မှတ်စုမှတ်တမ်း သတင်းဆောင်းပါး အောင်ဒင်

မြန်မာနိုင်ငံ ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့်အဝေးကြည့် (၄) (Aung Din)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၇၊ ဇန်နဝါရီ ၃၊ ၂၀၁၃၊ စာမျက်နှာ ၂၂)

မြန်မာနိုင်ငံ ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့်အဝေးကြည့်    (၄)

အောင်ဒင်

အပိုင်း (၄) ပုဒ်မ ၄ နှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးပါ …


၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးကနေ “ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ အဖြစ်နဲ့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်၊ အဲဒီလို နိုင်ငံသားများကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုတာကို နိုင်ငံတကာအစိုးရများက အင်မတန်ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကြီး တရပ်အဖြစ် ကြိုဆိုခဲ့ကြပါတယ်၊ သမ္မတ ဦးသိန်းစိန် ကလဲ စက်တင်ဘာလအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ဒီအချက်ကို ထည့်သွင်းပြီး ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်၊


ဒါပေမည့် ဒီဥပဒေ ကို စစ်ဆေးကြည့်မယ်ဆိုရင် နိုင်ငံသားများကို ပေးအပ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ စီတန်းလှည့်လည်ခွင့်ဆိုတာ အကန့်အသတ်တွေ၊ စည်းမျဉ်းတွေနဲ့ ပေးအပ်တာသာဖြစ်ပြီး ခွင့်ပြုချက်မရပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပြစ်ဒါဏ်ခတ် အရေးယူထောင်ချနိုင်တာတွေ့ရပါတယ်၊ အဲဒီ ဥပဒေ ရဲ့ ပုဒ်မ (၁၈) မှာ “မည်သူမဆို ခွင့်ပြုမိန့်မရရှိပဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားခြင်းစီရင်ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒါဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက် မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊ တချိန်က အရေး
 ပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဆိုတာ နိုင်ငံရေးလှုပ်ရှားသူများကို အနည်းဆုံး ထောင် ၇ နှစ် ဖမ်းဆီးထောင်ချတဲ့ ဥပဒေ ဖြစ်ပြီး နိုင်ငံတဝှမ်း အမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်၊ အခုလဲ အဲဒီ ဥပဒေဆက်လက် တည်ရှိနေတုံးပါပဲ၊ ဒါပေမည့် နိုင်ငံရေးလှုပ်ရှားသူများအကြား ပိုပြီး အမည်ဆိုးနဲ့ ကျော်ကြားလာပြီး ဒီနေ့ အာဏာပိုင်များရဲ့ လူထုလှုပ်ရှားမှု ဖြိုခွင်းရေးလက်နက်က တော့ ပုဒ်မ (၁၈) ဖြစ်လာပါတယ်၊

အခု လတ်တလော မှာကိုပဲ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲ တာကို မကျေနပ်လို့ နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေဟာ အာဏာပိုင်တွေက ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးအရေးယူတာ ခံနေရပါပြီ၊ ဒီပုဒ်မ ကို မဖျက်သိမ်း သ၍၊ ဒီဥပဒေကို မပြင်ဆင်သ၍ နိုင်ငံသားများ ရဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တွေဟာ ဆက်လက် ကန့်သတ်ခံနေရမှာပါ။


ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေပါ မှာ ပါတဲ့ ကန့်သတ်ချက်တွေက ဒီလိုပါ၊ ပုဒ်မ ၄ မှာ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်လိုတဲ့ နိုင်ငံသားများ၊ အဖွဲ့အစည်းများ ဟာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ အနည်းဆုံး ငါးရက်ကြိုတင်ပြီး ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန်အပိုင်းအခြား၊ ဟောပြောမည့်အကြောင်းအရာ၊ ကြွေးကြော်သံ၊ ချီတက်မည့်လမ်းကြောင်း စတဲ့အသေးစိတ်အချက်အလက်တွေ၊ ဦးဆောင်မည့် ပုဂ္ဂိုလ် နဲ့ ဟောပြောမည့် ပုဂ္ဂိုလ်များရဲ့ ကိုယ်ရေးရာဇဝင်၊ ခန်မှန်းမည့်လူဦးရေ ခန့်မှန်းချက်၊ တွေနဲ့ လျှောက်ထားရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ ၅ မှာတော့ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သလို ငြင်းပယ်ခြင်းလဲ ပြုနိုင်ပါတယ်၊


မိမိ ဆန္ဒကို ထုတ်ဖော်ရေးအတွက် စုဝေးကြ၊ စီတန်းလှည့်လည်ကြရမှာ ကြိုတင်စီစဉ် နိုင်တဲ့ ကိစ္စများ ရှိသလို ကြိုတင် စီစဉ်ထားတာမဟုတ်ပဲ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခြေအနေအရ ဆန္ဒပြကြရတာ ရှိပါတယ်၊ ကမ္ဘာ့ HIV/AIDS        နေ့တို့၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့တို့၊ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တို့၊ အလုပ်သမားနေ့ တို့လို နေ့တွေမှာ စုဝေးတာ၊ စီတန်းလှည့်လည်တာအတွက် ကြိုတင်စီစဉ်လို့ရသလို ကြိုတင်လျှောက်ထားလို့လဲ ရပါတယ်၊ ဒါပေမည့် အခုဖြစ်ပေါ်နေတဲ့ လက်ပန်းတောင်းတောင်သပိတ်စခန်းများအပေါ် အာဏာပိုင်များရဲ့ အကြမ်းဖက်ဖြိုခွဲမှုအပေါ် လူထုက အရေးပေါ် စုဝေးတုန့်ပြန်တာ၊ စီတန်းလှည့်လည် ဆန္ဒပြရာမှာ ခွင့်ပြုချက်တောင်းခံဖို့ အချိန်မရှိသလို ခွင့်ပြုချက်တောင်းခံဖို့လဲ မလိုအပ်သင့်ပါ၊

ကုလသမဂ္ဂကပြဋ္ဌန်းထားပြီး မြန်မာနိုင်ငံကလဲ လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights)  ရဲ့ ပုဒ်မ ၂၀/၁ (Article 20/1) မှာလဲ “လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ငြိမ်းချမ်းးစွာ စုဝေးခွင့်၊ စည်းရုံးခွင့် ဆိုတဲ့ အခွင့်အရေး ရှိတယ်” လို့ ပြဌန်းထားပါတယ်၊  လွတ်လပ်စွာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊စီတန်းလမ်းလျှောက်ခွင့်၊ ဆန္ဒပြခွင့် ဆိုတာ လူတိုင်းလူတိုင်း ရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေပါ၊ ဘယ်လိုအစိုးရကမှ ဥပဒေတွေနဲ့ မကန့်သတ်သင့်ပါ၊


အမေရိကန်ပြည်ထောင်စုမှာတော့ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို နိုင်ငံသားများရဲ့ မူလအခြေခံရပိုင်ခွင့် (Bill of Rights) တစ်ခုလို့သတ်မှတ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့ အခိုင်အမာအကာအကွယ်ပေးထားပါတယ်၊ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ နံမည်ကျော် ပထမ ပြင်ဆင်ချက် (The First Amendment) မှာ “ကွန်ဂရက်လွှတ်တော်သည် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှု၊ နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ လူထု၏ နစ်နာဆုံးရှုံးမှုများအတွက် အစိုးရထံမှ နစ်နာကြေးတောင်းဆိုရန် စုပေါင်းတောင်းဆိုခြင်းများကို ကန့်သတ်ချုပ်ချယ်မည့် မည်သည့်ဥပဒေမျိုးကိုမဆို ပြဋ္ဌန်းခွင့် မပြု” (Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances
.) လို့ ကွန်ဂရက်လွှတ်တော်ရဲ့ အာဏာကို ကန့်သတ်ပြီး လူထုရဲ့ မွေးရာပါ အခြေခံအခွင့်အရေးများကို အကာအကွယ်ပေးထားပါတယ်၊ 


အမေရိကန်ပြည်ထောင်စုမှာ လူဦးရအများအပြားပါဝင်ပြီး လမ်းမကြီးတွေပေါ်မှာ ချီတက်ကြမည့် စီတန်းလှည့်လည်မှုမျိုး၊ လမ်းတွေ ပိတ်ပြီး ယဉ်အသွားအလာကို လမ်းကြောင်းပြောင်းပေးဖို့ လိုအပ်တဲ့ စီတန်းလှည့်လည်မှုမျိုး၊ အသံချဲ့စက်သုံးဖို့ လိုအပ်တဲ့ ဟောပြောမှုမျိုး၊ လူအများစုဝေးရာ ပန်းခြံကြီးများ၊ ကွင်းပြင်ကြီးများမှာ လုပ်မည့် စုဝေးမှုမျိုးအတွက်သာ သက်ဆိုင်ရာ အာဏာပိုင်များစီက ကြိုတင် ခွင့်ပြုချက်တောင်းရပါတယ်၊ ကျန်တဲ့ စီတန်းလှည့်လည်မှုများ၊ စုဝေးမှုများအတွက် ခွင့်ပြုချက်တောင်းခံစရာမလိုပါ၊ ခွင့်ပြုချက်မပါပဲ ငြိမ်းချမ်းစွာ ဆန္ဒပြလို့လဲ အရေးယူမခံရပါ၊ အဖမ်းမခံရပါ၊ အဲဒီလို ဖမ်းဆီးအရေးယူလို့ရတဲ့ ဥပဒေမျိုးလဲ မရှိပါ၊


ခက်တာက မြန်မာနိုင်ငံက ဥပဒေတွေမှာ နိုင်ငံသားများကို လွတ်လပ်ခွင့်တွေ ပေးထားပေမည့် အဲဒီ လွတ်လပ်ခွင့်တွေက အမှန်တကယ် မလွတ်လပ်တာပါပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်ပါ၊ ပုဒ်မ ၃၅၄ မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှါ ပြဋ္ဌန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။” လို့ ပြဋ္ဌန်းထားပြီး အခွင့်အရေးများမှာထဲမှာ (ခ) လက်နက်မပါပဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် လဲ အပါအဝင်ပါ၊ ဒါပေမည့်လဲ ” နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှါ ပြဋ္ဌန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျင်” ဆိုတဲ့ စကားစုက “လွတ်လပ်စွာ” ဆိုတဲ့ ကြိယာဝိသေသန ကို ဖျက်ဆီးပစ်လိုက်ပါတယ်၊ ” ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ” ရဲ့ ပုဒ်မ ၄ အရ စီတန်းလှည့်လည်မှုအားလုံးဟာ ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့လိုအပ်ပြီး ပုဒ်မ ၅ အရ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခွင့်ရှိပါတယ်၊ ခွင့်ပြုချက်မရပဲ ဆန္ဒပြရင်ဖြင့် ပုဒ်မ ၁၈ အရ ထောင်ဒါဏ် တစ်နှစ်၊ ဒါမှမဟုတ် ငွေဒါဏ် ကျပ် သုံးသောင်း၊ ဒါမှမဟုတ် ထောင်ဒါဏ် နဲ့ ငွေဒါဏ် ပူးတွဲခံစားရမှာပါ၊


သမ္မတဦးသိန်းစိန် အပါအဝင် လက်ရှိအစိုးရခေါင်းဆောင်များ၊ လွှတ်တော်ခေါင်းဆောင်များ က စာနယ်ဇင်းများ (Media) နဲ့ လူထုအခြေပြုအဖွဲ့အစည်းများ (Civil Cosiety) ကို နိုင်ငံတော်ရဲ့ စတုတ္ထ နဲ့ပဉ္စမ မဏ္ဏိုင်များလို့ အသိအမှတ်ပြု တာ ကြားဘူးပါတယ်၊ 


အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများလို  ဘာအာဏာမှ မရှိတဲ့ အဲဒီ မဏ္ဏိုင်များအတွက် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် နဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်များက လူထုဆန္ဒကို ဖော်ထုတ်ပြသနိုင်တဲ့ အနည်းဆုံးအခွင့်အရေးများဖြစ်ကြပါတယ်၊ 


ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေပါတယ်လို့ ကြွေးကြော်နေတဲ့ မြန်မာနိုင်ငံမှာ လူထုဟာ သူတို့ရဲ့ နာကျင်မှုကို အုပ်ချုပ်သူတွေသိအောင်၊ သူတို့ရဲ့ အသံကို အာဏာပိုင်တွေ ကြားအောင်၊ သူတို့ရဲ့ ခံစားချက်များကို တာဝန်ရှိသူတွေ အလေးပေးစဉ်းစားအောင် အလွယ်ဆုံး နဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့ စီတန်း လှည့်လည် ဆန္ဒပြခြင်းများနဲ့ ဆက်လက်ဖော်ထုတ်ကြပါလိမ့်မယ်၊ 


အစိုးရ နဲ့ လွှတ်တော်က ဥဒေတွေနဲ့ လူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြတာကို ကန့်သတ်ချုတ်ချယ်တာတောင်မှ လူထုဟာ သူတို့ပါးစပ်တွေကို ပိတ်ဆို့ညိမ်သက်နေမှာမဟုတ်ပဲ အတားအဆီးများကို ဆက်လက် ထိုးဖောက်ပါလိမ့်မယ်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးများကို မရရအောင် တောင်းဆိုပါလိမ့်မယ်၊ ဒီ ဥပဒေကို မပြင်ရင်၊ ပုဒ်မ ၁၈ ကို မဖျက်သိမ်းရင်ဖြင့် မြန်မာနိုင်ငံတဝှမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်၍ထပ်၍ တိုးပွါးနေဦးမှာပါ၊


ဒါကြောင့်မို့ မကြာခင် ၂၀၁၃ နှစ်ဆန်းမှာ ပြန်လည်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်များက ” ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ”  ကို ပြန်လည်ပြင်ဆင်ပြီး ကန့်သတ်ချက်များဖြစ်တဲ့ ပုဒ်မ ၅ နဲ့ ပုဒ်မ ၁၈ တို့ကို ဖျက်သိမ်းဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်၊


လေးစားစွာ


အောင်ဒင်
ဒီဇင်ဘာ ၄၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts