်   “နှုတ်၏ဆောင်မခြင်း” လောက်တော့ လိုချင်ကြပါသည်။
          ”ဒီမှာ လူတွေက … ဒီမှာ လူတန်းစားကွဲနေကြတယ်”      
           မောင်ဘချစ်သည် သူ ဝေဖန်သမျှကို ရေငုံနှုတ်ပိတ် နေမိသည်။
          သူ ပြောသလို ဖြစ်နေကြလား။
          သင်္ကြန်ပုံရိပ်ကိုကြည့်ကာ အလွမ်းမပြေဘဲ အလွမ်းတွေသာ ဝေနေမိတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts