>Manadaly Mortality rate surpass Rangoon under the heat waves attack

>

မန္တလေးမြို့တွင် သေဆုံးမှု တရှိန်ထိုးမြင့်တက်လာ နေ့မီး ညမီးဖြင့် သဂြိုဟ်နေရ
နေ့စဉ် သေဆုံးသူ ၁၅၀ ကျော်။ အစိုးရက အရေးပေါ်အခြေအနေအဖြစ် အရေးယူခြင်းမရှိ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၆၊ ၂၀၁၀
အပူလှိုင်း သဖွယ်ဖြစ်သည့် အပူရှိန် မြင့်မားလွန်းမှုကြောင့် ယခုရက်အတွင်း သေဆုံးမှု တရှိန်ထိုး မြင့်တက်လာပြီး  တရက်လျင် သေဆုံးသူ ၁၅၀ ကျော်သွားပြီဟု မန္တလေးမှ ဆရာဝန်တဦး၏ ပြောဆိုချက်အရ သိရှိရသည်။ မီးသဂြိုဟ်သည့် တောင်မြင့် သုဿန်တွင် နေ့ခင်းမီးရှို့ခြင်းဖြင့် အလျင်မမီ၍ ညဘက်တွင်ပါ စုပေါင်းပြီး မီးရှို့နေရသည်ဟု မန္တလေးမြို့မှ အဆိုပါ ဆရာဝန်ကပြောသည်။
တောင်မြင့်သုဿန်သို့ သွားသည့် လမ်းတလျှောက် အသုဘပို့ယာဉ်များဖြင့် နေ့ခင်းတွင် ပြည့်ကြပ်နေလျက်ရှိပြီး သုဿန် အတွင်း ကားများရပ်ရန် နေရာမရှိသဖြင့် အသုဘယာဉ် တစ်စီးမှလွဲပြီး အခြားလိုက်ပို့သည့် ယာဉ်များအား ၀င်ခွင့် မပြုတော့သည် အထိပြည့်ကျပ်လျက်ရှိသည်ဟု လည်းမန္တလေး မြို့ခံများ၏ ပြောဆိုချက်အရသိရှိရသည်။
သေဆုံးသူ များအနက် အပူပြင်းထန်သည့် အချိန်တွင် နေပူထဲထွက်ပြီး ဦးခေါင်းပိုင်းကို ရေဖြင့်လောင်းခြင်း၊ အေးသည့် ရေ၀တ်ဖြင့် ဇက်ပိုးကိုအုပ်ခြင်း၊ ပြန်လာပြီးမကြာမီရေချိုးခြင်း၊ ခေါင်းရေလောင်းမိခြင်းတို့ ကြောင့်ရုတ်တရက် သေဆုံးရသူ အများအပြား ပါဝင်ပြီး ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှ ဆရာဝန် ၂ဦးပင်ပါဝင်သည် ဟုလည်း သိရှိရသည်။
မန္တလေးမြို့၏ မေ ၁၅ရက်နေ့ အပူချိန်မှာ ၄၄.၆ ဒီဂရီ စင်တီဂရိတ် ရှိပြီး ဖာရင်ဟိုက်ဖြင့် ဆိုလျင် ၁၁၂ ဒီဂရီ ရှိသည်။ ထိုနေ့တွင် မြင်းမူမြို့ အပူချိန်မှာ ၄၇ ဒီဂရီ စင်တီဂရိတ် (၁၁၆ ဒီဂရီ ဖာရင်ဟိုက်) ရှိပြီး ယခုနှစ် အတွင်း အမြင့်ဆုံး အပူချိန်လည်းဖြစ်သည်။
အစိုးရအနေဖြင့် အပူပြင်းထန်လွန်းသည့် ကျန်းမာရေး ၀န်ကြီးဌါနက ထုတ်ပြန်သည့် သတိပေးချက်သာ သတင်းစာတွင် ထည့်သွင်းထားပြီး ယခုလို သေဆုံးနေရခြင်းများနှင့် ပတ်သက်သည့် အသေးစိတ် ထုတ်ပြန်ချက်များ၊ လာမည့်ရက်များတွင် မည်သည့်မြို့နယ်များတွင် အမြင့်ဆုံး အပူရှိန်မြင့်တက်ဖွယ်ရှိသည် တို့ကိုထုတ်ပြန်ခြင်း ကြေညာခြင်းမတွေ့ရဘဲ ၊ ရေအခက်အခဲ မီးအခက်အခဲနှင့် အပူချိန်မြင့်တက်မှု ဖြင့်လူထုမှာ  ဒုက္ခပင်လယ် ဝေနေရသည့် အခြေအနေဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ဝေဘန်ပြောဆိုကြသည်။
“အပူလှိုင်းဖြတ်တဲ့ နိုင်ငံတွေမှာ အစိုးရတွေက ပင်လယ်တို့၊ မြစ်ကမ်းတို့မှာ အရေးပေါ်ကူနိုင်အောင် အစောင့်ထားတယ်။ ကုန်းတွင်းပိုင်းတွေမှာ အများပြည်သူတွေ နားနေဖို့ ကျောင်းတွေ၊ ဇရပ်တွေ၊ ဈေးကြီးတွေမှာ အသင့်နားနေဖို့ စခန်းတွေ၊ နေရာတွေ ဖွင့်ပေးတယ်။ ဆေး၊ ရေ၊ အစားအစာတွေကို အဲသည်မှာ ပြင်ဆင်ပေးတယ်။ ၀န်ထမ်းတွေ ချပေးထားတယ်။ ဆေးရုံဆေးခန်းတွေ ဖွင့်ပေးထားတယ်။ လူကြီးတွေ ကလေးတွေ ရှိတဲ့ နေအိမ်တွေကို ရပ်ကွက် အစုအဖွဲ့တွေနဲ့ လိုက်စစ်ဆေးတယ်။ ရေတို့ မီးတို့ လာအောင် မပြတ်အောင် လုပ်တယ်။ ဆက်သွယ်ရေးလွယ်ဖို့ အရေးပေါ် ဖုံးနံပါတ်တွေ ထုတ်ပြန်ထားတယ်။ အရေးပေါ်စခန်းတွေ ရပ်ကွက်အလိုက် သတ်မှတ်ထားတယ်။ သတင်းစာ ရုပ်သံကလည်း အမြဲသတိပေးချက်တွေ ထုတ်တယ်။ ဒါတွေကို “ကပ်ဘေးများ ကယ်ဆယ်ရေးနဲ့ တုန့်ပြန်ရေး စီမံချက်” (Disaster Recovery and Response Project) လို့ ခေါ်တယ်။ အခုက ဒါမျိုး မရှိဘူး။
ဟု ၀ါရင့်စာနယ်ဇင်းဆရာကြီးတဦးက ပြောကြားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts