>Mon Ywa Aung Shin – Storm Bird POem

>

မုန်တိုင်းငှက်သို့ တမ်းချင်းတစ်ပုဒ်
မုံရွာအောင်ရှင်
ဇွန် ၂၀၊ ၂၀၁၀
ယနေ့. . . . .
ဒေါ်အောင်ဆန်းစုကြည်
နေကို ခြောက်ဆယ့်ငါးကြိမ်တိတိ
လှည့်ပတ် ပျံသန်းနိုင်ခဲ့ပြီ. . .။

နေထွက်ရာဘက်
နေကြာပန်းတို့ မျက်နှာမူကြ
လရိပ်ပြာအောက်
ကုမုဒြာတို့ ပွင့်သစ်ခဲ့
မတူညီတဲ့ ဒေသတွေက
တူညီတဲ့ မျှော်လင့်ချက်တွေနဲ့
သင့် ခေါင်းဆောင်မှုရဲ့ နောက်မှာ
ပြည်သူတွေဟာ
သွေးစည်း ညီညာခဲ့ကြ
သံမဏိသား ကျခဲ့ကြ. . .။

သင်ဟာ. . .
လေထဲက ဖယောင်းတိုင် မဟုတ်
မုန်တိုင်းကြားမှာ မြူးပျော်ပျံတက်
မုန်တိုင်းကို ကြိုဆို နှုတ်ဆက်
မုန်တိုင်းငှက် ဖြစ်တယ်. . .။

သင်ဟာ …
သားသတ်သမားရဲ့
ဓါးသွားအောက်က သိုးငယ်လို
ခေါင်းလျှိုဝင်သူ မဟုတ်
မဆုတ်မနစ် မတွန့်
ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေ
ပြည်သူတွေကို တပ်လှန့်နှိုး
အဆိုးကြော့ သံသရာ
စစ်အာဏာမှ လွတ်မြောက်ရေး
ဦးဆောင်မှု ပေးခဲ့တယ်. . .။

မစခင်ကတည်းက
အရှုံးပြနေတဲ့ ကစားပွဲ
ကံစမ်း ဆင်နွှဲချင်ကြသတဲ့
ကျည်ဆံနဲ့ မဲပြား
ခြားနားမှု တွေက
ပဟေဠိ လုံးဝမဟုတ်ဘူး. . .။

အာဏာနဲ့ ရက်စက်ကြမ်းကြုတ်မှု

ယုတ္တိဗေဒကို
ကိုးကွယ်ကြသူတွေဟာ
စူးရှစွာ ကြည့်နေတဲ့
သမိုင်းရဲ့ မျက်လုံးများအောက်မှာ
အကာ အကွယ်မဲ့ကြလိမ့်မယ်. . .။
စိန်ခေါ်နေတဲ့
စစ်နဲ့ ငြိမ်းချမ်းရေး
ပေးဆပ်မှု မကုန်ဆုံးနိုင်ကြ
ဂီလာန အမှောင်ခေတ်နဲ့
အိပ်မက်မဲ့ ညာတာရှည်များ
အောင်မြင်စွာ ဖြတ်သန်းသွားကြစို့
တန်းတူရေးလား  သွေးခွဲရေးလား
တွေ့ဆုံရေးလား  ပျက်သုန်းရေးလား
နာကြည်းခြင်းလား  ခွင့်လွှတ်ခြင်းလား
ကော်ဇောနီလား  ကြိုးနီလား
အချိန်က  စည်းခြားခဲ့ပြီ
သစ္စာတရားဟာ
ထာဝရ ဘက်လိုက်နေလိမ့်မယ်. . .။
၂၀၁၀ . ဇွန်လ . ၁၉ ရက်နေ့
အသက်-၆၅  နှစ်ပြည့်
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့  အမှတ်တရ
(ကဗျာကို ဝေငှပေးသူ မိုးမခမိတ်ဆွေများကို ကျေးဇူး)
(ပန်းချီသရုပ်ဖော် – သြရသ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts