>Htet Htet Moe Oo not appearing in court

>

ယနေ့ ရုံးချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခြင်းမရှိ
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၁၇၊ ၂၀၁၀
လွန်ခဲ့သည့် ၁၉ရက်က အမျိုးသမီး သတင်းထောက် တစ်ဦးအား ဆံပင်ဆွဲပြိး ပါးရိုက်ခဲ့သည့် အဖြစ်အပျက်ကြောင့် နစ်နာသူ သတင်းထောက်မှ တရားစွဲဆိုသည့် အမှုရုံးချိန်းသို့ နာမည်ကြီး သရုပ်ဆောင် ထက်ထက်မိုးဦးလာရောက်ခြင်း မရှိကြောင်းသိရှိရသည်။
မေလ ၁၉ ရက်နေ့ညက ဆီဒိုးနားဟိုတယ်၏ ကုန်ပစ္စည်းကြော်ငြာပွဲ တစ်ခုတွင် ဖြစ်ပျက်ခဲ့သည့် ထိုအဖြစ်အပျက်အတွက် သတင်းထောက် မအေးသူစံမှ သရုပ်ဆောင် ထက်ထက်မိုးဦးအား ပုဒ်မ ၅၀၆ ဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးနောက် သက်ဆိုင်ရာ သက်သေများအား စစ်ဆေးခဲ့ပြီး ယနေ့တွင် တရားစွဲဆိုခြင်းခံရသူ ထက်ထက်မိုးဦးအား စစ်မေးရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသေးဟု တရားရုံးသို့ သွားရောက်နားထောင်ခဲ့သည့် အယ်ဒီတာတဦးက ပြောပြသည်။
ဒီနေ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ အတော်များများ လာကြတယ်၊ အားလုံး ၃၀ နီးပါးလောက်ရှိမယ်။ အချို့ကလည်း သတင်းထောက် မအေးသူစံကို အားပေးဖို့၊ အချို့ တိုက်ကလည်း ထက်ထက်မိုးဦး လာခဲ့ရင် သတင်းအနေနဲ့ ဖေါ်ပြရအောင် လာစောင့်နေကြတာ။ သတင်းထောက်တွေ လာသလို အရပ်ဝတ်ရဲတွေလည်း ဟိုနားဒီနားမှာ စောင့်နားထောင်နေကြတယ်။ သတင်းထောက်တွေ ဘာပြောလဲ ဆိုတာကို အပေါ်ကအစီရင်ခံစာ တောင်းထားလို့ထင်တယ်
ဟု အဆိုပါ အယ်ဒီတာက ပြောသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ရှေ့နေ တဦးကပြောဆိုရာတွင်
“အခု စွဲထားတဲ့ ပုဒ်မက အာမခံပေးလို့ရတဲ့ ပုဒ်မပါ။ နောက်ပြီး တရားစွဲဆိုခြင်းခံရသူ အနေနဲ့ ကြိမ်ထိ ပျက်ကွက်ခွင့်ရှိပါတယ်။ ကြိမ်မလာမှသာ ၀ရမ်းထုတ်တာမျိုး လုပ်လို့ရတယ်။ နောက်တချက်က အခုပုဒ်မနဲ့ အရေးယူခံရရင် ၅၀၆ (က)ဆိုရင် ဒဏ်ငွေနဲ့လည်း ပြီးနိုင်ပါတယ်။ ၅၀၆ () ဆိုရင်သာ ထောင်ဒဏ် ကျခံရနိုင်တယ်
ဟုပြောသည်။
ယခုအဖြစ်အပျက် နှင့်ပတ်သက်ပြီး တရားရုံးပြင်ပတွင် ကြေအေးစေရန် ပြန်ကြားရေးဝန်ကြီးက လိုလားလျက် ရှိသည်ဟုလည်း အယ်ဒီတာ တဦးကပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့နှင့် ရုပ်ရှင်အစည်းအရုံးတို့မှ တရားလို ဖြစ်သူ မအေးသူစံနှင့် ဆဲဗင်းဒေးစ် ဂျာနယ်မှ အယ်ဒီတာများကို ခေါ်ယူတွေ့ဆုံပြီး ၀န်ကြီးအနေဖြင့် ယခုအမှုကို ကြေအေးရန် လိုလားကြောင်းမကြာခဏ စကားထဲတွင် ပြောဆိုလျက်ရှိသည်ဟု ပြောဆိုသော်လည်း သတင်းထောက်နှင့် အယ်ဒီတာများအနေဖြင့် ကြေအေးရန် သဘောမတူခဲ့ ကြောင်း သိရှိရသည်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေက ထက်ထက်မိုးဦးငိုကြွေးခဲ့သည်ဟု ဆိုကာ အမှုကိုကြေအေးစေလိုသည့် သဘောမျိုးပြောဆိုခဲ့သည်။
ရုပ်ရှင်အစည်းအရုံးနှင့် စာနယ်ဇင်းအဖွဲ့မှ ထိုသို့ပြောဆိုသော်လည်း ထက်ထက်မိုးဦးအနေဖြင့် ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး တောင်းပန်မည့် အရိပ်အရောင် ယခုအချိန်ထိ မတွေ့ရှိရသေးပေ။
ရန်ကုန်မြို့မှ လုပ်ငန်းရှင်တဦးက
ကျွန်တော်တို့ အသိုင်းအ၀ိုင်းမှာ ကြားတာက ဒီလိုပါ။ ထက်ထက်မိုးဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမီး (ဖိုးလပြည့်၏ မိခင်ဖြစ်သူ) နဲ့ သူနဲ့က အခုလောလောဆယ်မှာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်လို့ပြောတယ်။ အဲဒါကြောင့် အခုကိစ္စမှာ ဂရုမစိုက်တဲ့ သဘောလို့ ယူဆနေကြတယ်
ဟုဆိုသည်။
ရန်ကုန်မြို့မှ သတင်း အယ်ဒီတာတဦးကမူ
အခုကိစ္စက မြန်မာနိုင်ငံက တရားဥပဒေဆိုတာကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်တခုပဲ။ နကိုကတည်းက တရားစီရင်ရေးစနစ်ဆိုတာ လွတ်လပ်မျှတမှု မရှိတာ သိပြီးသားပေမယ့် အခုကိစ္စကြောင့် တရားဥပဒေရဲ့ စိုးမိုးသြဇာ သက်ရောက်မှု မရှိတဲ့ အဖြစ်က ပိုပေါ်လွင်လာမယ်။ မီဒီယာနဲ့ ဖြစ်တဲ့ ကိစ္စကြောင့်လည်း အခုအဖြစ်အပျက်ကို မီဒီယာမှာ အားလုံးက တင်ပြလိမ့် မယ်ဆိုတော့ အဲဒီလို အဖြစ်မျိုး မဖြစ်ရအောင် တရားရုံးပြင်ပမှာ အာဏာပိုင်တွေက ကြေအေးစေချင်တာ၊ ဒါပေမယ့် ထက်ထက်မိုးဦးဘက်က တောင်းပန်ရအောင်လည်း တာဝန်ရှိသူတွေက သူ့ကို ဖိအားမပေးနိုင် ဖြစ်နေကြတယ်
ဟုသုံးသပ်သည်။
နောက်တကြိမ်ရုံးချိန်းကို လာမည့် ၂၈ ရက်နေ့သို့ချိန်းဆိုလိုက်ကြောင်းလည်း သိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts