>Mar Mar Aye – 332

>

သုမောင်ကဗျာ
မာမာအေး
ဇွန် ၆၊ ၂ဝ၁ဝ
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။  
မာအေး ချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြ ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 
သောတရှင်တို့ရေ ရှေ့တပါတ်က မောင်လေး ဗလ ယမကာတန်ခိုး ရလို့ ကဘောက်ကချာ ကြုံရတာလေး ရယ်စရာ တွေးပြီး ပြောမိခဲ့တယ်။ မရှိတော့လို့ ဖိရော့လေသလား တွေးမှားနေရင် ဖျောက်လိုက်ပါနော်။ ယစ်ရွှေရည်ကြောင့် မာအေးရဲ့ ဂီတမောင်ဖွား တော်များများ ကြွေသွားခဲ့တာ ရင်နာလွန်းလို့ ဒါမျိုးတွေ ဖြစ်တတ်တယ် ဆိုတာကြားရရင် ဆင်ချင်ကြလေမလား – အားကိုးတဲ့ စေတနာ ထားတာကြောင့် ပြောမိတာပါရှင်။ တကယ့်ကို နှမြောတသ – သတိရမိပါတယ်။ 
ကိုယ်က အဆိုသမား ဆိုတော့ သူ့အဆို ကိစ္စကို ကိုယ်ခံစားမိသလို ပြောပြချင်ပါသေးတယ်ရှင်။ သူ့ရဲ့မူလ အသံဟာ ကြည်မြပီသ ချိုသာလှတယ်လို့ ပြောနိုင်တဲ့ အသံမျိုး မဟုတ်ပါဘူး။ သီချင်းကို နေရာတကျ အသံထား စာထား ဂွင်ကျအောင် ဆိုတတ်တဲ့ ညာဉ်ရှိလို့ ပညာရဲရင့် ပွဲလည်တင့်လာတဲ့ အဆိုသမားမျိုး ဖြစ်လာတာပါ။ ပတ်ဝန်းကျင် အခြေအနေပေးလို့ အနုပညာနား မဝေးတဲ့သူမို့ မြင်ဆရာ ကြားဆရာ ဂီတသဘောတွေ သူရခဲ့ပုံပါပဲ။ ဆရာသမားတွေဆီမှာ သတ်သတ် ပညာရှာဖူးတယ်လို့ မကြားမိပါဘူး။ သဘင် – အငြိမ့် – ပတ်ဝိုင်းသံ တခြိမ့်ခြိမ့် အနားကိုတော့ ရောက်ချိန်က ရှားမှာကိုး ရိုးရာဆိုပုံများဘက်မှာ တခါတလေ အချိုး မကိုက်တာလောက်တော့ ရှိတာပေါ့ရှင်။ ခွင့်လွှတ်လို့ ရပါတယ်။ 
ပြီးတော့လည်း သူ့အသံဟာ ဗမာသံဆိုရင် ဗမာသံထွက်တယ် ဘိုသံဆိုရင် ဘိုသံထွက်တယ်။ မာအေး ဘာကိုပြောချင်တာလဲ၊ ဘယ်လို ဟာမျိုးကို သိစေချင်တာလဲ ဆိုတော့ – ဥပမာ သွားလေသူ – သူငယ်ချင်း တွံတေးသိန်းတန် ဆိုရင် – ဗမာသံ ဆိုတဲ့အခါ – ကျေးလက်သံ တောသံ – ငါးပိသံ အတိအကျ နားထဲက ကြားရတယ်၊ ရင်ထဲအထိ သိပါတယ်။ “မငိုပါနဲ့ လှပါတယ်” တို့ “ဆောင်းနှင်းဖြူနဲ့ ကိုယ့်ချစ်သူ” တို့ကို ချစ်ဆွေတို့ သေချာ ပြန်နားထောင်ကြည့်၊ ဘိုစည်းဝါးနဲ့ ဒရမ်နဲ့ သီချင်းပါ ချစ်ဆွေတို့ နားထဲမှာ ဘိုသံ ဆိုတဲ့ ဆိုပုံစတိုင် ကြားနိုင်မယ် မထင်ပါဘူး။ အဲဒီလို အသိနဲ့ နားထောင်ရင် ကွဲကွဲ ပြားပြား ဖြစ်သွားမှာပါ။ သုမောင် ဆိုထားတဲ့ စန္ဒရားလှထွတ် သီချင်းတပုဒ်ကို နားထောင်ကြည့်လေ ဗမာစကား ပီသစွာဆိုတဲ့ – ဗမာစတိုင် မဟုတ်တဲ့ ဆိုသံမျိုး ကြားရပါလိမ့်မယ်ရှင်။ ဆိုချင်တဲ့ အဓိပ္ပာယ်လည်း ရှင်းနေတာပါပဲ – သီချင်းနာမည်က “ချစ်တယ်” တဲ့ – ရေးတဲ့သူရော – ဆိုတဲ့သူရော – သီချင်းလေးကိုရော – မာအေးချစ်ခဲ့ပါတယ်ရှင်။  
ကမ္ဘာပေါ်မှာ လူတိုင်း စကားလေး နှစ်ခွန်းကို ပြောဖူးကြတယ်။ အဲတာ “ချစ်တယ်” တဲ့
xx  ကမ္ဘာပေါ်မှာ လူတိုင် မပြောဖူးတဲ့သူ မရှိပါဘူးကွယ်၊ အဲဒါဟာ “ချစ်တယ်” တဲ့ xx
အဖိုးကလည်း အဖွားကို ချစ်တယ် ပြောမှပဲ…
အဖေကလည် အမေ့ကို “ချစ်တယ် – ချစ်တယ်” နဲ့ ….
ကိုယ်ကလည်း မင်းကို ပြောပါမယ် “ချစ်တယ်”..
ချစ်တယ်ကွယ်၊ နှလုံးသားထဲ အသဲထဲ နစ်အောင် ချစ်ပါတယ်….
အရိုးဆုံးနဲ့ အရှင်းကလေးမို့ နားရေလည်….ချစ်အဓိပ္ပာယ်ကလေးတော့ အမျိုးမျိုး ဖွင့်ကြပါလိမ့်မယ်၊ ကိုယ်ရဲ့ အယူအဆနဲ့ ကိုယ် – ချစ်တယ်ကွယ်…နှလုံးသားထဲ အသဲထဲ နှစ်အောင် ချစ်ပါတယ်။ အရိုးဆုံးနဲ့ အရှင်းဆုံးကလေးပဲ ပြောမယ်ကွယ်။ နှလုံးသားအရေး မို့ကွယ်၊ ဦးနှောက်ကလေးနဲ့ မတွေးတော့ဘူး ချစ်တာပဲ နားရေလည်xxx 
ဘယ့်နဲ့လဲ သောတရှင်၊ မာအေး ထင်တဲ့ အတိုင်း ကြားရတယ်မို့လား။ သီချင်းနဲ့ ဆိုဟန်နဲ့ အကိုက်ပါပဲ။ ဒါ ခေတ်သီချင်းလေ မြန်မာသံ ခေတ် အဆက်ဆက်က ပြန်ဆိုကြတဲ့ တေးတွေကိုလည်း သူ ကောင်းကောင်း ပြန်ဆိုနိုင်ခဲ့ပါတယ်ရှင်။
မာအေး အထင်ကတော့ သူစိတ်ဓာတ် ကျနေပုံရတာပါဘဲ။ မာအေးဆီ ရေးလိုက်တဲ့ စာထဲမှာ “ကျနော်တို့ သားအဖ – ခုနှယ်ခါ ရသမျှ သီချင်းခတွေ ပြန်လှူနေပါရဲ့။ သားကတော့ ပိုရသပေါ့၊ ဖိုးသောကြာဟာ ခုနှယ်မှာ မြန်မာသံ ကြိုက်တဲ့ အထက်မြန်မာပြည်ကို သိမ်းလိုက်ပါပြီ။ “မြို့မ” ဆိုရင် ကျနော့်တောင် အရေး မလုပ်တော့ဘူးမမ – မထင်ဘူးဗျာ – နော်မမ” တဲ့။ သားကလေး တော်တာ မတော်တာထား၊ ငယ်ရုပ် ငယ်ဂုဏ်နဲ့ ပိုစားသာ လာမှာ ဂီတလောက ဓမ္မတာပဲလေ။ ဒီလိုပါပဲ အသက် ကြီးလာရင် “အိုပယ်” ဖြစ်မှန်း မသိ ဖြစ်တတ်တာပါ။ သူ့ကိုယ်တွေ့ကို ရင်ဖွင့်လိုက်တဲ့ သဘောလို့ မာအေး ခံစားလို့ရတယ်။  
နောက်တချက်လည်း တွေ့သေးတယ် ရှင့်။ ကျနော်က ပိုက်ဆံ မချမ်းသာတော့ စုမိဆောင်းမိထား သမျှဥစ္စာ (သဒ္ဒအသံ) ကိုဘဲ လိုက်လှူနေပါတယ်။ ဖိုးသောကြာလို လူငယ်တွေ၊ လူမင်းတို့လို super star တွေတောင် အပြော မလွတ်ရှာဘူးဗျာ။
“အဲသလို ဟန်လုပ်နေတာပါ ၊ စတိုင် ထုတ်နေတာပါ၊ နာမည် ကြီးအောင် လုပ်တာပါ” ဆိုတဲ့ စကားတွေ ပြောကြတာ ဒုတိယတန်းစား အနုပညာသည်တွေ ဖြစ်နေတာမို့ စိတ်မကောင်းမိဘူး တဲ့။
ပြီးတော့ ဆူးကြားထဲက ဗူးသီးဘဝလို့ မာအေး ပြောဖူးတဲ့ အတိုင်း သူ့စိတ်မှာလည်း ဖြစ်နေပါလိမ့်မယ်။
“သုမောင်ဟာ သာဓုသားပါ။ လုံချည်ဖြူ ဝတ်ပြီး ကြိုးတန်းပေါ် လမ်းလျှောက်နေသူပါ၊ ဘယ်ဘက် ကျကျ အန္တရာယ်နဲ့ပါ။ ဟိုဘက် ပန်းတိုင် ရောက်ရင်တော့ ပရိသတ်က သြဘာ ပေးကြပါလိမ့်မယ်၊ ခြံစည်းရိုးတော့ ခွ မထိုင်ဘူး မမရေ”
လို့လည်း သူရေးလိုက်ပါသေးတယ်။
စာရဲ့နောက်ဆုံး တရွက်မှာ ကဗျာလေးတပုဒ် စပ်ပြီး အလှူခံသွားခဲ့ပါတယ် “စာနာ ထောက်ထားမှု” ကို အလှူခံထားတာပါရှင် နားဆင်ပေးကြပါဦး။  
“တက်ခေတ် အလှူခံ” 
ပစ္စည်း ဥစ္စာ၊ စေတနာဖြင့်
“မေတ္တာ၊ ဂရုဏာ”၊ ပေးကမ်းပါလည်း
“ခဗျာ” မသိ ၊ လက်ဖြန့်မိ၏။ 
မချိတင်ကဲ၊ စိတ်နယ်ထဲဝယ်
လှည့်ဝဲငေးမော၊ လွင့်စင်မျောသည်။ 
အဟောဝတ၊ လိုချင်လှဘိ၊
ဘဝတဏှာ၊ မဟုတ်ပါချေ၊
စာနာ ထောက်ထား – မျှတကား။ ။  
                              (မောင်သုမောင်)  
(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts