>Rangoon Street Journalist – View from Rangoon – Third Week of June

>

ရန်ကုန်ရှုခင်း – ဇွန် တတိယပတ်

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဇွန် ၂၀၊ ၂၀၁၀
ရန်ကုန်နဲ့ လျှပ်စစ်မီး
ရန်ကုန်ရှုခင်းလို့ ဆိုလိုက်ရင် လျှပ်စစ်မီး အကြောင်းပဲလားလို့ ဖတ်နေကြ စာဖတ်သူ တဦးကပြောလာတယ်။ ဘာလို့ မီးမလာတဲ့ အကြောင်း ဒိလောက်တောင် ရေးဖြစ်နေတာလဲ။ ဘာလို့ဒီအကြောင်းကို စိတ်ဝင်စားနေရတာလဲ ဆန်းစစ်ကြည့်တော့။ အင်း ရန်ကုန်မှာ နေထိုင်သူတယောက် အတွက် လျှပ်စစ်မီးဟာ တနေ့တာ လှုပ်ရှားလုပ်ကိုင်မှုမှာ ၅၀ ရာခိုင်နှုန်းလောက် အရေးပါနေတယ် လို့စဉ်းစားမိပါတယ်။
ကိုယ်က သတင်းရေးတဲ့သူမို့လို့ အင်တာနက် သုံးတဲ့သူမို့လို့ လျှပ်စစ်မီးလာတာ မလာတာကို အရေးပါတယ်လို့ ပြောနေတာလား လို့စဉ်းစားမိပြီး အနီးအနားက အခြား အသက်မွေးသူတွေကို မေးကြည့်တော့ သူတို့ဘ၀တွေ မှာလည်း လျှပ်စစ်မီးက အတော်လေး လွှမ်းမိုးနေတာ တွေ့ရပါတယ်။
ချက်ရေး ပြုတ်ရေး လျှော်ဖွတ်ရေး တာဝန်ယူထားရတဲ့ အိမ်ရှင်မ တယောက်အတွက် လျှပ်စစ်မီးမလာရင် မီးသွေး သုံးရမယ်၊ ဂက်စ်သုံးရင် ကုန်ကျစရိတ်ပိုမယ်၊ အ၀တ်လျှော်စက် မသုံးရရင် လက်နဲ့ လျှော်ရမယ်။ အ၀တ်တွေ မီးပူတိုက်ဖို့ ခက်မယ်။ သုံးရေ ဖြည့်ဖို့ ရေစုပ်တင်ဖို့ရာ သန်းကောင်မှ မီးလာရင် ညသန်းကောင် ထိစောင့်ရလို့ အိပ်ရေး ပျက်မယ်။ အားလပ်တဲ့ အချိန်မှာ တီဗီ၊ ဗီဒီယို ဇတ်လမ်းကြည့်ဖို့ရာ မီးမလာရင် မကြည့်နိုင်ဘူး စတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတာကြားရပါတယ်။
ကျောင်းသား တယောက်အတွက်လည်း စာဖတ်ဖို့ရာ၊ လေ့လာဖို့ရာ လျှပ်စစ်မီးမလာရင် နှောင့်နှေးမယ်။ ရာသီဥတုပူအိုက်လို့ လေအေးစက်ဖွင့်ဖို့ မီးမလာရင် စာလေ့လာရာမှာ စိတ်မ၀င်စားနိုင်ဘူး၊ ကွန်ပျူတာ မသုံးနိုင်၊ လျှပ်စစ်ပစ္စည်းမသုံးနိုင်လို့ လေ့လာသင်ယူရေးမှာ ခရီးမတွင်ဘူး၊  အစရှိတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။
ကိုယ်ပိုင် စီးပွားရေး လုပ်နေသူ တဦးအတွက်တော့  မီးမလာရင် မီးစက်ကို အားကိုးရမယ်။ မီးစက်အတွက် ရင်းနှီးမြှုပ်နှံ ရတဲ့အပြင် မောင်းနှင်ရတဲ့ အတွက် လောင်စာဆီဖိုးလည်းကုန်မယ်။ ကွန်ပျူတာ ၂လုံး ၃လုံးနဲ့ ပန်ကာ မီးချောင်းသုံးတဲ့ ရုံးခန်းငယ် တခန်းအတွက် မီးစက်တန်ဖိုးက ၃သိန်းခွဲကျော် လောက်ရင်းနှီးထားရပြီး တစ်လကို လောင်စာဆီဖိုးက ကျပ် တစ်သိန်းကျတယ်လို့ ပြောပါတယ်။ အကယ်၍သာ လျှပ်စစ်မီးလာတယ်ဆိုရင် အဲဒီပမာဏလောက် လိုင်းကရတဲ့ ဓါတ်အားသုံးတဲ့အတွက် တစ်လကို ကျပ် ၂သောင်းထက်ပို မကျသင့်ပါဘူး။ တစ်လမှာ ကျပ် ၈သောင်းလောက် အပိုသုံးစွဲစရာ မလိုဘူးဆိုတဲ့ သဘောပါ။
သူ့ထက်လုပ်ငန်းကြီးတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ထားသူကတော့ လျှပ်စစ်မီးမလာရင် မောင်းနှင်ရတဲ့ မီးစက်က တစ်နာရီ ဒီဇယ် ဂါလံဝက်နီးပါး ကုန်တဲ့အတွက် တစ်ရက်ကို လောင်စာဆီဖိုး သောင်းဂဏန်းချီသုံးရပါတယ်။ ရရှိတဲ့ အမြတ်ထဲက လျှပ်စစ်မီး ပျက်လို့ပြန်သုံးလိုက်ရတာပါ။ သူ့လိုပဲ အင်တာနက်ဆိုင် ၊ စတိုးဆိုင်၊ ကျူရှင်သင်တန်း၊ အစရှိတဲ့ လုပ်ငန်းအသီးသီးလည်း လျှပ်စစ်မီးမရရင် သုံးစွဲရတဲ့ ငွေကို ၀ယ်ယူသူမှာ အချိုးကျ နှုန်းတင်ယူလို့ မရပါဘူး  လုပ်ငန်းအချင်းချင်း ပြိုင်ဆိုင်မှုရှိတာကြောင့် ယခုနောက်ပိုင်း အင်တာနက်ဆိုင်တွေမှာ “မီးပျက်မီးလာ တစ်နာရီ ၃၀၀ ကျပ်´´ဆိုပြီး ကြော်ငြာလာကြတာကို တွေ့ရပါတယ်။
အခု အဖြစ်အပျက်တွေဟာ လျှပ်စစ်မီးဟာ လူတွေရဲ့ နေ့စဉ်ဘ၀မှာ ဘယ်လောက် အတိုင်းအတာ အထိအရေးပါ လွှမ်းမိုးနေသလဲ ဆိုတာကိုပေါ်လွင်စေပါတယ်။ 

၂၄ နာရီ မီးလာပြီလို့ ချီးမွမ်းလိုပေမယ့်
မုတ္တမ ပင်လယ်ကွေ့ ရတနာကမ်းလွန် သဘာဝဓါတ်ငွေ့ တွင်းမှ ပိုက်သွယ်ယူလာတဲ့ စီမံကိန်း ပြီးစီးလို့ အခု လဆန်း ၈ရက်နေ့ မှာ စွမ်းအင်ဝန်ကြီးက ဖွင့်လှစ်ပေးလိုက်ပါတယ်။ သတင်းစာတွေထဲမှာ သဘာဝဓါတ်ငွေ့ ပိုက်ကိုလှည့်ဖွင့်နေတဲ့ ပုံမျက်နှာဖုံးမှာ ဖေါ်ပြပြီးနောက် ၃ရက်လောက်ထိ ရန်ကုန်မှာ မီးအခြေအနေ ဆိုးနေဆဲပါ။ ဓါတ်ငွေ့က ဖြေးဖြေးချင်းလာနေသလားတော့ မသိပါ။ ၁၂ရက်နောက်ပိုင်းမှာတော့ ရန်ကုန်က မြို့နယ် အချို့မှာ ၂၄ နာရီ လျှပ်စစ်မီးရနေပြီလို့ ပြောဆိုသံတွေ ကြားနေရပါတယ်။ မြို့လယ်မြို့နယ်အချို့မှာလည်း ၂၄နာရီလောက် ၂ ရက် ၃ ရက်လောက်ရနေပါတယ်။
မီးလာတာလဲပဲ သတင်းမဟုတ်လား
ဂျာနယ်လစ်တယောက်အနေနဲ့ မီးပျက်တာတွေပဲ ရေးသားနေပြီး အခုလို မီးမှန်သွားတဲ့ သတင်းမရေးဘူးဆိုရင် မမျှတရာ ကျမယ်။ စာနယ်ဇင်း သင်တန်းတွေမှာ ဘက်မျှအောင် ရေးသားဖေါ်ပြရမယ် သင်ယူလေ့လာဖူးတာမို့ မီးမလာတာ သတင်းဖြစ်ခဲ့တာမို့ ယခု မီးမှန်သွားတာလည်း သတင်းပဲ ။ ရေးသားဖို့ တာဝန်ရှိတယ်လို့ ခံယူပြီး ရေးဖို့ ပြင်ဆင်တော့မှပဲ မီးက စပျက်ပါတော့တယ်။ သုံးရက်သာသာလောက်ပဲ မြို့လယ်မြို့နယ်တွေမှာ ၂၄နာရီ ရပြီးနောက် တရက်မှာ ၆နာရီသာသာ ပျက်ပြန်ပါတယ်။
မီးပျက်စဉ်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းမပြခဲ့သလို အခု မီးလာချိန်များလာတော့လည်း မပြောဆိုသေးပါဘူး။ အခုလို ၂၄ နာရီမပေးနိုင်တော့ ဘာဖြစ်ပြန်သလဲလို့ စနည်းနာကြည့်တော့ ဓါတ်ငွေ့တော့ လုံလောက်အောင် ရပြီ။ ဒါပေမယ့် ရန်ကုန်မြို့ကို အားလုံးမီးပေးနိုင်ဖို့ လျှပ်စစ်တာဘိုင်စက် လုံလောက်အောင် မရှိပြန်ဘူး ဆိုပဲ။ အရင်ကတော့ ဓါတ်ငွေ့မလောက်လို့ မီးမပေးနိုင်တာ။ အခုတော့ မီးစက်အလုံအလောက် မရှိလို့ မပေးနိုင်တာလို့ ဆိုပြန်ပါတယ်။ ဒါဟာ နအဖ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို မှတ်ကျောက်တင်ကြည့်တဲ့ အဖြစ်အပျက်လို့ပဲ ဆိုရပါတော့မယ်။
လျှပ်စစ်မီးဟာ မြန်မာနိုင်ငံက လူထုအတွက် မဟာဗျူဟာမြောက် အရာတစ်ခုဖြစ်နေပါတော့တယ်။ နအဖ စစ်အစိုးရက အလွဲလွဲ အမှားမှားတွေ စီမံခန့်ခွဲနေခြင်းရဲ့ အကျိုးဆက်ပဲလို့ပဲ ဆိုရပါတော့မယ်။ အခုတော့ ၂၄ နာရီမီးလာပြီလို့ သတင်းရေးချင်ပေမယ့် မရေးရဲ သေးပါဘူး။ တာဝန်ရှိသူတွေကလည်း မကြေညာရဲသေးပါဘူး။

လောင်စာဆီ ဖြန့်ဖြူးရေး ပုဂ္ဂလိက ပိုင်လုပ်ခြင်း
လောင်စာဆီ တင်သွင်းဖြန့်ဖြူးတဲ့ လုပ်ငန်းကို ယခုနှစ်ဆန်းမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ခွင့်ပြုမယ်ဆိုတဲ့ ကြေညာချက်က လုပ်ငန်းရှင်ကြီးတွေနဲ့ အလတ်စားတွေအကြား လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။ စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ အနှစ် ၅၀ နီးနီးကြာပြီးမှ လောင်စာဆီကို ပုဂ္ဂလိကလက်သို့ တရားဝင်ပြန်လည် လုပ်ပိုင်ခွင့်ပြု ဆုံးဖြတ်ခဲ့တာကြောင့်ပါ။
ပုဂ္ဂလိကပိုင် ပြုလုပ်မယ်လို့ နှစ်ဆန်းမှာ ကြေညာခဲ့ပြီးနောက် နအဖ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ အသီးသီးက ကန့်လန့်ကာ နောက်ကွယ်မှာ ချဉ်းကပ်ကာ  အပေးအယူ လုပ်ခဲ့ကြပါတယ်။ အစိုးရပိုင် ဆိုင် ၂၄၆ ဆိုင်ကို အဆိုပြုလွှာ တင်နိုင်တယ်လို့ သတင်းစာမှာ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ ထိပ်ပိုင်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေက သူတို့လိုချင်တဲ့နေရာတွေကို ကြိုတင်သတ်မှတ် ခွဲဝေကြပြီးမှ မကြိုက်တဲ့ဆိုင်တွေကို အခြားသူတွေ ခွင့်ပြုခဲ့တာပါ။
ပုဂ္ဂလိကပိုင် လုပ်တဲ့ လုပ်ငန်းစဉ်တခုလုံးမှာ အများပြည်သူသိအောင် ကြေညာတာဆိုလို့ အဆိုပြုလွှာ ခေါ်ယူတဲ့ တကြိမ်သာ ရှိခဲ့ပါတယ်။ ဘယ်သူတွေက ဘယ်ဆိုင်တွေကို ဘယ်လောက် အဆိုပြုခဲ့တယ်။ ဘယ်ကုမ္ပဏီက ဘယ်လောက် ပမာဏနဲ့ အဆိုပြုတယ် စသဖြင့် ကြေညာအသိပေးခြင်း မရှိခဲ့ပဲ နောက်ဆုံး ဆိုင်ဖွင့်တဲ့ ဇွန်လ ၁၀ရက်နေ့မှ ဘယ်သူတွေဘယ်ဆိုင်ရတယ် ဆိုတာသိရှိရပါတော့တယ်။
လွတ်လပ်စွာ ပြိုင်ဆိုင်လုပ်ကိုင်ခွင့် ရတဲ့လုပ်ငန်းစဉ် တစ်ခုမဟုတ်တာကို တွေ့ခဲ့ရပြီး၊ ယခုလုပ်ခွင့်ရတဲ့ အထဲမှာ ကြံ့ဖွတ်ပါတီ လည်း ပါဝင်တယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာပါတယ်။ ၁၉၆၃ ခုနှစ်မှာ ပုဂ္ဂလိကဆိုင်တွေကို ပြည်သူပိုင်သိမ်းပြီး ယခုလို ပုဂ္ဂလိကပိုင် ပြန်လည်လုပ်ဆောင်ရာမှာ နကိုမူလ ပိုင်ရှင်တွေကို ဦးစားပေး ချပေးတာလည်း မကြားရသလို နကိုက မျှော်လင့်ထားတဲ့ တန်ဖိုးထက် အဆများစွာ နိမ့်တဲ့ တန်ဖိုးနဲ့ လုပ်ပိုင်ခွင့်ရကြတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ နိုင်ငံပိုင် လုပ်ပိုင်ခွင့်တွေကို ဈေးပေါပေါနဲ့ ပေးချင်တဲ့သူကို ထိုးပေးတဲ့ သဘောလို့ပဲ ကောက်ချက်ချရမယ့် အနေအထားပါ။
အထက်ပါ အခြေအနေတွေ ဖေါ်ပြပြီးနောက်မှာ သုံးစွဲသူတွေဘက်က ပြောရရင်တော့ စက်သုံးဆီကို ပုဂ္ဂလိက တင်သွင်းခွင့်ပေးပြီး တရားဝင်ဖြန့်ဖြူးခွင့်ပေးလိုက်ခြင်းဟာ ယခင်အခြေအနေထက် များစွာကောင်းလာတယ်လို့ မော်တော်ယာဉ်ပိုင်ရှင်တွေ ၊ စက်သုံးဆီသုံးစွဲသူတွေ မြင်ကြပါတယ်။
ယခင် အစိုးရ စက်သုံးဆီဆိုင်တွေက ဂါလံ အချင်အတွယ် မပြည့်တာကို ပြောပိုင်ခွင့်မရှိခဲ့၊ ယာဉ်ပိုင်ရှင်က အလုံမှာနေပေမယ့်လည်း မော်တော်ယာဉ် လိုင်စင် နာမည်က အင်းစိန်မြို့နယ်မှာ ပေါက်နေရင် အင်းစိန်က စက်သုံးဆီဆိုင်မှာပဲ ၀ယ်ယူခွင့်ရှိတာမို့လို့ ၃ရက်တခါ မြို့ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် ကူးပြီး ဆီသွားဖြည့်ခဲ့ရပါတယ်။  အများဆုံး ၃ ရက်စာသာ ထုတ်ခွင့်ပြုတဲ့ စနစ်ကြောင့် လဆန်း တစ်ရက်နေ့ တွေမှာ စက်သုံးဆီဆိုင်ရှေ့ ကားတန်းရှည်ကြီးကို မြင်နေရပြီး နာရီဝက် ၄၅ မိနစ်ကြာ တန်းစီပြီး ၀ယ်ယူခဲ့ကြရတာပါ။
ကားအရောင်းအ၀ယ် လုပ်ရင် လောင်စာဆီ ၀ယ်ယူခွင့် စာအုပ်ဟာလည်း ကားလိုင်စင်စာအုပ်လိုပဲ အရေးပါတဲ့ စာရွက်စာတမ်း တစ်ခုဖြစ်ခဲ့ပါတယ်။ ဟိုအရင် ဓါတ်ဆီ၊ ဒီဇယ်ဆီဈေးကောင်းတဲ့ ခေတ်က လောင်စာဆီ ထုတ်ရောင်းရင် ကားတစ်စီးကို ကျပ် ၅သောင်းမှ ၈ သောင်းအထိ မြတ်ခဲ့ကြလို့ အဲဒီစာအုပ်ကိုတောင် ပေါင်နှံလို့ ရခဲ့တဲ့ အခြေအနေပါ။ အခုတော့ အဆိုပါ စာအုပ်တွေဟာ အမှတ်တရ သိမ်းထားလိုက်ရမယ့် ပစ္စည်းလို့ နောက်ပြောင်ပြောဆို စရာဖြစ်သွားပါပြီ။
ရန်ကုန်က ပုဂ္ဂလိက လောင်စာဆီ ဖြန့်ဖြူးတဲ့ ဆိုင်တွေမှာ ကားတန်းရှည်နဲ့ ဆီဝယ်ခွင့်စာအုပ်ကို တန်းစီထပ်ရတဲ့ အဖြစ်တွေ၊ ပန့်ကိုင်သူတွေ စီးပွားဖြစ်ခဲ့ကြတဲ့ ခေတ်တွေဟာ နောက်မှာ ကျန်ခဲ့ပြီလို့တော့ ဆိုနိုင်ပါပြီ။
ယာဉ်ပိုင်ရှင်တွေ စက်သုံးဆီထုတ်ရောင်း လို့အမြတ်ရတဲ့ အဖြစ်ကို အဲဒီတုန်းက ကားပွဲစားတွေ က `နို့ညှစ်ရောင်း´တယ် လို့ခေါ်ပါတယ်။ အခုတော့ အဲဒီခေတ်လည်း ကုန်သွားပြီဆိုတဲ့ သဘောပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts