>Power Meter in Rangoon temporarily cut off by the autority

>

ရန်ကုန်မှ စီးပွားရေး လုပ်ငန်းများ ပါဝါမီတာ သုံးစွဲခွင့် ယာယီပိတ်
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၆၊ ၂၀၁၀
ရန်ကုန်မြို့ရှိ မြို့နယ်များနှင့် စက်မှုဇုန်များမှ လျှပ်စစ်ဓါတ်အား အသုံးများသည့် စီးပွားရေး လုပ်ငန်းများဖြစ်သော ပုံနှိပ်စက်များ၊ ရေလုပ်ငန်း အအေးခန်းများကို လွန်ခဲ့သည့် ကြာသာပတေးနေ့မှ စတင်ပြီး အစိုးရ လျှပ်စစ်မီးမသုံးစွဲရန် ပါဝါမီတာလိုင်းများအား ယာယီဖြတ်တောက်ထားကြောင်း အအေးခန်းပိုင်ရှင်များက ပြောသည်။
ယခုလိုဖြတ်တောက်ရာတွင် ဈေးဝယ်စင်တာများ၊ စက်မှုဇုန်များလည်း ပါဝင်သည်ဟုသိရှိရသည်။ အအေးခန်းများအား လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ခြင်းကြောင့် ရေထွက်ပစ္စည်း ထုတ်လုပ်မှုတွင် ကုန်ကျစရိတ်ပိုမို တက်လာမည် ဖြစ်ပြီး၊ ယခုလောလောဆယ်တွင် ရေခဲဈေး အဆမတန် ခုန်တက်သွားကြောင်းလည်း အအေးခန်း ပိုင်ရှင်တဦးကပြောသည်။ ယခုလို စက်မှုလက်မှု လုပ်ငန်းများအား အစိုးရ လျှပ်စစ်ဓါတ်အား မဖြတ်တောက်မီကပင် ရေခဲဈေးနှုန်း တရိပ်ရိပ်တက်နေပြီး ၀ယ်လိုအားရှိသလောက် ပစ္စည်းမပေးနိုင်သည့် အခြေအနေဖြစ်နေသည်ဟု သိရှိရသည်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၅ လမ်းမှ ပုံနှိပ်စက်လုပ်ငန်းရှင် တစ်ဦးက`သောကြာနေ့က ကျွန်တော်တို့ ပါဝါမီတာလိုင်း ဖြူ့စ်တွေ လာဖြုတ်သွားတယ်။ လျှပ်စစ်ဓါတ်အားမနိုင်လို့ လူနေအိမ်တွေ မီးမပေးနိုင်တော့လို့ လုပ်ငန်းတွေကို ဖြတ်ရတာပါလို့ ဆိုတယ်။ အခုတော့ မီးစက်ကို တောက်လျှောက်လှည့် ရတော့မှာပေါ့။ ကုန်ကျစရိတ်တက်လာမယ်။ ပတ်ဝန်းကျင်ပိုပြီး ဆူညံလာမယ်´ဟုပြောသည်။
ရန်ကုန်မြို့ထဲမြို့နယ်များတွင် ပုံနှိပ်စက်လုပ်ငန်းနှင့် စက္ကူဖြတ်လုပ်ငန်း အများအပြား လူနေအိမ်များအကြား လုပ်ကိုင်လျက် ရှိနေပြီး အချို့သော ပုံနှိပ်စက်များမှာ အစိုးရ၀န်ကြီးဌါပိုင် ဧရိယာများအတွင်း ၀န်ထမ်းသက်သာ သဘောဖြင့် လုပ်ကိုင်လျက်ရှိကြသည်။ အထူးသဖြင့် ရန်ကုန်မြို့လယ် ၃၁လမ်း၊ ၃၂လမ်း၊ ၃၃လမ်း၊ ၅၄လမ်း၊ ၅၅လမ်းတို့ တွင်အများဆုံးတွေ့ရှိရသည်။
ယခုလို အသေးစား၊ အလတ်စား လုပ်ငန်းများအား လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းကြောင့် ဈေးကွက်တွင် မီးစက် ၀ယ်လိုအားတက်လာခြင်း၊ စက်သုံးဒီဇယ်ဆီ ၀ယ်လိုအားမြင့်တက်လာခြင်း နှင့် ထုတ်လုပ်မှု စရိတ်တက်လာခြင်းစသည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။ ဒီဇယ်ဆီ ဈေးနှုန်းမှာ ယခုရက်ပိုင်းတွင် ကျပ်၁၀၀၊ ၂၀၀ ခန့်မြင့်တက်ပြီး တစ်ဂါလံကို ၃၄၀၀ ကျပ်ရှိနေသည်ဟု သိရသည်။
ယခုနှစ်နွေရာသီတွင် အပူရှိန်ပြင်းထန်လွန်းခြင်း၊နေ့စဉ်ရက်ဆက် အပူရှိန် မြင့်တက်နေခြင်းကြောင့် ကန်များ၊ ရေတွင်းများရေခန်းခြောက်ခြင်း ဖြစ်ပေါ်လျက်ရှိသလို မြို့နေလူထုတွင်လည်း လျှပ်စစ်ဓါတ်အားလိုအပ်မှု မြင့်တက်လာသလောက် အစိုးရ၏ ဖြည့်ဆည်းပေးနိုင်စွမ်းမှာ နိမ့်ကျလာလျက်ရှိသည်ကိုတွေ့ရသည်။ ရန်ကုန်မြို့နေလူထုမှာ ယခုလ ဆန်းပိုင်းတုန်းက တရက်ကို လျှပ်စစ်မီး ၁၀နာရီမှ ၁၂နာရီဝန်းကျင် ရရှိနေခဲ့ရာမှ ယခုရက်ပိုင်းတွင် တရက်လျင် ၃နာရီ ၄နာရီထက်ပိုပြီး မရရှိတော့သည့် အတွက် ရေမရသည့် ဒုက္ခ၊ ပန်ကာ လေအေးပေးစက်ဖြင့် အပူဒဏ်ကို မကာကွယ်နိုင်သည့် ဒုက္ခများခံစား နေကြရသည်ကို တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts