ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ပြည်သူဖက်ကတော့ …….မဲ တမဲ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ပြည်သူဖက်ကတော့ …….မဲ တမဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

ပြီးခဲ့တဲ့အတိတ်ကို အနောက်ချန်.. ကန်လန့်ကာချပြီး သင်ပုန်းချေတာ မချေတာတွေ ခဏထား၊ ညီအကို မသိတသိ နေဝင်မှောင်ရီဝိုးတဝါး အချိန်ကျော်လို့ ကြယ်..လ စုံမြူးအလင်းတောက်မှ မြင်လာ ကြုံလာရတဲ့  ရန် / ငါ စည်း  ရွှေးချယ်နေ တာ ခဏရပ်ထား ၊ ဒုက္ခ..သောကကြား၊ မုန်တိုင်းကြား၊ မျက်ရည်ကြားကနေ နှလုံးသားထဲက  မဲတပြားနဲ့ မဲရုံဆီအရောက် သွားဖို့ ကျားကုတ်ကျားခဲ   အားခဲနေတာ ခဏနေပါဦးလား…….၊၊

အချိန်ကာလ ၅ နှစ်၊ ပြည်သူ့ဘဏ္ဍာငွေ ကျပ် ဘီလီယံ ၅၈၊ နိုင်ငံတကာ အကူအညီဒေါ်လာ သန်း ၂၀ တွေနဲ့ တရင်းတနှီး မြှုပ်နှံ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့  အထွေထွေရွှေးကောက်ပွဲကြီးအတွက်   အစပထမခြေလှမ်းက  အမှားအယွင်းကြီးကြီးနဲ့ စထွက်လို့လာပါပြီလေ။

အချိန် ၅ နှစ်နီးပါး  စီမ်ပြေလက်ပြေ၊ ခေါင်းအေးအေး၊ သွေးအေးအေးနဲ့ စနစ်တကျ အကွက်ကျကျ ၊တမင်ရည်ရွှယ်ချက်ရှိရှိပြင် ဆင်ထားတဲ့ မဲစာရင်းအမှားအယွင်းက ကန်လန့်ကာဖွင့်လို့ ကပြ အသုံးတော်ခံထွက်နေပါပြီ။ ပီပီပြင်ပြင်၊ သေသေသပ်သပ် ၊ ပါးပါးလှပ်လှပ်  တဆင့်ပြီး တဆင့်၊ တကွက်ပြီး တကွက်  ထစ်ထား၊ ညစ်ထား ၊ မြှုပ်ထားတဲ့ မဲစာရင်းရဲ့  အန္တရာယ်ပေါင်းစုံကို       ဒီနေ့ အမြန်ဆုံး ရင်ဆိုင် ဖြေရှင်းသင့်နေပါပြီ…….၊၊

အမှားအယွင်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေရှိတယ်…….။
အမှားအယွင်းရဲ့တဖက်မှာ   နားလှည့် ပါးရိုက်အကွက်တွေ ရှိတယ်……။
အမှားအယွင်းရဲ့ ဦးတည်ရာက ဝိရောဓိ နေရာလွတ်တွေ ရှိတယ်…….။

“ဟုတ်လို့ကျော်…ပုပ်လို့ပေါ်  ..”နေရာအနှံ တဖျပ်ဖျပ် တက်လာတဲ့သတင်း အစအန..စကားအပိုင်းအဖြတ်တွေက ကော လဟလ မဟုတ်၊ ရီစရာ ပြက်လုံးလည်းမဟုတ်၊ အတိတ် ဒဏ္ဍာရီလည်းမဟုတ်။ တကယ့်အဖြစ်၊ တကယ်အခြေ အနေမှန်ကို  သက်သေနဲ့တကွ  ဖေါ်ထုတ်နေတဲ့ မဲအမှားအယွင်းသတင်းကို  အားလုံးက  ဝိုင်းမီးမောင်းထိုးပြသင့်နေပါပြီ၊၊

သမိုင်းအသစ်၊ နိုင်ငံအသစ်၊ အနာဂတ်အသစ်ပြောင်းလဲဖို့အတွက် အိုးစည်ဗုံမောင်းနဲ့ မြို့ပေါ်အရပ်မှာ  စည်းလုံးရေးဆင်း နေတာထက် မဲစာရင်းအမှားအယွင်းကြီးရဲ့နောက်ကွယ်က လက်မဲကြီးတွေ၊ ဝိရောဓိအမြင် ရောထွေးစေမယ့်အဖြစ်တွေ  ပြည် သူအများရှင်းလင်းအောင်. ဖော်ထုတ်ဖွင့်ချသင့်နေပါပြီ။ ဂုဏ်ပြု ကြိုဆိုပန်းကုံးတွေနဲ့ တင်းတိမ် နှစ်သိမ့်မနေဘဲ        တောရွာအနှံ့၊ ဒေသအနှံ့၊ ခေါက်တုန့်ခေါက်ပြန် သွားလာ မေးမြန်းရှင်းလင်း အသိပညာပေးသင့်နေပါပြီ၊၊

ယခင်အတိတ်က ကမ္ဘာသိ မြန်မာသိ ပြည်သူတွေအားလုံးသိကြတဲ့ “ကြိုတင်မဲ” ဆိုတဲ့စကားလုံးအတွက် ဒီနေ့အဖို့  စိတ် လက်ချမ်းချမ်းသာသာနဲ့ မေ့ပစ် ဖျောက်ပစ်လိုက်လို့ရပါပြီ။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့သဘောတရားလား၊ အာဏာရှင် အဆက်ဆက် မရိုးနိုင်အောင် စကားလုံးအသစ်သုံးတာ အထုံဝါသနာသဘောတရားလား၊ လာမယ့်အထွေထွေရွေးကောက် ပွဲအတွက်  မဲစကားလုံး အသစ်သစ်တွေ အပြိုင်းပြိုင်း အရိုင်းရိုင်း ထွက်ပေါ်လာပါပြီလေ၊၊

ကိုယ့် မိသားစုဝင်အိမ်ထောင်စုစာရင်းထဲ ဘယ်သူဘယ်ဝါမှန်းမသိတဲ့အမည်တွေပါဝင်နေတာကိုတော့ “အမည်မသိမဲ….လူစိမ်းမဲ…..တစိမ်းမဲ”  လို့ ခေါ်လို့ရပါပြီ။ နေရာလွတ်တွေ  ချန်ထားရမယ်ဆိုတဲ့ အထက်ကအမိန့်နဲ့ သိန်းသန်း ချီတဲ့ရွှေပြောင်း အလုပ်သမားတွေရဲ့မဲက “ကိုယ်ယောင်ဖျောက်မဲ…. အရိပ်မဲ့မဲ….ကွက်ပျောက်မဲလို့ သမုတ်နိုင်ပါပြီ။ မှတ်ပုံတင်မရှိ .. ထောက် ခံစာနဲ့လာမယ့်ပြည်သူအတွက် သက်ဆိုင်ရာမဲရုံတာဝန်ခံက  တာဝန်ယူ၊  သိကြောင်းတာဝန်ခံရင် မဲဆန္ဒပေးခွင့် ရှိရမည်ဆိုကတည်းက အဲဒီမဲကို “တန်ခိုးရှင်မဲ… ဘိုးဘိုးအောင်မဲ…မိုးကျရွှေကိုယ်မဲ…မဲရုံမှူးမဲ” လို့ သတ်မှတ်လို့ရပါပြီ၊       လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်နဲ့ အခါခါနဲ့လွတ်လာတဲ့ ရာဇဝင်လူဆိုးတွေ၊ ကလေက၀တွေ၊ အလုပ်မရှိ ၁၀၉ / ၁၁၀ တွေနဲ့ အရေးပေါ် ဆွဲယူခန့်ခဲ့တဲ့ အထူးရဲတပ်ဖွဲ့ ထဲက “စွမ်းအားရှင်မဲ..တာဝန်မဲ..မျိုးချစ်မဲ” တွေလည်း ကျန်ပါသေးတယ်။

အဲဒီတော့ ရှင်းရှင်းလေး သူတို့ဖက်က    အာဏာရှင်တွေဖက်က “အမည်မသိမဲ၊ လူစိမ်းမဲ၊ တစိမ်းမဲ၊ ကိုယ်ယောင်ဖျောက် မဲ၊ အရိပ်မဲ့ မဲ၊ ကွက်ပျောက်မဲ၊ တန်ခိုးရှင်မဲ၊ ဘိုးဘိုးအောင်မဲ၊ မိုးကျ ရွှေကိုယ်မဲ၊ စွမ်းအားရှင်မဲ၊ တာဝန်မဲ၊ မျိုးချစ်မဲ၊ မဲရုံမှူးမဲ”             မဲတွေအများကြီးမှ  အများကြီး ပြည်သူဖက်ကတော့ လူတယောက်ရဲ့အသဲကြားထဲက မဲတမဲ…..မဲတမဲ…..မဲတမဲ၊၊

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)

Photo : scmp.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts