>Ashin Nanika – Giving Due Credits

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ပေးချေပေမယ့် ကြွေးကျေဖို့တော့ လွယ်မယ်မထင်
အရှင်ဉာဏိကာဘိဝံသ
ဇွန် ၂၅၊ ၂၀၁၀

ဖွင့်ပွဲနေ့အမှတ်တရ

ဟာဖ့်မွန်းဗေးရဲ့ ရာသီဥတုက ဒီနေ့တော့ သာမှသာစွလို့ ပြောရမှာပါ။ ပြာစင်ကြည်လဲ့နေတဲ့ ကောင်းကင်မှာ ထိန်ထိန်ဝင်းနေတဲ့ နေမင်းရဲ့အလင်းက ဝန်းကျင်တခွင်လုံး ရှင်းရှင်းလင်းလို့။ ဒီနေ့မှ သဘောကောင်းလွန်းစွာ ငြိမ်သက်နေတဲ့လေက ရောက်လာတဲ့ ဧည့်သည်အားလုံးကို နွေးထွေးခြင်းအလှ အပြည့်အဝနဲ့ ကြိုဆိုနေသည့် ဟန်။ ဟာ့ဖ်မွန်းဗေးဆိုတာက ခပ်ကြမ်းကြမ်းလေး တိုက်ခတ်တဲ့လေနဲ့အတူ ပစိဖိတ်သမုဒ္ဒယာပေါ်မှာ ဝေ့သီနေ တဲ့ တိမ်တိုက်တွေနဲ့ အမြဲဖုံးအုပ်ထားတတ်တာမို့ မှုန်ပျပျမြင်ကွင်း၊ အေးမြမြရသ၊ လွမ်းချင့်ဖွယ်ရသကိုသာ ခံစား ရလေ့ရှိတတ်တာ။ ခုလိုနွေးထွေးပွင့်လင်းပြီး တိမ်ညိုညိုတွေကင်းနေတဲ့ရာသီကို တွေ့နိုင်ဖို့ဆိုတာက ရနိုင်ခဲတဲ့ အရာတစ်ပါးပါ။ ဟော ဒီနေ့တော့ ပြောခဲ့သလို တောက်ပတဲ့နေ၊ နွေးထွေးတဲ့လေက တကယ့်ကိုမှ လောက တခွင် အလှတွေနဲ့ ဆင်သထားလိုက်တာများ။ ချမ်းမြေ့ရင်ခုန်စရာ။ သဘာဝရဲ့ ပြောမပြနိုင်လောက်ဖွယ်အလှပါ။
သဘာဝအလှထက် ထူးကဲတဲ့အလှက
ဒီနေ့က အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဟာ့မွန်းဗေးမြို့လေးမှာ တည်ရှိတဲ့ ဓမ္မာနန္ဒဝိဟာရကျောင်းရဲ့ ဦးသီလာနန္ဒခန်းမဆောင်သစ် ဖွင့်ပွဲလေ။ တဖက်မှာ မိုးကုတ်စက်ဝိုင်းကြီးအထိ မဆုံးနိုင်စွာတည်ရှိနေတဲ့ ပစိ ဖိတ်သမုဒ္ဒယာရေပြင်ကျယ်ကြီး၊ အခြားတစ်ဖက်မှာတော့ စန်တာခရုဇ်တောင်တန်းကြီးက ဣနြေ္ဒကြီးစွာ။ တောင်တန်းနဲ့ ရေပြင်လွှာကြား၊ လွင်ပြင်ကျယ်ကျယ်မှာ ထီးထီးမားမား တည်ထားတဲ့ ဓမ္မာနန္ဒကျောင်းတော်ကြီး အတွင်းက ဦးသီလာနန္ဒခန်းမဆောင်သစ်က နေရောင်အောက်မှာ ခန့်ခန့်ထယ်ထယ်။
ရာသီဥတုသာယာမှု၊ ဆရာတော်ကြီးကို လေးစားမှုနဲ့ ပူဇော်ရန်ရောက်လာတဲ့ ပရိတ်သတ်ထုနဲ့ ကားများကလည်း ဧကကျော် ကျော်ကျယ်တဲ့ ကျောင်းဝင်းတစ်ခုလုံး ပြည့်လျံလို့။ ဆရာတော် ဦးသီလာနန္ဒခန်းမကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ တယ်။ ဒီခန်းမကို ဖွင့်လှစ်နိုင်မှုက ဒီနေ့မှာ လှချင်တိုင်းလှနေတဲ့ ဟာ့မွန်းဗေးမြို့လေးရဲ့ သဘာဝ အလှထက် နှိုင်းဆမရအောင် သာလွန်ထူးကဲတဲ့အလှတွေကို သယ်ဆောင်လာပေလိမ့်မယ်။
အခန်းအနားမှာ ဓမ္မာနန္ဒနန္ဒဆရာတော်ကြီး(ဦးသီလာနန္ဒာဘိဝံသ) ရဲ့ သာသနာပြုခရီးအစကို လက်ရှိဆရာတော် ဦးဇောတာလင်္ကာရာက အမှတ်တရ ပြန်ပြောပြတယ်။ ခရီးအစရဲ့ အခက်အခဲများက တကယ့်ကိုမှ ဝမ်း နည်းဖွယ်ရာ။ အမိမြေမှာ အစစအရာရာ ပြည့်ဝကုံလင်ပြီး ဂုဏ်အင်အနန္တနဲ့ မတောင့်မတ ဘဝကနေ ကြောင့်ကြ ကြီးစွာ ပြည်ပသာသနာပြုခရီးစခဲ့ရတဲ့ ဆရာတော်ကြီးရဲ့အဖြစ်က စိတ်ကူးနဲ့မှန်းဆထင်မြင်ဖို့ပင် မလွယ်လှတဲ့ အနေအထားပါ။ ကျောင်းဖြစ်ဖို့ တစ်အိမ်တက်ဆင်း စည်းရုံးရေးဆင်းရတာမျိုးဆိုတာ ဆရာတော်ကြီးလို စာပေနဲ့ ဓမ္မသက်သက်ကိုသာ အလေးထားသူတစ်ဦးအဖို့ လုပ်လိုလှတဲ့အလုပ်မျိုး ဘယ်မှာဟုတ်လေလိမ့်မလဲ။ သို့ပေမယ့် ထေရဝါဒသာသနာ အနောက်ကမ္ဘာမှာ အမြစ်တွယ်လာစေဖို့ အရာရာသည်းခံလို့ မျိုးစေ့ချတဲ့ အလုပ်ကို လုပ်ရတာဖြစ်မှာပါ။ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုပေမယ့် လမ်းတွင်စေဖို့ စဦးတင် လမ်းထွင်ရသူတွေအဖို့ အလွန်မှ ပင်ပန်းနွမ်းနယ်ပေလိမ့်မယ်။
တဖက်မှာ သာသနာလုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်ရန် အခိုင်အမာနေရာတစ်ခုအတွက် လုံးပန်းရင်း အခြားတစ် ဖက်မှာတော့ ကမ္ဘာအရပ်ရပ်က အမှန်တရားနဲ့ ငြိမ်းအေးမှုကို ရှာဖွေနေသူတွေအတွက် သင်တန်းတွေပို့ချ၊ တရားတွေဟောပြောပြသ၊ စာပေတွေရေးသားသွားခဲ့တာ နည်းတာမှ မဟုတ်တာ။ အနောက်ကမ္ဘာရဲ့ ပညာရှင် အသိုင်းအဝိုင်းကြား လေးစားလောက်တဲ့ ထေရဝါဒမြန်မာရဟန်းတစ်ပါးအနေနဲ့ ရှားရှားပါးပါး ဂုဏ်ဆောင်ရပ် တည်သွားတဲ့ ဆရာတော်ကြီးတစ်ပါး။ ပြန်ပြောင်းပြောရလျင် ဂုဏ်အင်တွေက ကုန်စင်နိုင်မယ် မထင်ပါဘူးလေ။
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ အရသာအားလုံးထဲမှာ ဓမ္မရသက အသာလွန်ဆုံးတဲ့။ ဆရာတော်ကြီးက အမြတ် ဆုံးရသ၊ အကောင်းဆုံး အဟာရတွေကို သူ့ရဲ့တပည့်ဒကာဒကာမတွေကို ပေးကျွေးသွားခဲ့တာ။ နိဗ္ဗာန်တိုင် လျှောက်လှန်းနိုင်မယ့် ခွန်အားဖြစ်စေတဲ့ အစာအဟာရတွေကို ကျွေးမွေးသွားခဲ့တာ။
ဖွင့်ပွဲအခမ်းအနားမှာ တောင်စွန်းဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယက လူသားတွေမှာလိုအပ်တဲ့ အစာနှစ်မျိုး အကြောင်း ပြောသွားတယ်။ ခန္ဓာကိုယ်(ရုပ်ပိုင်းဆိုင်ရာ)အတွက် လိုအပ်တဲ့ အစာအဟာရ။ စိတ်(နာမ်ပိုင်းဆိုင်ရာ) အတွက်လိုအပ်တဲ့ အစာအဟာရ။
ဒကာဒကာမတွေက ရုပ်ပိုင်းဆိုင်ရာအတွက် လိုအပ်တဲ့ အစာအဟာရကို ရှာဖွေကြတယ်။ သူတို့ရှာဖွေ ရရှိတဲ့အစာအဟာရတွေထဲက အချို့ကို သူတို့စားပြီး အချို့ကိုတော့ သာသနာ ဝန်ထမ်းရဟန်းတော်တွေအတွက် ထောက်ပံ့လှူဒါန်းကြတယ်။ သာသနာတော်အတွက် ထောက်ပံ့ကြတယ်။
ရဟန်းတော်တွေကတော့ နာမ်ပိုင်းဆိုင်ရာအစာအဟာရဖြစ်တဲ့ တရားတော်တွေကို သင်အံလေ့ကြ၊ ပွားများ အားထုတ်ကြ။ မိမိတို့ သင်အံလေ့လာ ပွားများအားထုတ်ကြပြီး ရရှိလာတဲ့ အသိတွေကို ရုပ်ပိုင်းဆိုင်ရာ အစာ အဟာရအတွက် ရှာဖွေနေကြရလို့ အချိန်ပေးကာ လေ့လာခွင့်မရကြတဲ့ ဒကာဒကာမတွေကို ပြန်လည်ဟော ပြောပြသပေးကြတယ်။ နာမ်အဟာရတွေ ပေးကမ်းကြတယ်။
ဒကာဒကာမတွေက ဒကာဖက်ကတာဝန်ကိုထမ်း၊ ဆရာရဟန်းတွေဖက်ကလည်း ဆရာတာဝန်ကိုထမ်းသွားကြမယ်ဆိုရင် လူသားတစ်ဦးမှာ လိုအပ်တဲ့ အစာ အဟာရနှစ်မျိုးကို ဖြည့်ဆည်းပေးခြင်းဖြစ်တယ်ဆိုတာ ပြောသွားတယ်။
သာရာဂါ အနာဂါရာ စ၊ ဥဘော အညောည နိဿိတာ။
အာရာဓယန္တု သဒ္ဓမ္မံ၊ ယောဂက္ခေမ မနုတ္တရံ။
လူက လူ့တာဝန်၊ ရှင်က ရှင့်အပိုင်း၊ ကိုယ်ဆိုင်ရာ ကိုယ့်အပိုင်းကနေပြီး စည်းလည်းမကျော်၊ စည်းလည်း မဖောက်။ မှန်မှန်ကန်ကန် လျှောက်သွားကြမယ်ဆိုလျင် မြတ်ဗုဒ္ဓရဲ့ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီးကို ချီး မြှောက်ထောက်ပံ့ရာရောက်သလို ဆရာဒကာနှစ်ဦးသား ကိလေသာ အနှောင်အဖွဲ့တွေက ကင်းလွတ်ရာ အမြတ် ဆုံးဌာနကို ဆိုက်ရောက်နိုင်တယ်ဆိုတာကိုလည်း မိန့်ကြားသွားတယ်။ ဟုတ်တာပေါ့။
ဒကာဆရာ သူ့တာ ကိုယ့်တာ ကျေပွန်စွာထမ်းရွက်ကြပါမှ ဒီသာသနာ အစဉ်ထွန်းလင်းတောက်ပနေမယ်။ တကယ်တော့ သာသနာ အစဉ်ထွန်းလင်းတောက်ပနေခြင်းဟာ လောကလူ့ရွာ သာယာချမ်းမြေ့ဖို့ဖြစ်တယ်။ အေးချမ်းပျော်ရွှင်စေဖို့ဖြစ် တယ်။
အနောက်ကမ္ဘာမှာတော့ ကိုယ်လေးစားတဲ့သူတစ်ဦးဦးကို ဂုဏ်ပြုလိုလို့ပဲဖြစ်ဖြစ်၊ အလှူရှင်တွေကို ချီးမြှောက် လိုလို့ပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့အဆောက်အဦတွေ၊ ပန်းခြံတွေ၊ လမ်းစတာတွေကို ကိုယ်ဂုဏ်ပြုချီးမြှောက်တဲ့သူရဲ့ နာမည်ကမ္ပည်းထိုးကာ ဂုဏ်ပြုချီးမြှောက်လေ့ရှိတယ်။ ကိုယ့်အမိမြေမှာလည်း အလားတူဂုဏ်ပြုချီးမြှောက်တဲ့ အစဉ်အလာရှိပါတယ်။ ဒါပေမယ့် ဒါမျိုးက နည်းပါးသလို ဆရာတော်တစ်ပါးပါးရဲ့ အမည်နာမကို အစွဲပြုလို့ ခုလို ဂုဏ်ပြုတာမျိုးကတော့ အလွန်ပဲ ရှားပါးတတ်ပါတယ်။ ဆရာတော် ဦးဥတ္တမခန်းမလောက်သာပဲ ကြားခဲ့ဘူး တယ်။
ဓမ္မာနန္ဒဆရာတော်ကြီးရဲ့ ဂုဏ်တွေက အနန္တ။ ဂုဏ်အနန္တ အထင်ကရ ဆရာတော်တစ်ပါးရဲ့ အမည်နာမ ကိုစွဲလို့ အမှတ်တရ ဂုဏ်ပြုနိုင်မှုက ဒီခန်းမတစ်ခုသာဆိုတော့ တပည့်သာဝတွေအနေနဲ့ ဘယ်မှာအားရကျေနပ် နိုင်ပါ့မလဲလေ။ ဘယ်မှာ ဒါပေမယ့် ဒီဦးသီလာနန္ဒခန်းမထဲမှာ တရားပွဲတွေ ကျင်းပမယ်။ တရားစခန်းတွေလည်း ပြုလုပ်ကြမယ်။ အနာဂတ်လူငယ်တွေကို ဗုဒ္ဓယဉ်ကျေးမှုအမွေတွေ လက်ဆင့်ကမ်းမယ့် သင်တန်းတွေကိုလည်း ပို့ချကြမယ်။ ဒါတွေ ဟာ လူသားတွေ အမှန်တကယ်လိုအပ်နေတဲ့ နာမ်ပိုင်းဆိုင်ရာ အစာအဟာရတွေကို ပေးကျွေးနေခြင်းတွေပဲ မဟုတ်လား။ ဒီအစာအဟာရတွေဟာ ဆရာတော်ကြီးကို အကြောင်းပြုကာဖြစ်ပေါ်လာမယ့် နာမ်အဟာရတွေပဲ လေ။
ဆရာတော်ကြီးက သက်တော်ထင်ရှားရှိစဉ်မှာလည်း သူကိုယ်တိုင် အမြတ်ဆုံးအဟာရ၊ အမြတ်ဆုံးရသ ဆိုတဲ့ ဓမ္မအဟာရတွေကို ကျွေးမွေးခဲ့တယ်။ သူလွန်တော်မူတဲ့အခါမှာလည်းပဲ သူ့ကိုအကြောင်းပြုကာ ကောင်း မှုအထွေထွေတွေကို ပြုလုပ်ခွင့်ရကြမယ်။ ဆက်လက်ပြီး အဟာရတွေကို ဒီခန်းမကို အခြေပြုလို့ ကျွေးမွေးကာ နေလေဦးမယ်။ ဒါဟာ ကျေးဇူးအနန္တ ဆရာ တော်ကြီးကို အမြတ်ဆုံးသော ကျေးဇူးတုန့်ပြန်မှုနဲ့ ပူဇော်ခြင်းလို့ ပြောလို့ရနိုင်ပါတယ်။
ဒါပေ မယ့်လည်း ဆရာတော်ကြီးရဲ့ ကျေးဇူးတွေဆိုတာက ရေတွက်နှိုင်းပြလို့ ရနိုင်ကောင်းတာမျိုး မှ မဟုတ်တာ။ ဒီတော့ တပည့်ဒကာ ဒကာမ တွေအနေနဲ့ ဘယ်လိုအရာတွေနဲ့ ဘယ် လိုပင် ကျေးဇူးဆပ်ပစေဦးတော့။ ပေးချေပေမယ့် ကြွေးကျေဖို့တော့ ဘယ်မှာလွယ်ပါ့မလဲလေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts