စာစုတို

ပြည်​သစ်​ဟန်​ ● ခေတ်​နှစ်​​ခေတ်​ လူနှစ်​​ယောက်​ အသံထွက်​တစ်​ခု

ပြည်​သစ်​ဟန်​ ● ခေတ်​နှစ်​​ခေတ်​ လူနှစ်​​ယောက်​ အသံထွက်​တစ်​ခု
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈


ကျွန်​​တော်​ ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ကို လိုက်​ရှာ​နေမိသည်​။ ဘာ​ကြောင့်​ လိုက်​ရှာ​နေမိလဲဆိုသည်​မှာ ကျွန်​​တော်​ကိုယ်​တိုင်​ ရုတ်​တရက်​ ​တွေးမရနိုင်​ပါ။ကျွန်​​တော်​ကိုယ်​တိုင်​​တော့ အ​ရေးကြီးသည်​ဟုထင်​​နေမိသည်​။ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ကို ရှာ​နေရခြင်းသည်​ တစ်​စုံတရာနှင့်​ ဆက်​စပ်​​နေနိုင်​ပါသည်​။အပြင်​​လောကကို ထိ​တွေ့နိုင်​ဖို့လား။ကျွန်​​တော်​က တစ်​စုံတရာထဲ ​ရောက်​ရှိ​နေ၍လား။ကျွန်​​တော်​က ​ပျောက်​ဆုံး​နေ​သော လူတစ်​​ယောက်​လား။ကွယ်​ဝှက်​​နေ​သော လူတစ်​​ယောက်​လား။ထွက်​​ပြေး​နေ​သော လူတစ်​​ယောက်​လား။ပြတင်း​ပေါက်​​လေး တစ်​​ပေါက်​ကို​တော့ အ​သေအချာလိုက်​ရှာ​နေမိသည်​။

တစ်​စုံတစ်​​ယောက်​နှင့်​ ကျွန်​​တော်​ စကား​ပြောဖြစ်​သည်​။နှစ်​​ယောက်​စလုံး ဘယ်​က​နေစ​ပြောရမည်​ကို တွက်​ချက်​စဉ်းစားမထားကြပါ။ဒီလိုနှင့်​ အပြန်​အလှန်​ စကား​ပြောဖြစ်​​နေကြသည်​။ကျွန်​​တော်​က နား​ထောင်​သူအ​နေနှင့်​ အများဆုံးရှိ​နေသည်​။အသံများ၊စကားလုံးများကို ​လျှော့ထားရသည်​။နားများ၊စိတ်​များကို စွင့်​ထားရသည်​။ကျွန်​​တော်​တို့ စကား​ပြောဖြစ်​ကြပုံက ဤသို့ အ​ခြေအ​နေရှိသည်​။တဟားဟားနှင့်​ ရယ်​​မောလိုက်​ကြသည်​။ တည်​ငြိမ်​​လေးနက်​၍လည်း သွားကြပြန်​သည်​။ကျွန်​​တော်​တို့ ယခုလိုပင်​​ပြောဖြစ်​​နေခဲ့ကြသည်​။

ပြတင်း​ပေါက်​​လေး တစ်​​ပေါက်​ကို​တော့ ကျွန်​​တော်​လိုက်​ရှာ​နေမြဲ ဖြစ်​သည်​။မျက်​လုံးများက နံရံဆီ၊ပြတင်း​ပေါက်​ဟု ယူဆ၍ရနိုင်​​သော မှန်​သားပြင်​နံရံ အကာများအ​ပေါ် တစ်​ခါတစ်​ရံ ​ရောက်​ရှိ​နေတတ်​သည်​။သို​ပေမယ့်​ ပြတင်း​ပေါက်​​တော့ မဟုတ်​ပြန်​ပါ။ပြတင်း​ပေါက်​​ယောင်​ ​ဆောင်​ထား​သော ပြတင်း​ပေါက်​များ ဖြစ်​နိုင်​သည်​။

ကျွန်​​တော်​နှင့်​ စကား​ပြော​နေ​သောသူသည်​ ပြတင်း​ပေါက်​များအ​ကြောင်းကို ​မေ့ထားပုံရပါသည်​။မေ့​ကောင်း​မေ့​နေခြင်းလည်း ဖြစ်​နိုင်​ပါသည်​။သူ့အတွက်​ အ​ရေးကြီးသည်​က ကျွန်​​တော့်​လို ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ မဟုတ်​နိုင်​ပါ။စားပွဲ​ပေါ်က စာအုပ်​၊စာရွက်​ဖိုင်​တွဲများနှင့်​ သဒ္ဒါအထားအသိုများ ဖြစ်​နိုင်​ပါသည်​။အတိတ်​က သူ့အ​ကြောင်းမိားလည်း ဖြစ်​နိုင်​ပါသည်​။အိမ်​လခများလည်း ဖြစ်​နိုင်​ပါသည်​။ဘတ်​စ်​ကားတစ်​စီး​ပေါ် တစ်​နာရီနီးပါး မတ်​တပ်​ရပ်​စီးပြီး လိုက်​ပါ​နေရ​သော ​နေ့စဉ်​အ​ကြောင်းများလည်း ဖြစ်​နိုင်​ပါသည်​။ထိုအ​ကြောင်းများကပင်​ ကျွန်​​တော့်​ အ​တွေးထဲသို့ တစ်​ခါတ​လေ ဝင်​​ရောက်​​နေတတ်​​သော သတင်းစကားများ ဖြစ်​​နေတတ်​ပါသည်​။ကျွန်​​တော်​က နား​ထောင်​သူအ​ဖြစ်​နှင့်​ သူ့၏ ​ပြောစကားများကို သိမ်းဆည်းမိ​သော ​သေတ္တာထဲက မှတ်​တမ်းစာရွက်​များလည်း ဖြစ်​​နေနိုင်​ပါသည်။

ကျွန်​​တော်​တစ်​ခု စဉ်းစားမိပါသည်​။ကျွန်​​တော်​က နံရံဆီက ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ကို ရှာ​နေခြင်းဖြစ်​​ပေမဲ့ သူက တစ်​စုံတစ်​ခု​သော ပြတင်း​ပေါက်​​လေးကို ရှာ​ဖွေ​နေခြင်း​ရော မဖြစ်​နိုင်​​ပေဘူးလား။ကျွန်​​တော့်​ကို မနက်​ခင်းတိုင်းမှာ တစ်​ခါ​တ​လေ သူ​ပြော​နေခဲ့​သော စကားများက သူ့အတိတ်​က ရှာ​ဖွေမ​တွေ့ခဲ့​သော ပြတင်း​ပေါက်​​လေးများ ဖြစ်​​နေမလား။ထိုပြတင်း​ပေါက်​​လေးအတွက်​ ကျွန်​​တော့်​ကို ကူရှာ​နေခိုင်းခြင်းများ ဖြစ်​​နေမလား။သူ့၏ အတိတ်​က လိုချင်​ခဲ့​သော ပြတင်း​ပေါက်​​လေးက ပြတင်း​ပေါက်​အဖြစ်​နှင့်​ မရှိခဲ့တာလား။ပြတင်း​ပေါက်​ ရှိလျက်​သားနှင့်​ သူက မ​တွေ့ခဲ့သည်​များလား။ပြတင်း​ပေါက်​​လေးကို ​တွေ့လျက်​သားနှင့်​ ရင်​မဆိုင်​ဝံ့​သော ​လောကဓံများ​ကြောင့်​ ​ရှောင်​လွှဲသွားခဲ့ရခြင်းလား။ပြတင်း​ပေါက်​​ယောင်​​ဆောင်​ထား​သော ပြတင်း​ပေါက်​​ကြောင့်​ ပြတင်း​ပေါက်​အစစ်​ကို မ​တွေ့ခဲ့သည်​များလား။

ကျွန်​​တော်​က​တော့ ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ကို လိုက်​ရှာ​နေမြဲပင်​။အခန်း၏ နံရံပတ်​ချာလည်​တဝိုက်​မှာ လိုက်​ရှာ​နေမြဲပင်​။အပြင်​​လောကဟူသည်​ ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ ​ပျောက်​ဆုံး​နေ​သော အခါမှသာ ပို၍ မြင်​ချင်​စိတ်​ကို ပြင်းပြစွာ ​တောင်းတ​နေ​တော့သည်​။ကျွန်​​တော်​က ငြိမ်​သက်​​နေသည်​။အခန်းကလည်း ငြိမ်​သက်​​နေသည်​။အခန်း၏ အပြင်​ဘက်​က သစ်​ရွက်​များက​တော့ လှုပ်​ခတ်​​နေသည်​။လူများက​တော့ လှုပ်​ရှား​နေသည်​။ခို​လေးများက ဓာတ်​ကြိုးများ​ပေါ်မှာ ​ပြေးလွှား​နေကြသည်​။နံရံမှန်​သားအကာ၏ လိုက်​ကာတစ်​ဝက်​မျှ တင်​ထား​သော ​နေရာဆီက​နေ ကျွန်​​တော်​လှမ်းမြင်​​နေရခြင်းပင်​။လှိုက်​ကာတစ်​ဝက်​ ဖုန်းအုပ်​​နေ​သော ပြင်​ပ​လောကက အလှုပ်​အခတ်​များကို​တော့ ကျွန်​​တော်​ မသိတတ်​နိုင်​စွမ်းပါ။ဒါက​တော့ သိပ်​သည်းလှ​သော မြင်​ကွင်းအကွက်​ထဲကို ကျ​ရောက်​​နေ​သော ကျွန်​​တော်​၏ ​တွေးမှု၊မြင်​မှု အစိတ်​အပိုင်းပင်​။

ကျွန်​​တော်​နှင့်​ စကား​ပြော​နေကျသူက​တော့ အမြဲလို သူ့အ​ကြောင်းကို ​ပြော​နေမြဲပင်​။မနက်​ခင်းတိုင်း ပွင့်​အန်​​နေမြဲပင်​။ကျွန်​​တော်​ကလည်း နား​ထောင်​​နေမြဲပင်​။တစ်​ခါတရံ နံရံဆီသာ လှမ်းကြည့်​ရင်း ပြတင်း​ပေါက်​​လေးကို ရှာ​နေတတ်​မြဲပင်​။ကျွန်​​တော်​နှင့်​ စကား​ပြော​နေ​သောသူမှာ အသက်​အရွယ်​အားဖြင့်​ ကျွန်​​တော့်​၏ အဘအရွယ်​မျှ​လောက်​ရှိပါသည်​။သူ​ပြော​သော အများဆုံး အ​ကြောင်းအရာများမှာ သူ့အတိတ်​ကာလများထဲက ဆုံးရှုံးခဲ့ရ​သော အ​ကြောင်းများ၊​လေလွင့်​​နေခဲ့ရ​သော အ​ကြောင်းများ၊​မျှော်​လင့်​ချက်​မဲ့​နေ​သော အ​ကြောင်းများ စသည်​ဖြင့်​ အများဆုံး ဖြစ်​​နေပါသည်​။သို့​ပေမယ့်​ အမြဲလိုလို ရွှင်​ရွှင်​လန်းလန်းနှင့်​ ​ပြော​နေတတ်​သည်​။သူ့​လောကဓံ၏ အထုအ​ထောင်းများသည်​ သူ့၏ ​ပျော်​​ပျော်​​နေတတ်​​သော စရိုက်​များ​အောက်​မှာ ပြားပြားဝပ်​​နေရပုံရပါသည်​။ဒါ​ကြောင့်​ သူ မယိုင်​ခဲ့ခြင်းလား။မလဲခဲ့ခြင်းလား။မတိမ်းခဲ့ခြင်းလား။သွားတချို့ ကျိုး​နေ​သော “​လေ​ပေါက်​များ”ဆီက​နေ သူ့၏ ရယ်​​မောခြင်းများနဲ့အတူ ​လောကဓံမှာ ထွက်​ထွက်​သွား​နေခဲ့​လေသလား မှတ်​ထင်​ရသည်​။

သူ့ငယ်​ဘဝက ဆုံးရှုံးရခြင်းများလို မကြုံရဖို့ ကျွန်​​တော့်​ကို အမြဲမပြတ်​ ​ပြော​နေခဲ့သည်​။မနက်​​စော​စော ခဏတာ အချိန်​​လေးမှာ သူ့၏ ကျွန်​​တော့်​အ​ပေါ်ထား​သော ​မေတ္တာ​လေလား။ထိုစကားသံများက အခန်းထဲမှာ တချို့လှည့်​လည်​သွားလာ​နေနိုင်​သည်​။နံရံမှန်​သားပြင်​က​နေ ​ဖောက်​ပြီး အပြင်​ကို တချို့ ​ရောက်​​နေနိုင်​ပါသည်​။တဝက်​ကျ​နေ​သော လိုက်​ကာ၏ အ​ရေပြား​ပေါ်သို့လည်း တချို့တဝက်​ ပွတ်​တိုက်​​နေနိုင်​ပါသည်​။တစ်​ခါတရံ ​မေတ္တာတရားဟူသည်​ ဖမ်းဆုပ်​ထားသူ တစ်​​ယောက်​အဖို့ ဝင်​ချင်​တိုင်းဝင်​ပြီး ၊ထွက်​ချင်​တိုင်းထွက်​၍ မရ​သော အခန်းတစ်​ခန်းလိုပင်​ ဖြစ်​​နေပါလိမ့်​မည်​။

ကျွန်​​တော့်​ကို သူ​ပြော​နေ​သော သူ့အတိတ်​အ​ကြောင်းများသည်​ ကျွန်​​တော့်​အထင်​​တော့ ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ကို ရှာ​နေခြင်းဟု ထင်​မိသည်​။ကျွန်​​တော်​လည်း အခန်းနံရံဆီကိုသာ လှမ်းကြည့်​ရင်း ပြတင်း​ပေါက်​​လေးတစ်​​ပေါက်​ကို လိုက်​ရှာ​နေခဲ့ပါသည်​။ကျွန်​​တော်​တို့ နှစ်​​ယောက်​ကို ပြဌာန်း​ပေးထား​သော အရာသည်​ ကျွန်​​တော်​တို့ မသိခဲ့​သော အတိတ်​ထဲမှာလည်း ဖြစ်​နိုင်​ပါသည်​။မသိ​သေး​သော အနာဂတ်​ထဲမှာလည်း ဖြစ်​နိုင်​ပါသည်​။ပစ္စုပ္ပါန်​သည်​ ပြတင်း​ပေါက်​ ဖြစ်​၍​နေသည်​။သူသည်​ တစ်​စုံတရာကို ​ပျောက်​ဆုံး​နေ​သော သူဖြစ်​လျှင်​ ၊ကျွန်​​တော်​လည်း တစ်​စုံတရာ ​ပျောက်​ဆုံး​နေ​သော သူတစ်​​ယောက်​ ဖြစ်​နိုင်​ပါသည်​။သူသည်​ သက္ကရာဇ်​ ရှစ်​ဆယ့်​ရှစ်​၏ ​ရှေးကာလအပိုင်းအခြား အ​မှောင်​ထဲက မျိုးဆက်​ဖြစ်​သလို၊ ကျွန်​​တော်​သည်​ ရှစ်​ဆယ့်​ရှစ် ​နောက်​ပိုင်း၏ အ​မှောင်​ထဲက ရုန်းကန်​​နေရ​သော မျိုးဆက်​ဖြစ်​​နေခြင်းမှာ သိပ်​အငြင်းပွားဖွယ်​ရာ အရာ​တော့မဟုတ်​ပါ။ထို့​ကြောင့်​ ပြတင်း​ပေါက်​​လေး တစ်​​ပေါက်​ကိုသာ ကျွန်​​တော်​တို့နှစ်​​ယောက်​ လိုက်​ရှာ​နေခဲ့ခြင်း ဖြစ်​ပါလိမ့်​မည်​။နှစ်​ခု​တော့ မဖြစ်​နိုင်​ပါ။ ။

ပြည်​သစ်​ဟန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts