>Inn Gyin May – Let the World ge green and the birds sing for Daw Aung San Suu Kyi

>


ကမ္ဘာမြေစိမ်းလန်း ကျေးငှက်တို့တေးသီ

အင်ကြင်းမေ
ဇွန် ၁၈၊ ၂၀၁၀
(၁)
သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်တယ်လို့ ရှေးစကားပုံတွေ ရှိကြသလို သစ်ရိပ်ဝါးရိပ်ဟာ အေးမြတယ် လို့လည်း ရှေးလူကြီးတွေ ဆိုစမှတ် ပြုကြမြဲပါ။
ဒါကြောင့် ကျမတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သစ်ပင်ပေါင်း သောင်းချီ စိုက်ကြမှာ ဆိုတော့ ငှက်ပေါင်း သိန်း၊ သန်း၊ ကုဋေ နားနိုင်တော့မယ် ဆိုတဲ့ အတွေးနဲ့ ကျမ ကြည်နူးလိုက်တာ။
အခုလို အလှူမျိုးဟာ မြန်မာပြည်သူ၊ ပြည်သားတွေ အတွက် အနာဂတ် ပစ္စုပ္ပန် နှစ်ဖြာသော ကောင်းကျိုး ခံစားရမှာ ဧကန်မလွဲပါဘူး။ ဒီအလှူဟာ ကမ္ဘာကြီးငြိမ်းချမ်း၊ စိမ်းလန်းစေဖို့ သစ်ပင်စိုက်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့လည်း ထပ်တူ ဖြစ်နေပြန်ပါတယ်။
ဒါကတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ကြမယ့် ကုသိုလ်ပြုမှု တခုပါ။
သစ်ပင် စိုက်ရာမှာလည်း အန်တီရဲ့ အသက် ၆၅ နှစ်ပြည့်မှာမို့ အသက်ရဲ့ တနှစ်ပိုပြီး တပင် ပိုစိုက်တဲ့ သဘောနဲ့ တမြို့နယ်မှာ ၆၆ ပင် စိုက်ကြမှာပါ။ မြို့နယ်ပေါင်းက ၃၀၀ ကျော်မှာစိုက်ကြမှာ ဖြစ်ပါတယ်။ ဒီလိုကောင်းမြတ်တဲ့ ကုသိုလ်ပြုမှုတွေ လုပ်ဖို့ စိတ်ကူး အကြံဉာဏ်တွေ ထုတ်ဖေါ်ကြတဲ့ ပါတီဝင်တွေကို ကျမအနေနဲ့ မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။
(၂)
မြန်မာပြည်မှာ သစ်တောဥပဒေအရ သစ်တပင်ခုတ် ဒဏ်ငွေ (၃၀၀၀) ကျပ်လို့ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကျော်လောက်က တည်းက တောထဲကသစ်ပင်တွေမှာ စာကပ်ထားတာ ကျမတွေ့ဖူးးပါတယ်။
ဒါပေမယ့် ဘယ်လောက်ပဲ ဒါဏ်ငွေတပ်တပ် ဘယ်လိုပဲပုဒ်မတွေထုပ်ထုပ် ဥပဒေအထက်မှာ ထင်ရာစိုင်းနေကြတဲ့ နအဖ ဗိုလ်ချုပ်ကြီးများကတော့ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး စီးပွားဖြစ် သစ်ခုတ်လိုက်ကြတာ တောတွေ ပြုန်းလို့ မိုးခေါင် ရေရှား ဖြစ်ရတဲ့အထိပါပဲ။ သစ်တွေခုတ်လို့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကတော့ ရာသီဥတုတွေ ဖေါက်ပြန်လို့ မြန်မာပြည်မှာ မကြုံဘူးတဲ့ ရေကြီးလိုက်၊ ရေငတ်လိုက် ဘေးဒုက္ခတွေကြုံရလိုက်နှင့် မြန်မာပြည်သူတွေ အလူး အလဲ ခံစားနေကြရပါ တယ်။
အင်းလေးကန်ကြီးရေတွေ ခန်းခြောက်ကုန်တာ တရားခံ ဘယ်သူလဲလို့ မေးစရာ မလိုတော့ပါဘူး။
ရေပြတ်လို့ရေငတ်ပြီး မသေရုံတမယ် ဖြစ်ခဲ့ကြရတဲ့ ပြည်သူတွေ သစ်တောတွေကတုံးဖြစ် အပူလွန် အပူများပြီး ပြည်သူတွေ အပူဒါဏ် မခံနိုင်လို့ တနေ့တနေ့ သေလိုက်ကြတာ သတိ ထားမိကြမယ်ထင်ပါတယ်။
ဒါကြောင့် လူရွှင်တော်တွေရဲ့ ပြက်လုံးထဲမှာ ခုတ်သူ တဖွဲ့ စိုက်သူ တဖွဲ့ … လို့ ထည့်ပြက်ထားတာ မလွန်ဘူးလို့ထင်ပါတယ်။ ရှေးလူကြီးတွေပြောကြတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဟာ မင်းကျင့်တရား ဆယ်ပါးနဲ့ ပြည့်စုံစွာ ကျင့်ကြံအုပ်ချုပ်ရင် တိုင်းပြည်သာယာ ဖွံ့ဖြိုးတယ်တဲ့။
အခုတော့ တိုင်းပြည်ကို မတရား အုပ်ချုပ်နေတဲ့ နအဖတွေက မင်းကျင့်တရားကို ဆယ်ပါးမက ချိုးဖေါက်နေတော့ ရာသီဥတု ဖေါက်ပြန်မှုတွေ ဖြစ်ကုန်ရတာပါ။ စစ်ဗိုလ်ကြီးများရဲ့ မတရားသဖြင့် စိုးမိုး ဗိုလ်ကျမှုတွေကို မဖယ်ရှားနိုင်သေးသမျတော့ ခါးစီးခံနေကြရမှာကတော့ ပြန်သူတွေပါပဲ။ဒင်းတို့ကတော့ ရေလည်းမငတ်၊ မိုးလည်းမခေါင် ရေကန်အသင့် ကြာအသင့်နဲ့ စိန်စီမြချယ်နန်းဆောင်ထဲမှာ ဇိမ်ခံ ယစ်မူးပြီး နေနေကြတာပါ။ ဒီနန်းဆောင်တွေကို ဘယ်ကငွေ ဘယ်သူ့ငွေတွေနဲ့ ဆောက်ထားတာလဲ ဆိုတာကတော့ ကလေးလေးတွေတောင် ဖြေနိုင်တဲ့ မေးခွန်းတွေ ဖြစ်လို့နေပါပြီ။့
(၃)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် သစ်ပင် စိုက်ကြတဲ့နည်းနဲ့ အခုလို ကုသိုလ် လုပ်ကြတာဟာ အကျိုး ကျေးဇူးကြီးတယ်လို့ ကျမမြင်ပါတယ်။ အများပြည်သူ အကျိုးရှေ့ရှုလို့ ပြုလုပ်ကြတဲ့ အတွက် ကောင်းကျိုးချမ်းသာရမှာ၊ လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်မှာ ဧကန်မလွဲပါဘူး။ ဒီအလှူမျိုးက ဘာအလှူနဲ့မှ မတူပါဘူး။ ကျမတို့အနေနဲ့ ဒီထက် မကလည်း အန်တီစုရဲ့မွေးနေ့မှာ ကုသိုလ်ပြုမှုတွေ ပြုလုပ်ကြဦးမှာပါ။
နှစ်စဉ်နှစ်တိုင်းလည်း အန်တီစု ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ အမြန်ဆုံး လွတ်မြောက်လာစေဖို့ မွေးနေ့ ဆုတောင်းပွဲတွေ မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာ ပြုလုပ်ခဲ့ကြတာပါ။ ဒါကလည်း အန်တီစုကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကြလို့ ပြုလုပ်ကြတာဖြစ်ပါတယ်။
အန်တီစု လွတ် မြောက်ရေးဟာ တနိုင်လုံးလွတ်မြောက်ရေးနှင့် တဆက် တစပ်တည်းဖြစ်တယ်လို့ ရင်ထဲ အသည်းထဲကနေ ခိုင်ခိုင်မာမာ ယုံကြည်ကြလို့လည်း ဖြစ်ပါတယ်။
အပြင်လောကမှာ မဆိုထားနဲ့ဒုက္ခသည်စခန်းတွေထဲမှာတောင် “အင်္ဂါနေ့ဝတ်ရွတ် အမျိုးသမီးအဖွဲ့” က အင်္ဂါနေ့တိုင်း အန်တီစု အတွက် ၀တ်ရွတ်ဆုတောင်း ပွဲတွေ ပြုလုပ်နေကြတာပါ။
အန်တီရဲ့မွေးနေ့ဆိုလည်း ကောင်းမှုကုသိုလ်ပြုလုပ် နေကြတာ ယနေ့ထိတိုင်အောင်ပါပဲ။
အထူး သဖြင့် မွေးနေ့အကြို စကားဝိုင်းတွေကို ပန်ချီပြပွဲများနဲ့ အတူ ပြုလုပ်လေ့ရှိကြတာပါ။
အန်တီစု အတွက် ရည်စူးပြီး ကုသိုလ်ပြုကြတာကို မရှုစိမ့်နိုင်သူတွေက “စိုက်သူတဖွဲ့ ခုတ်သူတဖွဲ့ …” ဆိုတဲ့ ပြက်လုံးအတိုင်း ရှေ့ ကစိုက်ပြီးတာနဲ့ နောက်က လိုက်မခုတ်စေဖို့ ဆုတောင်းကြရ၊ ကာကွယ် စောင့်ရှောက် ကြရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အာဏာရှင်ရဲ့အမိန့်နဲ့ အာဏာတွေအောက်မှာ ဘုန်းကြီး ရဟန်းကအစ ဘယ်လိုပုဂ္ဂိုလ်ဖြစ်စေ နှောက်ယှက်မှုတွေ ပြုမူခံ နေကြရတာကလည်း မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေ ဖြစ်နေလို့ပါပဲ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ဆို မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာရောက် မြန်မာပြည်သား တွေနဲ့အတူ ကမ္ဘာသူ ကမ္ဘာသားတွေကပါ ငှက်လွှတ်ပွဲ၊ ငါးလွှတ်ပွဲ၊ သွေးလှူပွဲ၊ သစ်ပင်စိုက်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပွဲ စတဲ့ စတဲ့ ပွဲတွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဆုတောင်းမေတ္တာပို့ ကုသိုလ်ပြုမှုတွေလုပ်ကြတာ နှစ်ပေါင်း ဆယ်စုနှစ် ၂ စု နီးပါးရှိနေပါပြီ။ အန်တီ့ကို သူတို့အိမ် အကျယ်ချုပ် ချထားတာကိုက ၃ ကြိမ် စုစုပေါင်း ၁၅ နှစ်ကျော် ရှိခဲ့ပြီလေ။
ကျမသိသမျှ ဘယ်နိုင်ငံရောက်နေနေ ဘယ်လို အခက်အခဲတွေ ရှိပါစေ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ ရင်ထဲမှာ အန်တီစု အတွက်ဆို ဘယ်လို ကုသိုလ်ပြုမှုတွေ မဆို ပြုလုပ်ကြပါတယ်။ ဒါကလည်း ကျမတို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို မြတ်နိုးမှုတွေကြောင့်ပါ။
အလုပ်သမားတွေကလည်း အလုပ်ပျက်ခံပြီး သွေးလှူခဲ့ကြတာ နှစ်စဉ်နီးပါမို့ သူ တို့လေးတွေရဲ့ ဂုဏ်သတ္တိတွေကိုလည်း တွေးမိတိုင်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ထိုင်းဘုရင် ဘူမိဘောကို ထိုင်းနိုင်ငံသားတွေ တန်ဖိုးထား ချစ်ခင်မှုနဲ့ မွေးနေ့ မတိုင်ခင်ကတည်းက ဘုရင်တံဆိပ်ပါတဲ့ အ၀ါ ရောင်အကျီင်္တွေ ထုတ်ပြီး ပြည်သူပြည်သားတွေက တရိုတသေ ၀တ်ကြတာ နိုင်ငံအုပ်ချုပ်တဲ့မင်းကို ချစ်ခင် ရိုသေမှု ရှိသလို တန်ဖိုးထားမြတ်နိုး ကြလို့ပါ။ ရှပ်အကျီ အ၀ါရောင်တွေကို အမြတ်တနိုး ၀တ်ဆင်မှုတွေကလည်း အံ့မခန်း လောက်အောင် ၀င်းဝင်း ထိန်ထိန်နဲ့ ကျက်သရေ ရှိလို့နေပါတယ်။
အန်တီစုရဲ့ တန်ခိုး အရှိန်အ၀ါကလည်း ဘယ်လောက်ကြီးသလဲဆို နိုင်ငံတကာကတောင် အသိအမှတ်ပြု လေးစား တန်ဖိုး ထားရတဲ့အထိ ဖြစ်ရပါတယ်။
(၄)
ညောင်စေ့လောက် လှူပေမယ့် စေတနာပါရင် ညောင်ပင်ကြီးလောက် အကျိုး ကျေးဇူး ခံစားရတယ်ဆိုတာ လူသားတိုင်း လက်ခံ ယုံကြည်ကြပါတယ်။
သူကြီးဘုရား ရွာသားကောင်းမှု အလှူမျိုး လုပ်ရင်တော့ ကုသိုလ်တပဲ ငရဲတပိဿာ ရကြမယ် ဆိုတာ ပြုလုပ်သူ စစ်ဗိုလ် ကြီးများ သိထားကြပါ။ မသိချင် ယောင်ဆောင်နေရင်တော့ တနေ့တိုင်းပြည်ရဲ့ ဒဏ်ခတ်မှုကို ခံရပါလိမ့်မယ်။ သူတပါးရဲ့ ကောင်းမှု ကုသိုလ်ပြုမှုကို ပိတ်ပင်ရင်လည်း အ၀ီဇိငရဲ ဇောက်ထိုးဆင်းရပါလိမ့်မယ်။
ဒါကြောင့်မို့ မြန်မာပြည်သားတွေ အန်တီစုအတွက် ဘယ်လို ကုသိုလ်ပြုကြတယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက် တန်ဖိုးထားကြတယ် ဆိုတာကိုတော့ ပြောစရာ မလိုအောင်ပါပဲ။
လာမယ့်ဇွန်လ (၁၉) ရက်နေ့မှာလည်း မလေးရှားနိုင်ငံရဲ့ Amnesty International Organization နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးကလည်း အန်တီစုအတွက် မွေးနေ့ ဆုတောင်းပွဲ ပြုလုပ်ကြပါလိမ့်မယ်။ နိုင်ငံတကာရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကလည်း နည်းမျိုးစုံနဲ့ ရောက်လေရာ နိုင်ငံတိုင်းမှာ မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်ကြမှာပါ။
(၅)
မြန်မာပြည်သားတွေနဲ့ အတူ ကျမတို့ ပြုလုပ်ကြတဲ့ ကုသိုလ်အကျိုးနှင့် အန်တီစုကို အသက် ရာကျော်ရှည်လို့ တိုင်းပြည် အကျိုး ဆထက် ထမ်းပိုး သယ်ပိုးနိုင်ပါစေ။
ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၆၅ နှစ်ပြည့်မယ့် အန်တီရဲ့ မွေးနေ့မှသည် သက်ရှည် ကျန်းမာလို့ နေအိမ် အကျယ်ချုပ်ဘ၀က အမြန်ဆုံး လွတ်မြောက်ပါစေ။
မြန်မာပြည်ကြီး ဒီမိုကရေစီရရှိလို့ ငြိမ်းချမ်းမှုတွေ အမြန်ဆုံး ဆောင်ကြဉ်းနိုင်ပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။
ဒါကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရဲ့ သစ်ပင်စိုက်ပျိုး ကုလိုလ်ပြုပွဲမှသည် သစ်တပင်ကောင်း ငှက်တသောင်း နားနိုင်သလို အန်တီစုရဲ့ မေတ္တာရိပ်အောက်မှာ ကမ္ဘာကြီး စိမ်းလန်း၊ ငြိမ်းချမ်းလာမယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။
(၁၅-၆-၂၀၁၀ အင်္ဂါနေ့)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts