>MoeMaKa Win – Rangoon Rains At Last

>

ရန်ကုန်မိုး ရွာသွန်းပြီလေ
မိုးမခ ၀င်း
မေ ၁၇၊ ၂၀၁၀
ဒီနေ့မေလ ၁၇ ရက်နေ့၊ တနင်္လာနေ့။
နေမင်းရဲ့အပူရှိန် မြင့်မားလှတဲ့အပူချိန်ကို အံတုခံယူရင်းနဲ့ ဒီကနေ့တော့ တကယ်ပဲ မိုးရွာပါပြီလေ။ မယုံကြည်နိုင်လောက်အောင် တကယ်ပဲ မိုးရွာပါပြီ။ မနေ့က ည ၇ နာရီလောက်ကစလို့ လကို ကြယ်ဖောက်တဲ့ မြင်ကွင်းကို ကြည့်ပြီး စိတ်ညစ်ရမလို၊ ၀မ်းနည်းရ မ လိုလိုနဲ့ ခံစားမိနေတုန်းမှာပဲ ဒီကနေ့မနက်တော့ မိုးရွာချလိုက်တာပါပဲ။ ဒါဟာ မိုးကိုမျှော်နေကြသူတွေအတွက် အတိတ်ကောင်း နိမိတ်ကောင်းပဲလို့ ကောက်ယူလိုက်တာပဲ ကောင်းပါတယ်။
မိုးရွာတယ် ဆိုတာနဲ့ အပြင်ကိုထွက်၊ မိုးရေစက်တွေမှ ဟုတ်မှ ဟုတ်ပါ့မလား လို့ လက်နဲ့ခံ၊ မိုးခြိမ်းသံတွေအစစ် … ဒါ လေယာဉ်ပျံသံ မဟုတ်၊ တကယ် မိုးခြိမ်းတာ၊ အဟုတ်ကို မိုးရေစက်တွေ ကျလာတယ်။ မိုးကောင်းကင်က မိုးမင်းကြီးက တကယ် ရွာချပေးလိုက်ပြီ။
အချင်းချင်း ဖုံးဆက်ကြ။ အဟုတ် … ငါတို့ဆီ ရွာပြီ၊ အခု ရွာတာ၊ အခုကို ရွာနေတုန်၊  မိုးခြိမ်းနေတုန်း … ဘယ် နှစ်နာရီက ရွာတာလဲ၊ ဒီမှာကတော့ အခုမှ ရွာတာ … တော်တော်များတယ်။ ဒီမှာတော့ သိပ်မရွာသေးဘူး။ ရွာတော့ရွာတယ် …
အမယ်လေးနော်… လူလည်း ရူးများသွားပြီလားထင်မိ။
မိုးရွာတာ၊ မိုးရေစက်တွေ မြေကြီးပေါ် ကျလာတာ … တံစက်မြိတ်ဆီက မိုးရေစက်ကလေးတွေ ကျနေတာ … သစ်ပင်တွေ ချက်ချင်း စိုစွတ်သွားတာ … ချက်ခြင်းကြီး လက်မခံနိုင်သလိုလို။
အခု ဒီနေ့တော့ ရန်ကုန်မှာ မိုး စ ရွာလာပါပြီ။ ဒီလိုနဲ့ မိုးကို ကြိုလိုက်ရပြီ။ ရာသီကိုဖွဲ့ဆိုတဲ့ စာဆိုတွေများရှိရင် အခု ၂၀၁၀ မိုး ကို စာဖွဲ့ကြမယ် ထင်ပါတယ်။
မိုးရေစက်ကလေးများကို မျှော်နေရင်း … … … ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts