>Burmese World Cup Audience without the TV singnal – miss the games

>

ဆစ်ဂနယ် မမိသဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲ ရန်ကုန်မြို့ခံများ မကြည့်ရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၇၊ ၂၀၁၀ကမ္ဘာ့ဖလားကို အားပေးနေသော ရန်ကုန်ပရိသတ်
မြ၀တီရုပ်မြင်သံကြားက လွှင့်ထုတ်လျက်ရှိသည့် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ အစီအစဉ်ကို ဆစ်ဂနယ် မမိသဖြင့် ယမန်နေ့ညက ပြသနိုင်ခြင်းမရှိခဲ့ဟု ဘောလုံးပွဲကြည့် ပရိသတ်များက ပြောသည်။
ယမန်နေ့ညနေ ၆နာရီ၊ ၈နာရီခွဲနှင့် နံနက် ၁နာရီခွဲ ပြိုင်ပွဲသုံးပွဲစလုံး ထုတ်လွှင့်ခြင်းမပြုနိုင်ပဲ ဆစ်ဂနယ် မမိပါသဖြင့် မထုတ်လွှင့်နိုင်ကြောင်းသာ ကြေညာသွားခဲ့သည်ဟု ဘောလုံးပွဲ ကြည့်ရှုသူများက ပြောဆိုသည်။
အခြားသော ESPN နှင့် အခြားသော အခမဲ့ ဂြိုလ်တုချယ်နယ်များမှလည်း ဖမ်းယူမမိနိုင်သဖြင့် မကြည့်ရှုကြရကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် မြ၀တီရုပ်သံမှ ထုတ်လွှင့်မည် ဖြစ်သဖြင့် အခြားသော အခမဲ့ ဖမ်းယူနိုင်သည့် ဂြိုလ်တု ချယ်နယ်လိုင်းများအား မြန်မာနိုင်ငံဇုန်သို့ မလွှင့်ရန် တောင်းဆိုထားသဖြင့် သက်ဆိုင်ရာ ချယ်နယ်များဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု MRTV 4 မှ ၀န်ထမ်းတဦးက ပြောသည်။
ဌာနဆိုင်ရာ ၀န်ထမ်းတဦးက
“ဘောလုံးပွဲကြည့်ဖို့ စောင့်နေတာ မလာဘူး။ ဆစ်ဂနယ် မမိဘူးလို့ဆိုတယ်။ ရုပ်သံလွှင့်တဲ့ဌာန တခု ဖြစ်ပြီးတော့ ဆစ်ဂနယ် မမိဘူးဆိုတော့ ဘာသဘောလဲ မသိဘူး”
ဟုပြောသည်။
အခြား သတင်းထောက်တဦးကလည်း
“ညက ဘီယာဆိုင်မှာ သောက်ရင်းနဲ့ ဘောလုံးပွဲကြည့်မယ် စိတ်ကူးတာ၊ စောင့်ရင်း စောင့်ရင်းနဲ့ ဘောလုံးပွဲက မလာတော့ ဘီယာဖိုးပဲ ရှုံးသွားတယ်။ ဘောလုံးပွဲ မကြည့်လိုက်ရဘူး’ ဟုပြောသည်။
၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် ၆၄ ပွဲအနက် မြ၀တီက ၃၂ ပွဲ ပြသမည် ဖြစ်ပြီး ပြသခွင့်ကို Yangon Entertainment ကုမ္ပဏီက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံမှ မြန်မာနိုင်ငံအတွက် ပြသခွင့် မူပိုင်ခွင့်ကို ၀ယ်ယူပြီး မိုးဆမ်းပန်း ကုမ္ပဏီမှ တဆင့်ခံ ယူပြီး ပြသခြင်းဖြစ်သည်။
မိုးဆမ်းပန်း ကုမ္ပဏီသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တာဝန်ယူ လုပ်ကိုင်လျက် ရှိသည့် ဒုဗိုလ်ချုပ်ကြီး တင်အေး၏ သားဖြစ်သူ ဦးဇော်မင်းအေး ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။
ပြည်ပက အင်တာနက် ဘောလုံး ပရိသတ်တဦးက ဖြည့်စွက်ပြောရာတွင် –
“အကယ်၍ အင်တာနက်သာ ကောင်းရင်၊ သိပ်မဆိုးရင် ကမ္ဘာ့ဘောလုံးပွဲ အခမဲ့ ထုတ်လွှင့်တဲ့ ၀က်ဆိုက်တွေကနေ မြန်မာတွေ အားပေးလို့ရတာပေါ့။ အခုဟာက အင်တာနက်လည်း မမိ၊ ဂြိုလ်တုလည်း မမိတဲ့ နေရာမှာ ရောက်နေတော့ ကျနော်တို့ ဘယ်လို နည်းလမ်းပေးရမယ် မသိဘူး။ အချို့ကတော့ ရေဒီယိုထဲကနေ ဘောလုံးပွဲ ကြေညာတာကို နားထောင်လို့ ရတယ် ပြောတယ်။ သည်လို ခေတ်ကြီးမှာ မဟန်ပါဘူးလေ” ဟု မှတ်ချက်ပေးသည်။

( http://channelsurfing.net http://espn3.com တို့မှာ Live လွှင့်နေသည်ကို ဆိုလိုသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts