ခိုင်အောင်ကျော် (နယူးယောက်)

ခိုင်အောင်ကျော် (နယူးယောက်) – နှင်းတွေ ဝေနေပြီ … နှင်း

နှင်းတွေ ဝေနေပြီ … နှင်း 
ခိုင်အောင်ကျော် (နယူးယောက်)
နိုဝင်ဘာ ၁၄၊ ၂၀၁၃



နှင်းတွေ ဝေနေပြီ နှင်း မနက်စောစော အိပ်ရာမှ ထလိုက်သည် ။ ခါတိုင်းလို ပြူတင်းပေါက်ကနေပြီး လမ်းမပေါ်ကြည့်ဖြစ်သည် ။ မနေ့ ညက တီဗွီမှာ နှင်းတွေနည်းနည်း ကျမည်လို့ တော့ မိုးလေ၀သသတင်းမှာ မြင်လိုက်သည် ။ သို့ သော် ဤမြို့ မှာ နှင်းမြူတွေက သိပ်မကျလှ ။ ပြောရလျှင် တစ်နှစ်မှာ နှစ်ရက်ခန့် သာ နှင်းတွေ ကျသည်။ နှစ်ပေလောက်သာ နှင်းကျသည်မို့  စကားထဲတွင် ထည့်မပြောဖြစ်ကြ ။ အခြားပြည်နယ်တွေမှာ နှင်းတွေက တော်တော်ကြမ်းသည် ။ အိမ်ထဲမှ ထွက်ပြီး တဖက်လမ်းမှာ နေသော သူမထံ သွားလိုက်သည် ။ ခုလောက်ဆို အိပ်ရာက နိုးနေရော့မည်ထင်ရသည်။ အေးစိမ့်နေသော လေက နားရွက်ဖျားတွေကို ကျင်စေသည်။ တစ်ကိုယ်လုံး အနွေးထည်တွေကို ၀တ်ထားပေမင့် ချမ်းအေးနေသော ရာသီက ဆောင်းဦးကာလကို မှတ်မှတ်ရရ ရှိစေတော့သည်။ သူမ၏ အိမ်တံခါးပေါက်တွင် ရပ်ယင်း အချက်ပေးဘဲလ်ကို ဖိပေးလိုက်သည်။ သူမ၏ အိမ်ခန်းထဲက အသံဗလံများကို ကြားရပြီ။ ထင်ထားသည့် အတိုင်းပင် သူမမှာ အိပ်ရာက နိုးနေပြီးဖြစ်သည် ။ တံခါးကို သူမက လာရောက်ဖွင့်လာပေးသည် ။
 “မောနင်းပါ- ဒီနေ့  နှင်းတွေစတင် ဝေနေပြီ နော်- သိပ်တော့ မသဲဘူးပေါ့- နှင်းဝေနေပြီဆိုတာ ပြောချင်လို့  ဒေါ်နှင်းဖြူမေကို ပြောပြမလို့  လာခဲ့ တာလေ “ 
သူမက မျက်မှောင်ကုတ်ယင်း တစ်ချက် လှမ်းကြည့်တော့သည် ။ သူမသည် ယခုမှ သတိရသည်လား မပြောတတ် ။ ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်သည် ။ လေအေးက ချက်ချင်းအိမ်ခန်းထဲ ၀င်လာတော့သည် ။ ပြူတင်းပေါက်ကို အလျှင်အမြန် ပြန်ပိတ်ပြီးနောက် သူမက ဆိုဖါခုံတွင် ငြိမ်သက်စွာ ထိုင်သည် ။ ကျွန်တော်က သူမအား အလိုက်သိစွာ အသံမပေးဘဲ သူမမျက်နာကို ငေးကြည့်မိသည် ။ 
“ အော်- နှင်းတွေ ဝေနေပြန်ပြီပေါ့-ကိုကျော်ခဏ်းနွယ်ရယ်- နှင်းတွေ ဝေလာပြီ ဆိုရင် ကိုကျော်ခဏ်းနွယ်က လာပြောမယ်လို့  မနှစ်က ပြောထားတာ သတိရပါတယ် ။ ဒီလိုနှင်းတွေ ဝေလာပြီ ဆိုတိုင်း ကိုယ့်ရပ်ကိုယ့်ရွာမှာ ဖြစ်ပျက်နေတဲ့  ဖြစ်ရပ်ဆိုးတွေကို ပြန်လည်သတိရပြီး ရင်ထဲမှာ နာကျင်အောင် တစ်စစ်စစ် ခံစားရမိတယ် လေ “ ဒေါ်နှင်းဖြူမေ၏ ဖြေးညှင်းထွက်ပေါ်လာသော စကားသံက တိုးတိုးလေး ။ ကျွန်တော်က သက်ပြင်းလေး တစ်ခုကို ဖြေးဖြေး ချမိသည် ။ “ ဒီလိုပါဘဲ ဒေါ်နှင်းဖြူမေ ရယ်- ခါးသီးကြမ်းတမ်းလှတဲ့  ဖြစ်ရပ်ဆိုးတွေဟာ မေ့ပျောက်စရာကောင်းလောက်အောင် ကြိုးစားမေ့ပျောက်စေဖို့  လိုပေမဲ့  ကျွန်တော်တို့  ဒေါ်နှင်းဖြူမေတို့ ဘ၀အတွက်တော့ ဒါဟာ ဘယ်တော့မှ မေ့လို့ ကောင်းတဲ့ အရာ မှ မဟုတ်နိုင်တာဘဲလေ- ဒါ့ကြောင့်မို့ လို့  နှင်းတွေ ဝေနေပြီ ဆိုတာ လာပြောတာပါ ဒေါ်နှင်းဖြူမေ ရယ် “ 
ကျွန်တော်ပြောသော စကားကို ဒေါ်နှင်းဖြူမေ ကြားသည်ဟုတော့ ထင်မိသည် ။ သက်မဲ့ တစ်ယောက်လို သူမ၏မျက်လုံးတွေက တည်ငြိမ်စွာ ကြမ်းပြင်ကို စိုက်ကြည့်နေသည် ။ ဂျာကင်ကို ဇစ်စေ့လိုက်ပြီး ဆိုဖါမှ ထလိုက်သည် ။ 
“ ကျွန်တော့်ကို သွားခွင့်ပြုပါ ဒေါ်နှင်းဖြူမေ – “
 ဒေါ်နှင်းဖြူမေက သည်အခါမှ ကျွန်တော့်ကို သတိရလာသလို ကြည့်တော့သည် ။ သူမမျက်လုံးမှာ ရီဝေနေသော အကြည့်တွေနှင့် ကျွန်တော့်ကို ကြည့်ယင်း စကားပြောလာသည် ။
 “ ဟုတ်ကဲ့ ပါ ကိုကျော်ခဏ်းနွယ်- ကျမအနေနဲ့ လဲ မေ့ ချင်လောက်အောင် မိုက်မဲနေတဲ့  မိန်းမတစ်ဦးတော့ မဟုတ်ရပါဘူးရှင်- ဘာဖြစ်လို့ လဲ ဆိုတော့ ကျမရဲ့  ဆွေမျိုးသားချင်း မိန်းခလေးတစ်ဦးဟာ အလိုမတူ မုဒိမ်းကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ ရတာပါရှင်- ဒီလို ၀ဋ်ကြွေးတွေ ပါခဲ့ တဲ့  ကျမတူမလေးအတွက် နှင်းတွေ ဝေတဲ့  ခုလို နေ့ မျိုးမှာ ဆိုရင် ကျမ သိပ်ကို ခံစားရပါသော်ကော ရှင် -ကျမတို့ အနေနဲ့  တစ်ဦးတစ်ယောက်က အသက်ပေးသွားရလို့  နှမြောတသနေတာထက် မြေတစ်လက်မ မဆုံးရှုံးစေဖို့  သိပ်ကို အရေးကြီးနေတာကို ပိုပြီးတော့ သတိထားဖြစ်ရပါတယ်လေ “ 
ကျွန်တော့်နောက်မှ ဒေါ်နှင်းဖြူမေ၏ အသံက ထပ်ချက်မကွာ လိုက်ပါလာသည်ဟု ထင်သည် ။ နယူးယောက်မြို့ မှာ ဒီနေ့ က ပထမဦးစွာ နှင်းတွေ ကျစပြုသောနေ့ ဖြစ်သည် ။ ကျွန်တော့်အိမ်ရှေ့ရောက်တော့ နှင်းခဲပုံလေး တစ်ခုကို ခြေထောက်နှင့် ကန်ကျောက်လိုက်သည် ။ ပြီးတော့ အိမ်တံခါးကို သော့ဖွင့်ပြီး ၀င်သည် ။ အိမ်ထဲရောက်မှ လက်ကိုင်ဖုံးကို ဂျာကင်အိတ်ထဲမှ ထုတ်ယူပြီး ဖုံးနံပါတ်ကို နှိပ်လိုက်သည် ။ 

“ နှင်းတွေ ဝေနေပြီ နှင်း လို့  ကျွန်တော် မပြောချင်ပေမဲ့  ပြောဖြစ်တာက နှစ်စဉ်ဘဲ ဖြစ်မှာပါ ဒေါ်နှင်းဖြူမေ -ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော်တို့  ဒေါ်နှင်းဖြူမေတို့ က ဘ၀နဲ့ ရင်းထားတဲ့  အမာရွတ်ကိုယ်စီနဲ့  နေရတဲ့  လူမျိုးတွေဘဲ မလားလို့ - ဒါ့ကြောင့်မို့ လို့  နောက်နှစ်မှာလဲ နှင်းတွေ ဝေနေပြီလို့  လာပြောပါရစေ ဒေါ်နှင်းဖြူမေ ရယ် “ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts