သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ‘ပင်နီ’ ဆိုရင် … ..

 

ငြိမ်းချမ်းအေး – ‘ပင်နီ’ ဆိုရင် … ..

(မိုးမခ) မတ် ၁၁၊ ၂၀၁၆

‘ပင်နီ’ ဆိုတာ အမေ လူထုဒေါ်အမာ ရေးဖူးသလို ပြောရရင် ချည်ဖြူ ကို ဆိုးဆေးတွေ ဆိုးထားတာ မဟုတ်ဘူး၊ ပင်ကိုယ် ‘နီ’ ပါတယ်။ အပင်က ကောက်ခါစမှာ အရောင်က မရင့်သေးဘူး၊ မြေအိုးထဲ ထည့်နှပ်၊ လချီကြာမှ အိုးထဲကထုတ်ကြိတ်၊ ဒီလိုနဲ့ ပင်နီရောင် ရင့်သန်လာကြတယ်။

အခုလည်း လူထုတိုက်ပွဲအလီလီကြားက အကြိတ်ခံ၊ အနှိပ်ခံ ပေါက်ဖွားလာတဲ့ ပင်ကိုယ်နီ ‘ပင်နီ’ တွေချည်း ဖြစ်ရပါမယ်။

ဆိုးဆေးပင်နီ ပင်နီအတုတွေ ဝင်မလာဖို့ လိုပါတယ်။

အရေးကြီးဆုံးနဲ့ အမြင်ချင်ဆုံးကတော့ ရှစ်လေးလုံး လူထုအုံကြွမှုအပြီးမှာလို လူထုကြားမှာ အများနည်းတူ တသားတည်း ပင်နီ ခဲ့တဲ့ လူထုခေါင်းဆောင်ပါပဲ။

သခင်အောင်ဆန်းက “I practise what I preach” ကို သေတဲ့အထိ ကျင့်သုံးခဲ့ပါတယ်။

ခေါင်းဆောင်က နောက်လိုက်တွေကို ပင်ကိုယ်နီပြီး ‘ပင်နီ’ စေချင်ရင် ကိုယ်တိုင်လည်း ဒီဇိုင်းနာ ချုပ်တွေ ခွာ၊ အရင်လို အများနဲ့ တန်းတူ ‘ပင်နီ’ ဖို့လိုပါတယ်။

ကျနော်တဦးတည်း ပုဂ္ဂလ အမြင်အရတော့ လက်ရှိ တိုင်းပြည် လွှတ်တော်မှာ ပင်နီလည်း မမြင်ချင်၊ မြန်မာ ဝတ်စုံလည်း မမြင်ချင်၊ ဇာတ်ထဲကလို ဖိုးရိုးဖားရား ဝတ်ရုံတွေလည်း မမြင်ချင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင် အစရှိတဲ့ ပြည်ထောင်စု လူမျိုးစုတွေရဲ့ ဝတ်စုံတွေလည်း မမြင်ချင်ပါ။

သမားရိုးကျ ရိုးရာတွေကို စွန့်ခွာ အားလုံးတူညီ ပေါ့ပါးတဲ့ အနောက်တိုင်းဝတ်စုံ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ စကတ်တွေချည်း၊ ၂၁ ရာစု ပုံရိပ် ခေတ်သစ်ယဉ်ကျေးမှုကို မြင်လိုတာပါ။ ဒါမှသာ ပြည်တွင်းငြိမ်းချမ်းရေး၊ လူနည်းစုပြဿနာ အတွင်းကျကျ ဖြေရှင်းနိုင်မယ်လို့ တိုင်းရင်းသားရေးရာရေးတိုင်း၊ ပြောတိုင်း ဆိုခဲ့ပါတယ်။

ကိုလိုနီလွတ်မြောက်မှု ဝံသာနုခေတ်မှာ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံရေးအုံကြွမှု ဖြစ်ချင်၊ လူထုကို နှိုးဆော်ချင်တော့ ထုံးစံအတိုင်း အခုအချိန်ထိ အမျိုးသားရေးသမားများ လက်သုံးလုပ်နေတဲ့ အမျိုးသမီးပစ္စည်းဖုံးရေး၊ ရင်သားမပေါ်ရေး၊ ကာကွယ်ရေး၊ ထိန်းသိမ်းရေး၊ စောင်ရှေ့က်ရေး အဖြစ် မဟာဖိုများ ရှေ့တန်းတင် အသုံးချခဲ့တဲ့ “အင်္ကျီပါးကို ပယ်မည် မနှေးပင် ဝတ်မည်ပင်နီ” ကို သမိုင်းအနေအထား အရ၊ ၂၀ ရာစုခေတ်ဟောင်းရဲ့ နည်းနာ သဘောလို့ ပဲ ‘ပင်နီ’ ကို မှတ်ယူသူပါ။

ဒါပေမဲ့ ဆိုခဲ့သလို အခုအချိန်မှာ တိုက်ပွဲအသွင် လိုအပ်ချက်အရ လိုအပ်လို့ ‘ပင်နီ’ ကြမယ် ဆိုရင်တော့ လူထုက ခိုင်းဖို့ ရွေးချယ်ခဲ့တဲ့ လူထုကိုယ်စားလှယ်၊ အစေခံများပီပီ ပြည်သူ့ဘက်က မားမားရပ် တကိုယ်ရေ အသံကျယ်ကျယ်ထွက်တဲ့ ‘ပင်ကိုယ်နီ’ များပဲ ဖြစ်ရမှာ ဖြစ်သလို၊ ခေါင်းဆောင်ကအစလည်း ‘ပင်နီ’ ရမည် ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
မတ် ၁၁၊ ၂၀၁၆

Photo credit goes to the rightful owner(s).


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – ‘ပင်နီ’ ဆိုရင် … ..
  1. I see what you re saying but there re people who are annoyingly xenophobic and patriotic and they might not agree

Comments are closed.