>Nyan Oo Maung – Grand Canyon Trip

>

ဂရင်းကင်ညန် (သို့) ကန္တာရရဲ့ မြမျက်ချယ်
ဉာဏ်ဦးမောင်
ဇူလိုင် ၈၊ ၂၀၁၀
၂ဝ၁ဝ နွေရာသီခရီးရဲ့ တတိယနေ့ခရီးစဉ်အဖြစ် ဂရင်း ကင်ညန်ကို ရောက်ခဲ့တယ်။ Grand Canyon-ဂရင်း ကင်ညန်ဆိုတာက အမေရိကန်တွေနဲ့ မစိမ်းတဲ့နာမည်။ အမေရိကန်တွေမှလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကမ္ဘာ့အံ့ဖွယ်တွေကို စိတ်ဝင်စားတဲ့ ကမ္ဘာတလွှားက ခရီးသွားတွေအတွက်လည်း အလွန်ရင်းနှီးတဲ့ နာမည် ပေါ့။ သဘာဝကိုချစ်တဲ့၊ အံ့သြဖွယ်ရာကို မြတ်နိုးတဲ့ လေ့လာလိုသူတွေအတွက် ဂရင်းကင်ညန်က ချန်ထား လို့ ရမယ့်နေရာမှ မဟုတ်တာ။ မပြုမပြင် ပင်ကိုယ် သဘာဝ လှချင်တိုင်းလှနေတဲ့ ကမ္ဘာ့အံ့ဖွယ်နေရာတစ်နေရာကို ပြပါဆိုရင် ဂရင်းကင်ညန်က ထိပ်ဆုံးကပြရမယ့် နေရာတစ်ခုဖြစ်မှာပါ။မိခင်ကမ္ဘာကြီးရဲ့ လူသားတွေအတွက် ကြင်နာစွာပေးအပ်ခဲ့တဲ့ အရာတွေထဲမှာ ခုလိုအံ့ဖွယ် နေရာတစ်နေရာ ပါဝင်နေခဲ့တာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာပေါ့။ နီညိုဝါပြာ အထပ်ထပ်အလွှာလွှာ မြေကမ္ဘာရဲ့ ရှုမငြီးနိုင်ဖွယ် အလှရတနာစုံတွေနဲ့ လွှမ်းထုံချယ်သထားတဲ့ တစ်နေရာဟာ ဂရင်းကင်ညန်ပါဆိုလျင်ဖြင့် လွန် မယ် မထင်ပါဘူး။
ဒီအကြိမ်က ဂရင်းကင်ညန်ကို ကိုယ်ရောက်တာ နှစ်ကြိမ်မြောက်လေ။ လွန်ခဲ့တဲ့ (၇) နှစ်ခန့်က ပထမအကြိမ် ဂရင်းကင်ညန်ကို ကိုယ်ရောက်သွားတော့ တကယ့်ကိုမှ နွေခေါင်ခေါင်လ၊ သြဂုတ်ထဲမှာ။ ဂရင်းကင်ညန်ပြည် နယ် အရီဇိုးနားဆိုတာက အမေရိကန်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းပြည်နယ်မို့ နေရှိန်ပြင်းတဲ့ပြည်နယ်တွေထဲက တစ်ခု။ ဒီပြည်နယ်က အပူဆုံးရာသီကို ပိုင်ဆိုင်ထားတယ်လို့တောင် ပြောရမယ့် ပြည်နယ်။ အဲဒီအချိန်က အရီဇိုးနားကို ကိုယ်ရောက်သွားခဲ့တဲ့နေ့က မှတ်မှတ်ရရ အရီးဇိုးနားရဲ့ တစ်နှစ်တာလုံးမှာ စံချိန်တင်အပူဆုံးနေ့တဲ့လေ။ အပူချိန် က ဖာရင်ဟိုက် တစ်ရာ့တစ်ဆယ့်ခြောက်တောင်ရှိတာ။  အပူဆုံးပြည်နယ်ရဲ့ အပူဆုံးအချိန် အပူဆုံးနေ့မှာ ရောက်သွားခဲ့တာဆိုတော့လဲ ဒီလောက်တော့ ရှိမှာပေါ့။ ဖီးနစ်လေဆိပ်က အထွက်မှာ ကိုယ့်ကိုယ် ပြေးဟပ် လိုက်တဲ့အပူလှိုင်းက ခုတောင်ရှိန်းတိန်းတိန်းဖြစ်နေသေးသလို ခံစားမိတယ်။ ဖီးနစ်မှာက ညပိုင်းမှာတောင် အပူ လှိုင်းက တရှိန်ရှိန်လောင်မြိုက်နေခဲ့တာ။ 
ဒီတော့ ရောက်ရောက်ချင်း အပူလှိုင်းနဲ့ မှတ်မှတ်ရရ ဖြစ်လောက်အောင် မိတ်ဆက်လိုက်တဲ့ ဖီးနစ်ရဲ့ အရှိန် ပြင်းပြင်း အပူက ဂရင်းကင်ညန်ကို ကိုယ်ရောက်သွား တဲ့အထိတောင် ပါလာတယ်လို့ ထင်ခဲ့မိတယ်။ တ ကယ်တော့ ဖီးနစ်နဲ့ ဂရင်းကင်ညန်အမျိုးသား ဥယျာဉ် ရဲ့ တောင်ဘက်ဝင်ပေါက်က မိုင်နှစ်ရာသုံးဆယ် နီးပါး လောက်ဝေးလို့ ကားတောင် လေးနာရီခန့် မောင်းရ တဲ့ခရီးပါ။ မြင်ကွင်းတွေလည်း မတူသလို အပူချိန်လည်း ကွဲပြားပါတယ်။ ဂရင်းကင်ညန်က ဖီးနစ်လောက် မပူလောင်ပါဘူး။ သို့ပေမယ့်လဲ ဖီးနစ်ကနေ အရီဇိုးနားပြည်နယ်ရဲ့ အထိမ်းအမှတ် ရှားစောင်းပင်တွေ၊ ကန္တာရ နွယ်ပင်တွေနဲ့ တန်ဆာဆင်ထားတဲ့ ပူပြင်းတဲ့ရာသီဥတုကို ဖြတ်သွားရတာရယ်၊ လေဆိပ်ကနေ ထွက်ထွက် ခြင်း မိတ်ဆက်ပေးလိုက်တဲ့ အပူရှိန်ရယ်ကြောင့် အတန်အသင့်အေးတဲ့ ဂရင်းကင်ညန်က  ကိုယ့်ကိုယ် အဲဒီ တစ်ကြိမ်က အေးမြမှု မပေးနိုင်ခဲ့ဘူး။ နောက်ပြီး ဖီးနစ်ကနေသွားခဲ့တာဆိုတော့ ဂရင်းကင်ညန်ကိုတောင် ဖက်အပေါက်ကနေ ဝင်ရတယ်လေ။ ဂရင်းကင်ညန်ရဲ့ တောင်ဖက်ပိုင်းနဲ့၊ တောင်ဖက်ပိုင်းကနေ မြင်ရတဲ့မြင်ကွင်း ကလဲ သွေ့သွေ့ခြောက်ခြောက်။ ဒီတော့လည်း ဂရင်းကင်ညန်ဆိုတာ ရင်သက်ရှုမော အံ့သြဖွယ်တွေနဲ့ ပြည့်လျံ နေတဲ့ နေရာတစ်ခုပေမယ့် ပူပြင်းတဲ့နိမိတ်ပုံဆောင်ဒေသတစ်ခုလို့ပဲ မှတ်ထင်ခဲ့လိုက်ပါတယ်။ မြင်ခဲ့ရတဲ့ ချောက်ကမ္ပားယံတွေရဲ့ နီကျင်ကျင် ပသာဒတွေကလည်း မီးပြင်းပြင်းလောင်မြိုက်နေတဲ့ သံကန့်လန့်ကာစတွေ ထပ်ထားသည့်နှယ်။
ဒီတစ်ခေါက် ရောက်သွားတာက ဇွန်လနှောင်းပိုင်း။ နောက်ပြီးလည်း ဂရင်းကင်ညန်ကို မြောက်ဖက်ကနေ ပြည် လည်မြင်ရတဲ့မြင်ကွင်း။ အရင်တစ်ခေါက် တောင်ဖက်ကမြင်ရတဲ့ မြင်ကွင်းနဲ့ ခုတစ်ခါ မြောက်ဖက်က မြင်ရတဲ့ မြင်ကွင်းက မတူခြားနားစွာ။ ဂရင်းကင်ညန်က မြစ်မိုင် (၂၇၇) မိုင်ရှည်ခန့်ရှည်ြ့ပီး (၁) မိုင်ခန့်နက်တာ။ အကျယ် ကလည်း ဘယ်နေရာမှာ တိုင်းတယ်ဆိုတာ မူတည်လို့ (ဂ) မိုင်ကနေ (၁၆) မိုင်ခန့်အထိတောင် ကျယ်တဲ့နေရာ ရှိသတဲ့။ ဒါကြောင့် မြောက်ဖျား ဂရင်းကင်ညန်ရဲ့ မြောက်ဖက်ကမြင်ရတဲ့မြင်ကွင်းက တောင်ဖျားဂရင်းကင်ညန်ရဲ့ တောင်ဖက်က နေမြင်ရတဲ့ မြင်ကွင်းနဲ့ဆို အမြင်အာရုံမှာသာမက အပူအအေးကလည်း ကွာခြားသပေါ့။
ဒီတော့လည်း ခံစားမှုရသခြင်းလည်း ကွဲပြားသပေါ့လေ။ ခုတော့လည်း ဂရင်းကင်ညန်က သစ်ပင်သစ်တောတွေ အုပ်ဆိုင်းညိုပြာလို့ စိမ်းစိမ်းစိုစို၊ အေးအေးမြမြ၊ ရီဝေဝေ၊ ရောင်စုံမြေလွှာ အထပ်ထပ်တွေနဲ့ တစ်မျိုးလှနေလိုက် တာ။ အချို့နေရာများမှာတော့ တောင်လှေကားမှာ စိမ်းမြမြ ကောက်စပါးတွေ စီကာ စိုက်ထားသည့်ပမာ။
ဂရင်းကင်ညန်ရဲ့ သမိုင်းကြောင်းက ပြောရရင် အရှည်ကြီးဖြစ်မှာပေါ့။ (from the fairly young to the fairly old) ဆိုတဲ့ ဘူမိဗေဒ ပညာရှင်တွေ အသုံးအရ ပြောရရင်ကိုပဲ ဂရင်း ကင်ညန်ရဲ့ အမြင့်ဆုံးထိပ်ဖျားက အသက်နု ဆုံး ကျောက်စိုင်ကျောက်သားသည်ပင် နှစ် သန်းပေါင်း (၂၇ဝ) ဝန်းကျင်ရှိပြီတဲ့လေ။ ဂရင်းကင်ညန်ရဲ့ အောက်ဆုံးလွှာကျောက် သား သက်ရင့်ကျောက်လွှာများကတော့ နှစ် သန်းပေါင်း (၁၈၄ဝ) တောင်ရှိပြီတဲ့။ ဘူမိဗေဒပညာရှင်တွေ လက်ခံထားတဲ့ ဒီကမ္ဘာမြေကြီးရဲ့ သက်တန်းက နှစ် သန်းပေါင်း  (၄၅၅ဝ) ဆိုတာနဲ့ နှိုင်းစာမယ်ဆိုလျင်တော့လည်း သိပ်ပြီးတော့လည်း အိုစာတယ် ဆိုနိုင်မယ် မဟုတ်ဘူးပေါ့။ ခုလိုကျောက်သားကျောက်လွှာတွေက အတန်ငယ်ကြီးရင့်ပေမယ့် ဂရင်းကင်ညန်ကတော့ နုပျို နေဆဲ သားငယ်လေးတစ်ဦးသာပ။ ဂရင်းကင်ညန်ဖြစ်ပေါ်လာတဲ့နှစ်က (၅) သန်းကနေ (၆) သန်းအတွင်းမျှ လောက်သာပဲ ရှိသေးတာတဲ့လေ။ နှစ်(၅)သန်း(၆)သန်းကို မရင့်သေးဘူးလို့ ထင်ရဖို့ နှစ်ရာဂဏန်းဝန်းကျင်မျှ ရှည်ကြာနိုင်တဲ့ ကိုယ့်သက်တမ်းကို ခဏမေ့ထားဖို့တော့ လိုမှာပေါ့။
ကော်လိုရာဒိုဖြစ်သာ မရှိလျင် ဂရင်းကင်ညန်ဆိုတာလည်း ဖြစ်ပေါ်လာနိုင်မှာ မဟုတ်လို့ ကော်လိုရာဒိုမြစ်က တော့ ဂရင်းကင်ညန်ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်လို့ ဆိုရမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ပေါင်း (၂၈ဝဝ) ကနေ ဂရင်းကင်ညန် ချောက်ဝှမ်းတစ်လျောက် စီးမျောနေတဲ့ မြစ်ပြင်ကျယ်ဟာ မြောက်ဖက် ပိုင်းရဲ့ အချို့အမြင့်ဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၈ဝဝဝ) ကနေ (၉ဝဝဝ) အတွင်းမြင့်တဲ့ ချောက်ကမ္ပားယံကနေ ငုံ့ကြည့်လိုက်တော့ တကယ့်ကိုမှ နက်ရှိုင်းလှတဲ့ အောက်ခြေမှာ။ ချောက်ကြား မြစ်လွှာ ရဲ့ ကွေ့ကောက်ကာ စီးမျောနေပုံက စိမ်းပြာရောင်တောက်နေတဲ့ မြွေတစ်ကောင် အစာဝလို့ မရွေ့မရှား ငြိမ်သက် နေလေဟန်။ ဂရင်းကင်ညန်ရဲ့ မြောက်ပိုင်းတစ်ခွင်မှာ လေ့လာစရာတွေ၊ လှပတဲ့ရှုမျှော်ကွင်းတွေ၊ မရေမတွက် နိုင်အောင် များပြားပေမယ့် Bright Angle Point-လင်းလက်တဲ့ ကညာနတ် အငူစွန်းလေးကနေ မျှော်ကြည့်ရတဲ့ လေးဘက်မြင် မြင်ကွင်းအလှကိုတော့ ထာဝရ တမ်းတကာ လွမ်းယောင်နေမိတော့မှာပါ။
မြောက်ဖက်ပိုင်းမှာက တောင်ဖက်လို လေ့ လာလိုသူ မများသမို့ ပိုပြီးတော့လည်း တော ဆန်ပါတယ်။ အရိုင်းဆန်တယ်၊ ဘဘာဝ ပို ဆန်တယ်လို့လဲ ပြောနိုင်ပါတယ်။ ဂရင်းကင် ညန်ဆိုတာကလည်း အလယ်မှာမြစ်တစ်စင်း စီးနေတဲ့ ဧရာမ သဘာဝချောက်ကြီးတစ်ခုပဲ လေ။ သဘာဝအရ ဖြစ်တည်နေတဲ့ အံ့ဖွယ် တစ်ခု။ သဘာဝမှာကိုပဲ မြောက်ဖက်မြင် ကွင်းက ပိုပြီးသဘာဝကျတယ်လို့ ကိုယ်က တော့ ယုံကြည်မိတယ်။ စိမ်းစိမ်းစိုစို ညိုမှောင် ပြာဆိုင်းနေတဲ့ သစ်ပင် တွေကပဲ အရိုင်းဆန်အောင် အားဖြည့်ပေးသလို ဖြစ်သလားတော့ မဆိုနိုင်ဘူးပေါ့။ ကိုယ့်အဖို့တော့ ညို့တို့ပြာတာ နီဝါရွှေစက် ရောင်စုံလက်နေတဲ့ ဂရင်းကင်ညန်ရဲ့ စွဲမက်ဖွယ်အလှတွေက မျက်စိ ခွါမရအောင် ဖြစ်နေတော့တယ်ပေါ့။
မြောက်ဖက်မှာက ချောက်အတွင်းကို ချွန်ထွက်နေတဲ့ အစွယ်စွန်းတွေလည်း ပိုများသမို့ နက်ရှိုင်းလှတဲ့ ချောက် ကမ္ဘားကြီးများရဲ့ ပင်ကိုယ်အလှကို သုံးဖက်မြင် လေးဖက်မြင်အလှတွေနဲ့ တဝကြီးရှုကြည့်လို့ ရနိုင်တယ်လေ။ ကိုယ်ဖြတ်လျောက်ခဲ့တဲ့ကမ္ပားရဲ့ အသဲယားဖွယ် အနီးကပ်မြင်ကွင်းကို ပြန်ကြည့်လို့ ရနိုင်သလို ဟိုးအဝေးဆီက အလွှာအထပ်ထပ်၊ အစွန်းအဆွယ်ဆွယ်၊ ကမ္ဘာတစ်ဝှမ်းက ထင်ရှားတဲ့ ဂန္ထဝင်အဆောက်အဦကြီးများသဖွယ် မြင်ကွင်းများကိုလည်း ခန့်မှန်းလို့ မြင်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဘီးကုန်းကြီးသဖွယ်၊ သက်တန့်နှယ်ပမာ ရောင်စုံချယ်ထားတဲ့ သဘာဝမြင်ကွင်းကျယ် ပန်းချီကားကြီးကိုလည်း ငေးမောလို့ ရနိုင်ပြန်တယ်။ ဒီမြင်ကွင်း ကျယ် ပန်းချီကားကို မြင်ရဖို့ဆိုတာက ဒီကမ္ဘာမှာ ဒီတစ်နေရာတည်းသာ ရှိနိုင်တာမျိုးပဲဖြစ်မှာပါ။ ဒီတော့လည်း ဒီနေရာဟာ ကိုယ့်အတွက် စိတ်ဝင်စားဖွယ်တစ်နေရာ ဖြစ်ခဲ့တာ အဆန်းတော့လည်း မဟုတ်ဘူးပါ့။
တောင်ဖက်က ကမ္ဘာကျော် လပ်စ်ဗေးဂပ်ကနေသွားရင် လွယ်ကူတဲ့နေရာ၊ အရီးဇိုးနားရဲ့ မဟာမြို့တော် ဖီးနစ် ဖက်မှာလည်း ရှိတာမို့ လမ်းပန်းအဆက်အသွယ်ကလည်း ပိုမိုကူးယှက်ဖို့ လွယ်ကူတဲ့နေရာ။ ဒီတော့ အများစု လေ့လာ သူတွေက တောင်ဖက်ပိုင်းကိုသာ သွားတတ်ကြတယ် မဟုတ်လား။လူအရောက်အပေါက်များတဲ့ နေ ရာဆိုတာ လူတွေနဲ့ ဆက်နွယ်နေတဲ့ အရာတွေက ပါလာစမြဲဆိုတော့ တစ်နည်းနည်းနဲ့တော့ သဘာဝအလှ တရားတွေကို ပွန်းပဲ့စေနိုင်တတ်တာမျိုးလေ။ သဘာဝအလှတရားကို ပြည့်ပြည့်ဝဝ ခံစားလိုတယ်ဆိုလျင်ဖြင့် မြောက်ဖက်ဝင်ပေါက်ကနေ ဝင်ရောက်ကာ လေ့လာခြင်းဟာ သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။ တစ်ခွင်လုံး စိမ်းလန်းစိုပြည်နေတဲ့ ဂရင်းကင်ညန်တလျောက် ဖြတ်တိုက်လာတဲ့ မြောက်ပြန်လေပြေက အေးမြခြင်းရသကို ပြည့်ပြည့်ဝဝ ပေးစွမ်းခဲ့တယ်။ ဒီအေးမြခြင်းကပဲ ငြိမ်းချမ်းခြင်းအလှကို သယ်ဆောင်လာပြန်တယ်။ ဒါဟာ ခရီး တစ်ခုရဲ့ တန်ဖိုးဖြတ် မရနိုင်တဲ့ အကျိုးတစ်ခုပဲလေ။ ဒါကြောင့်လဲ ဒီနယ်မြေလေးကို ကန္တာရအလယ်က အိုအေ စစ်ရယ်လို့ ပြောကြတာ ဖြစ်လေမပေါ့။ ပြောသင့်တာပဲလေ။
အလှတွေမျှဝေချင်လို့သာ ကိုယ်က ခုလိုရေးပြနေတာပါ။ကိုယ်မြင်ရတဲ့ ဂရင်းကင်ညန်အလှကို ပြောပြနိုင်တာက တကယ့်ကိုမှ နည်းနည်းလေးမျှသာပါ။ တကယ်ဆိုတော့လဲ တကယ့်သဘာဝတရားတွေရဲ့အလှကို စာလုံးတွေ၊ စကားလုံးတွေနဲ့ ဘယ်မှာပြောပြ၊ ရေးပြလို့ ကုန်နိုင်ပါ့မလဲ၊ မှီလည်းပဲ မှီနိုင်ပါ့မလဲ။
သင်က ကိုယ်မဟုတ်လို့ သင့်အကြိုက်ကို ကိုယ်မသိနိုင်သလို သင့်ကံကြမ္မာက ဘာဆိုတာကိုလည်း မခန့်မှန်း နိုင်ပါဘူး။ သင့်ကုသိုလ်ကံက သင့်ကိုမျက်နှာသာပေးလို့ ဂရင်းကင်ညန်ဒေသကို နှစ်ခေါက်သွားဖို့ အခွင့်ရှိတယ် ဆိုရင်တော့ အအေးအပူ၊ မတူခြားနား၊ တစ်ဘာသာစီ၊ ကွဲပြားကာ လှနေတဲ့ တောင်မြောက် မြင်ကွင်းနှစ်မျိုးကို မြင်ခွင့်ရအောင် စီစဉ်ပေါ့။ ဒါမှမဟုတ်၊ သင့်မှာ တစ်ခေါက်ပဲ ဂရင်းကင်ညန်ကို သွားခွင့်သာမယ်၊ နောက်ပြီး သင် က သစ်ပင်သစ်တောတွေကိုလည်း ချစ်တတ်တယ်၊ စိမ်းစိမ်းစိုစို၊ အေးအေးချမ်းချမ်း တောပန်းလေးတွေ ဖူးပွင့် ဝေနေတဲ့ အလှယှက်နွယ် ရောင်စုံချယ်သ ရွှန်းရွှန်းမြမြ ပသာဒကို တွေ့မြင်ချင်သပဆိုလျင်တော့ မြောက်ဖက်က ဝင်ရတဲ့ ဂရင်းကင်ယန်ခရီးကိုရွေးဖို့ အကြံပြုချင်ပါရဲ့။
သင်ကိုယ်တိုင်မြင်ရတဲ့ ဂရင်းကင်ညန်ဟာ ကိုယ် ပြောပြတာထက် အဆရာထောင် သာလေမယ် ဆိုတာ ကိုယ်က သေသေချာချာကို သိနေတယ် လေ။ ဒါကြောင့် ပြောပြမကုန်နိုင်တဲ့ ဂရင်းကင် ညန်ရဲ့ ရင်ခုံတမ်းတ အလှပသာဒတွေကို အရိပ် အမြွက်မျှသာ ပြောပြနိုင်တဲ့ ကိုယ့်အားနည်းချက် ကိုလည်း သင်ကိုယ်တိုင် ဂရင်းကင်ညန်ကို ရောက်တဲ့အခါမှာ နားလည်စွာ ခွင့်လွှတ်ပေးပါ ဆိုတာကို ကြိုတင်ကာ ပြောထားလိုက်ပါရစေဦး ပေါ့။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts