>message to burmese broadcasting services

>

ရွေးကောက်ပွဲနဲ့ မြန်မာအသံလွှင့်ဌာနများ
ပြည်တွင်းမှ ပြည်သူ တဦး
ဇွန် ၂၄၊ ၂၀၁၀

မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ လက်ဘက်ရည်ဆိုင်တဆိုင်တွင် ရေဒီယို နားထောင်နေသူများ (ဓာတ်ပုံ-AP)


အသံလွှင့်ဌာနတွေကို ခလောက်ဆန် အကောက်ကြံ၊ လေလှိုင်းထဲက လူသတ်သမား စသဖြင့် ဘယ်လိုပဲ အပုပ်ချနေနေ မြန်မာလူထုမှာတော့ ဒီသတင်းဌာနများရဲ့ သတင်းနဲ့ ပညာပေးတာတွေကိုပဲ အားကိုးနေရတာပါ။ ကျေးဇူး အများကြီး တင်ပါတယ်။

တခါတလေမှာတော့ ပညာပေးဖို့ အင်တာဗျူး လုပ်တာလေးတွေမှာ ကသိကအောက် ဖြစ်စရာလေးတွေ ရှိနေလို့ နည်းနည်း ပြောပါရစေ။

အင်တာဗျူးတခုမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ “တကယ်လို့ ရွေးကောက်ပွဲမှာ ပြည်သူလူထုကို အတင်းအကြပ် မဲပေးခိုင်းလာရင်” ဆိုတဲ့ မေးခွန်းနဲ့ ဖြေတဲ့သူရဲ့ “ပယ်မဲ ဖြစ်အောင် လုပ်ပစ်ပေါ့” လို့ ဖြေလိုက်တာ ကြားလိုက်ရပါတယ်။

အတင်း အကြပ် မဲပေးခိုင်းလာရင် ဆိုတဲ့ အမေးဟာ မြန်မာ စစ်အာဏာရှင် အဖွဲ့အစည်းတွေ မလုပ်သေး တာကို လုပ်အောင် ကြိုပြီး လမ်းပြနေသလိုများ ဖြစ်နေမလား။ “ရွေး ကောက်ပွဲ ဥပဒေထဲမှာ လုပ်ခွင့်မရှိဘူး ဆိုပေမယ့် တဘက်က အတင်း အကြပ် မဲပေးခိုင်းလာရင်” ဆိုတဲ့ မေးခွန်းမျိုး ဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို မှန်မှန်ကန်ကန် သိအောင် အသိပညာပေးရာ ရောက်မယ် ထင်ပါတယ်။

မတရားတဲ့ ရွေး ကောက်ပွဲ ဥပဒေတွေ ဖြစ်လို့ မကိုးကား ချင်ပေမယ့် သတင်းသမားများနဲ့ အင်တာဗျူးသမားများကို နည်းနည်းတော့ ထောက်ပြပါရစေ။ ဥပဒေ ထဲမှာ မဲ မပေး မနေရ လို့ မပါသလို ဒီလို အတင်း အကြပ် ခိုင်းစေတာမျိုးတွေကို တားမြစ်ထားတာတောင် ရှိနေတာ သတိထားသင့်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် သုံးခု စလုံးရဲ့ ဥပဒေများမှာ
အခန်း (၁) အမည်နဲ့ အဓိပ္ပာယ် ဖော် ပြ ချက် ။ ပုဒ်မ ၂။ ပုဒ်မ ခွဲ (ဓရေမှုတ်) ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ – ဆိုတဲ့ အပိုဒ်ထဲ မှာ “ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး (သို့ မဟုတ်) မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး” ဆိုတာ ပါ ပါတယ်။

နောက်အခန်း (၁၃) ။ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များ။ ပုဒ်မခွဲ (၅၈)၊ (ခ)မှာ “ရွေးကောက်မှု ဆိုင်ရာအခွင့် အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်ရန် တားမြစ်တာဟာ ပြစ်မှု မြောက်သွားရင် ဥပဒေ အရ ပြစ်ဒဏ် ချမှတ်နိုင်တယ်” ဆိုတာလည်း ပါပါတယ်။

နောက် – အခန်း (၁၄) ။ တရားမဲ့ ပြု ကျင့် မှု များ ။
ပုဒ် မ ၆၆၊ပုဒ် မခွဲ (က) (၂) မှာ “ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို အနှောင့်အယှက် ပြုလုပ်ခြင်း” ဆိုတာလည်း ပါပါတယ်။

ချုပ်လိုက်ရင်တော့ သူတို့ ဥပဒေထဲမှာကို မဲမပေး မနေရ မဟုတ်ပါဘူး။ အတင်း မဲပေးခိုင်းတာဟာ တရားမဲ့ပြုကျင့်မှု ဖြစ်သလို ပြစ်မှု မြောက်ရင် အပြစ်ပေးခံရနိုင်တဲ့ လုပ်ရပ်ပါ။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းရင်၊ ခြိမ်းခြောက်ပြီး မဲမထဲ့ဘဲ နေခိုင်းရင် စတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်တွေကို ကျူး လွန်ရင် တနှစ်ထက် မပို သော ထောင်ဒဏ်ဖြစ်စေ၊ တသိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ်ပြီး အရေးယူခံရပါမယ်။

ဒါကြောင့် ဒီအချက်ကို မီဒီယာတွေကနေ ဇောင်းပေးပြီး ပြည်သူလူထုကို ပညာပေးနိုင်အောင် လုပ်ရင်း အင်တာဗျူး ဖြေကြတဲ့ သူတွေကလည်း ဒါတွေကို ပေါ်လွင်အောင်၊ အများ ပြည်သူ သိအောင် ခဏ ခဏ ဖော်ပြပေးနိုင်ကြရင် တဘက်က အတင်း အကြပ် လုပ်ချင်သူတွေကိုတောင် ဟန့်တားနိုင်လိမ့်မယ်လို့ အကြံ ပြုချင်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts