မှတ်စုမှတ်တမ်း လှကျော်ဇော ကြော်ငြာကဏ္ဍ

လှကျော်ဇော ● ဗိုလ်ကျော်ဇောရာပြည့်အကြို စာအုပ်ထွက်မည်

လှကျော်ဇော ● ဗိုလ်ကျော်ဇောရာပြည့်အကြို စာအုပ်ထွက်မည်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈


၂၀၁၈ ဒီဇင်ဘာ (၃) ရက်နေ့မှာ ဖေဖေ (၉၉) နှစ်ပြည့်ပါမယ်။ ဒါ့ကြောင့်ရာပြည့်အကြိုအဖြစ် နေရီရီစာပေက ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ ဆောင်းပါးပေါင်းချုပ် အတွဲ (၂) ထုတ်ဝေပါလိမ့်မယ်။

ဖေဖေကသူရဲ့ကိုယ်ရေးအထုပွတ္တိ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ …” စာအုပ်ကို အပိုင်းများခွဲပြီး ၂၀၀၃-၂၀၀၇ ခုနှစ်များ အတွင်းရေးစဉ်က ဖေဖေ မေ့ကျန်ခဲ့တဲ့ဖြစ်စဉ်များနဲ့  အဲဒီကာလ နိုင်ငံရေးအခြေအနေကြောင့် တမင်ချန်ရစ်ခဲ့တဲ့အကြောင်းအရာ တွေရှိခဲ့ပါတယ်။ အဲဒါတွေကို ကျွန်မက ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတွေကို အမှတ်စဉ်ထိုးပြီး ခုနှစ် သက္ကရာဇ်အလိုက် ဖေဖေစာအုပ်ပါအကြောင်းအရာများအပေါ် အခြေခံပြီးရေးလာခဲ့ပါတယ်။

ဆောင်းပါးအမှတ် (၁) မှအမှတ် (၃၅) ထိ (၁၉၅၇ ဖေဖေ တပ်မတော်ကထွက်ရပြီး အချိန်) ဆောင်းပါးများကိုစုစည်းပြီး ကျွန် မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ ဆောင်းပါးပေါင်းချုပ်အတွဲ (၁) ကို ဖြိုးမောက်သာစာပေက ၂၀၁၄ ခုနှစ်မှာ ဖေဖေကွယ်လွန်ခြင်း (၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

အခုထုတ်ဝေတော့မယ့် အတွဲ (၂) က ဆောင်းပါးများမှာတော့  ၁၉၅၇ ခုနှစ်နောက်ပိုင်း ဖေဖေရဲ့ နိုင်ငံရေးလှုပ်ရှားမှုများ အထူးသဖြင့်ဆရာကြီးမှိုင်းအမှူးပြုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီရဲ့ လုပ်ငန်းများနဲ့ ဆရာကြီးမှိုင်းဈာပနအတွင်း လုပ် ငန်းများ မှိုင်းဂူဗိမာန်တည်းဆောက်ရေးကာလလုပ်ငန်းများအကြောင်း စတာတွေပါဝင်ပါတယ်။

ဆောင်းပါးများရေးရာမှာ တတ်နိုင်သလောက် နှစ်ကာလအလိုက် ရေးသားဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခု တစုံတရာ နိုင်ငံရေးလေထု ပွင့်လင်းလွယ်ကူလာမှုကြောင့် သတင်းစာဖြတ်ပိုင်းဟောင်းတွေ သတင်းဓာတ်ပုံတွေ ပြည်တွင်းထုတ် စာ အုပ် စာတမ်းတွေရရှိလာတော့ တချို့အကြောင်းအရာအတော်များများကို ပြန်ရေးသားလာရပါတယ်။ ဥပမာ – ဆောင်းပါး အမှတ် ၇။ လွမ်းလေသမျှ။ ဆောင်းပါးအမှတ် ၉။ ဗိုလ်ကျော်ဇောရုပ်ရှင်ရိုက်မယ် တဲ့။ ဒါ့အပြင်  ဖေဖေက သူ့စာအုပ်ထဲမှာ ငြိမ်းချမ်းရေးခရီးစဉ်များအကြောင်း အတော်ပြည့်ပြည့်စုံစုံရေးပြီးဖြစ်ပေမယ့် အခုဓာတ်ပုံဟောင်းများအများအပြားရလာလို့ ဒီစာအုပ်မှာ အတော်ဝေဝေဆာဆာထည့်လိုက်နိုင်ပါတယ်။ (ဆောင်းပါးအမှတ် ၆ ဖေဖေရဲ့ငြိမ်းချမ်းရေးခရီးစဉ်များ။ ဆောင်း ပါး အမှတ် ၁၅။ မှိုင်းဈာပန။) တချို့ဆောင်းပါးများကလည်း လောလောဆယ်နိုင်ငံရေးအဖြစ်အပျက်ပေါ်ပေါက်လာမှုများနဲ့ ဆက်စပ်ရေးတာတွေပါလာပါတယ်။ (ဆောင်းပါးအမှတ် ၁၂ ကျောင်းသားနဲ့နိုင်ငံရေး။ ဆောင်းပါးအမှတ် ၂၁ လက်ရှိ ဒီချုပ် ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း။)

တခါဖေဖေနဲ့အလွန်ရင်းနှီးခဲ့သူများ ကွယ်လွန်ကုန်တော့လည်း အမှတ်တရဂုဏ်ပြုရေးစရာတွေရှိတော့ ရေးရပြန်ပါတယ်။ (ဆောင်းပါးအမှတ် ၁၁ ဗိုလ်မှူးကြီးချစ်မြိုင်နဲ့ ဖေဖေ။ ဆောင်းပါး ၁၉ ဒေါ်ဒေါ် (ဒေါ်ခင်မျိုးညွန့်) သို့ ဂါရဝ။)

ပါတီအခါကြီးရက်ကြီးများမှာ ပါတီကွန်ရက် (ဝက်ဘ်ဆိုက်) မှာတင်ဖို့လည်း ရေးရတာတွေလည်းရှိပါတယ်။ (ဆောင်းပါး အမှတ် ၁၈ ပါတီဝင်တယောက်ရဲ့စိတ်ဓာတ်။)

ဆိုလိုချင်တာကတော ဒီအတွဲ (၂) စာအုပ်ဟာ အတွဲ (၁) စာအုပ်တုန်းကလောက် အစီအစဉ်မကျဘူး။ အကြောင်းအရာတွေ ရောထွေးနေတယ်ဆိုတာပါပဲ။ ဒီဆောင်းပါးတွေဟာ ကျွန်မ ၂၀၁၅ ခုနှစ်ကစလို့ ဆက်ရေးခဲ့တဲ့ဆောင်းပါးများဖြစ်ပြီး အတော် များများကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အရေးတော်ပုံဂျာနယ်မှာဖော်ပြပြီး ဖြစ်ပါတယ်။ ဆောင်းပါးအားလုံးကိုတော့ မိုးမခ မှာ တင်ပြီးဖြစ်ပါတယ်။

အခု နေရီရီစာပေက အဲဒီဆောင်းပါး (၂၃) ပုဒ်ကိုစုပြီး ဒီ ဒီဇင်ဘာလအတွင်း ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ အတွဲ (၂) စာအုပ်ကို ထုတ်ဝေမှာဖြစ်ပါတယ်။ ဖေဖေ့အကြောင်းဆောင်းပါးများကို ဆက်လည်းရေးပါဦးမယ်။

လှကျော်ဇော
၁၊ ၁၂၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts