>Myoma Nyein

>

မြို့မငြိမ်း၏ အလှပြိုင်ပွဲ
ရန်ဝင်း (တောင်တံခါး)
မေ ၁၅၊ ၂၀၁၀
“ဂင်္ဂါငါး နဲ့ ယမုံနာငါး တို့ အလှပြိုင်ကြမလို့တဲ့ လေထွားရာဝယ်၊
အချင်းဖြစ်ပွားခိုက်၊ ခုံ ထားလိုက်ရာ၊ ဦးရွှေလိပ်က မိန့်ကြားသည်မှာ၊
‘ငါလိုဝိုင်းဝိုင်းစက်စက် မင်းတို့မတင့်တယ်၊ ရုပ်လှတာဝယ်၊ မုချပါ၊ ကျုပ်ကသာတယ်၊”
အလှပြိုင်ပွဲ၊ မြို့မငြိမ်း
        တခါတုန်းက ဂင်္ဂါ နဲ့ ယမုံနာ မြစ်တွေမှာနေကြတဲ့ ငါးတွေထဲက ဂင်္ဂါငါး နဲ့ ယမုံနာငါး ငါး ၂ ကောင်ဟာ ကိုယ့်ကိုယ်ကို ကိုယ်ပဲ အလှဆုံးလို့ ထင်ကြသတဲ့။ အဲဒီလိုပဲ မြစ်ပြင်တကြောမှာ ကြွားဝါ သတင်းလွှင့်နေကြတယ် ဆိုပဲ။ ငါးသတင်း ငါးချင်းဆောင်ဆိုသလို တဦးဆီကို တဦးရဲ့ သတင်းတွေပြန့်လာပြီး နောက်ဆုံးမှာတော့ မျက်နှာချင်းဆိုင် တွေ့ကြပါလေရော။

     အဲဒီမှာလည်း သူက လှတယ်၊ ငါက ပိုလှတယ်နဲ့ အငြင်းပွားနေကြပြန်တော့ ဒီလိုနဲ့တော့ မဖြစ်သေးဘူး၊ တယောက်ယောက်ကို အဆုံးအဖြတ်ခိုင်းမှပဲဆိုပြီး ခုံသမာဓိ ရှာကြသတဲ့။ ဝဝတုတ်တုတ် ဝိုင်းဝိုင်းစက်စက် ဦးရွှေလိပ်ကြီးကို တွေ့ကြတယ်ဆိုပါတော့။ လိပ်ဆိုတဲ့အမျိုးဟာ ကိုယ့်ဘက်ကို ကိုယ်ယက်တတ်တာပဲလို့ ဆိုရိုးစကားရှိပေမယ့် ငါးတွေအကြားမှာ ငါးအချင်းချင်း မျက်နှာလိုက်မယ့်သူတွေကို ရှောင်ချင်တာကြောင့် ဒီလိပ်ကြီးကတော့ သမာသမတ် ရှိပုံရပါရဲ့ဆိုပြီး ဦးရွှေလိပ်ကို ခုံသမာဓိ ထားလိုက်ကြတယ်။

        အဆုံးအဖြတ်ပေးချိန်ရောက်တော့ ဦးရွှေလိပ်က စဉ်းစဉ်းစားစားနဲ့ ပြောသတဲ့။ တကယ်တော့ မင်းတို့တတွေ လှတယ်ဆိုတာ ဘာဟုတ်သေးသလဲ။ ငါ့ကို ကြည့်ကြစမ်း၊ အဟမ်း … ဝိုင်းဝိုင်းစက်စက် ဘယ်ကလောက် လှပ တင့်တယ် ခန့်ညားလိုက်ပါသလဲ။ ဒါကြောင့် ငါသာလျှင် အလှဆုံးပဲ လို့ ဆုံးဖြတ်လိုက်သတဲ့။ အံမယ်၊ ဒါတောင် ဦးရွှေလိပ်က ရေမချိုးရသေးဘူးဆိုပဲ။

       “ဒါတောင် ဦးရွှေလိပ်က ရေမချိုးသေးဘူးတဲ့ ခင်ဗျာ၊ အနိုင်အရှုံးသဘောထား ပြောကြားလေတယ်၊ ထွားတဲ့လေနှယ်၊”    
အလှပြိုင်ပွဲ၊ မြို့မငြိမ်း
၁၉၂၈ ခုနှစ်က မန္တလေးမြို့မှာ မြို့မငြိမ်းနဲ့ အပေါင်းအပါတွေ မြို့မ တူရိယာအဖွဲ့ကို တည်ထောင်တော့ ခေတ်ပြိုင် အဖွဲ့တွေအနေနဲ့ မာဃ တူရိယာအဖွဲ့၊ ဝိုင်အမ်ဘီ၊ မြန်မာညွန့် စတဲ့ တခြားတူရိယာအဖွဲ့တွေလည်းရှိကြတယ်။ ခေတ်ပြိုင် အဖွဲ့တွေဆိုတော့ ပြိုင်ဆိုကြ ပြိုင်တီးကြရတာတွေရှိပါတယ်။ တဖွဲ့နဲ့တဖွဲ့ ကလိကြ၊ ရိတိတိနဲ့ စောင်းမြောင်းပြီး ဆိုကြ တီးကြတယ်။ အဓိက ပြိုင်ကြတာကတော့ မြို့မ နဲ့ မာဃ နှစ်ဖွဲ့ပါ။ တခြားအဖွဲ့တွေကတော့ ကြားနေပြီး မြန်မာညွန့် အဖွဲ့ကဆိုရင် ဖြန်ဖြေတဲ့သီချင်းတွေ ရေးသေးတယ်။

အဲဒီအချိန်က ပြောကြတာတော့ မာဃ တူရိယာ အဖွဲ့က ဟောဟောဒိုင်းဒိုင်း ဒိုးဒိုးဒေါက်ဒေါက်၊ မြို့မအဖွဲ့က နုနုညံ့ညံ့ ညင်ညင်သာသာ တီးပါသတဲ့။ တကယ်တော့လည်း မြို့မနဲ့ မာဃအဖွဲ့သားတွေက တဦးနဲ့တဦးကို မမုန်းကြပါ။ ပြိုင်တာတော့ တကယ့်ကို ပြိုင်တာပါပဲ။ စင်မြင့်ပေါ်မှာသာပြိုင်တယ်၊ မြို့ထဲ ရပ်ထဲမှာတော့ လည်ပင်း ဖက်နေတဲ့ သူငယ်ချင်းတွေပါ။

ပွဲကြည့်ပရိသတ် မြို့နေလူထုကလည်း မြှောက်ပေးတယ်။ ဂီတပညာရှင်ကြီးတွေကလည်း မြှောက်ပေးတယ်။ ဒီတော့ ပြိုင်လို့ သိပ်ကောင်းတာပေါ့။ ဂီတပညာရှင်ကြီးတွေကလည်း နှစ်သင်းစလုံး မဆိုးကြပါ၊ ဒါပေမယ့် သူတို့လောက်တော့လည်း မတော်သေးဘူးလို့ ခပ်သောသော ပြောတတ်ကြတယ်။

၁၉၂၈-၂၉ ခုနှစ်လောက်က မန္တလေးမြို့ ညောင်ရေသွန်းပွဲတခုမှာ ဆိုကြ တီးကြတော့ မာဃ တူရိယာ အဖွဲ့က ကိုယ်ရည်သွေးတဲ့ သီချင်းတပုဒ် ၏စပ်လာပြီး မြို့မအဖွဲ့နဲ့ အပြိုင် ဆိုကြ တီးကြတယ်။

“တူနိုင်မယ်မထင်ကြနဲ့ ကိုးဆယ်ဆကွာ၊ တူလိမ့်မယ်မထင်ကြနဲ့ ယဉ်စစ မာဃ တူရိယာ ”
မာဃ တူရိယာ အဖွဲ့ 

မန္တလေး အနှစ် ၁၅ဝ ပြည့် ပွဲတော်က ပြန်လည်ဆန်းသစ်ထားတဲ့ မာဃလုလင် တူရိယာ အဖွဲ့ကြီး
(ဓာတ်ပုံ – Ye Lwin Oo.com)
အဲဒီလိုရေးပြီး ဆိုလာတော့ မြို့မအဖွဲ့သားတွေက မခံချင်တာနဲ့ သီချင်းတပုဒ် ပြန်ရေးပြီး တုံ့ပြန်ကြရအောင်၊ ရေးပါ အာစရိ၊ ရေးပါ ဆိုပြီး မြို့မငြိမ်း ကို အပူကပ်ကြတယ်။

မြို့မငြိမ်း က ‘အလှပြိုင်ပွဲ’ ဆိုတဲ့ သီချင်းတပုဒ် ရေးလာခဲ့တယ်။ မြို့မငြိမ်း ရေးလာတဲ့ သီချင်းဆိုရင် တီးလို့ကောင်းမယ် ဆိုတာ မြို့မအဖွဲ့သားတွေက သိပြီးသားပါ။ ဒါပေမယ့် ဒီလို အတွေးအခေါ်၊ ဒီလို အဖွဲ့အနွဲ့မျိုးနဲ့ ရေးလာလိမ့်မယ်လို့ မျှော်လင့်မထားတာကြောင့် တအံ့တသြနဲ့ နှစ်နှစ်ခြိုက်ခြိုက် တီးကြ မှုတ်ကြတော့တာပေါ့။
သီချင်းခြေဆင်းမှာ စ ကတည်းက မနိုင်ကာမှ ရှုံးစေတော့၊ ကျုပ်ကတော့ အလှဆုံးဆိုပြီး ပြိုင်မှာပဲတဲ့။

“နိုင်ချင်နိုင်၊ မနိုင်လို့ ရှုံး၊ ပြိုင်ဦးမယ် ကျုပ်အလှဆုံး။”
“ရုပ်ချောသလား ကြွခဲ့ပါခင်ဗျာ၊ အသွက်ဆုံးရုပ် အဟုတ်ကိုမှန်လျှင်၊
အာရုံတော်မှာ ဆင်ဖြူတော်ဝင် နှစ်ယောက်လောက်လိုတယ်။”
အလှပြိုင်ပွဲ၊ မြို့မငြိမ်း

အဲဒီလို အသောကလေးနဲ့ သီချင်းကို စ ပါတယ်။ အာရုံတော်မှာ အလှူခံလှည့်တဲ့ ဆင်ဖြူတော်အရုပ်ကြီးထဲမှာ ရှေ့ခြေနှစ်ချောင်းအတွက်က တယောက်၊ နောက်ခြေနှစ်ချောင်းအတွက်က တယောက်၊ အထဲဝင်ရတဲ့ လူနှစ်ယောက်ကို ဘယ်သူကမှမမြင်နိုင်တော့ ရုပ်ချောတာ မချောတာကို မသိနိုင်ဘူးလေ။

အရပ်ထဲက တရုတ်ဘုံကျောင်းမှာ တရုတ်ဇာတ်ပွဲရှိလို့ ပွဲသွားကြည့်တဲ့အခါ၊ ကိုယ်က တရုတ်စကားမတတ်တော့ ဘေးကကြည့်နေတဲ့ ပေါက်ဖော်ကြီးကို မေးရတယ်။ ဇာတ်ကောင်တယောက် ထွက်လာလိုက်၊ သိုင်းကစား ဟန်ရေးပြပြီး ဝင်သွားလိုက်။ ဒါက ဘာလဲ၊ သူ ဘာပြောတာလဲလို့ဆိုတော့ ပေါက်ဖော်ကြီးက ဗမာစကား မပီကလာ ပီကလာနဲ့ စူက လူစွမ်းကောင်း တဲ့။ တယောက်ထွက်လာပြန်ရော။ ဟန်ရေးပြပြီး ဝင်သွားပြန်တယ်။ နောက်တယောက်ကရောဆိုတော့ စူက စူ့ထက် လူစွမ်းကောင်း တဲ့။ လာပြန်ရော နောက်တယောက်။ စူက စူ့ထက်စူ လူစွမ်းကောင်း တဲ့။ ထွက်လာတာကလည်း တယောက်ပြီးတယောက်နဲ့ မပြီးနိုင်တော့ဘူး။ ကြာတော့ မေးလွန်းတာကြောင့် ပွဲကောင်းကောင်း မကြည့်ရလို့ ပေါက်ဖော်ကြီးက စိတ်လည်း တို၊ ဖြေလည်း မဖြေတတ်တော့တာနဲ့၊ ဟေ့ မှတ်ထား၊ အားလုံး စူ့ထက်စူ လူစွမ်းကောင်း စူ့ထက်စူ လူစွမ်းကောင်း တဲ့။

“စူ့ထက်စူ လူစွမ်းကောင်း၊ စူ့ထက်ကဲ၊”
“တရုတ်ဇာတ်ထဲ၊ အဟုတ်မှတ်စွဲ၊ ကျုပ်အလှပဲ၊ ကျုပ်အလှပဲလို့ ထင်၊ ထင်၊ ထင်တယ်။”
အလှပြိုင်ပွဲ၊ မြို့မငြိမ်း 

မန္တလေး အနှစ် ၁၅ဝ ပြည့် ပွဲတော်က ပြန်လည်ဆန်းသစ်ထားတဲ့ မြို့မ တူရိယာ အဖွဲ့ကြီး၊
(ဓာတ်ပုံ – Ye Lwin Oo.com)
“ဂင်္ဂါငါး နဲ့ ယမုံနာငါး တို့ အလှပြိုင်ကြမလို့တဲ့ လေထွားရာဝယ်၊
အချင်းဖြစ်ပွားခိုက်၊ ခုံ ထားလိုက်ရာ၊ ဦးရွှေလိပ်က မိန့်ကြားသည်မှာ၊
‘ငါလိုဝိုင်းဝိုင်းစက်စက် မင်းတို့ မတင့်တယ်၊ ရုပ်လှတာဝယ်၊ မုချပါ၊ ကျုပ်ကသာတယ်၊
ဒါတောင် ဦးရွှေလိပ်က ရေမချိုးသေးဘူးတဲ့ ခင်ဗျာ၊ အနိုင်အရှုံးသဘောထား ပြောကြားလေတယ်၊ ထွားတဲ့လေနှယ်၊”
အလှပြိုင်ပွဲ၊ မြို့မငြိမ်း

တို့တတွေ ဘယ်လိုပဲ ပြိုင်ကြ ပြိုင်ကြ၊ နောက်ဆုံးမှာတော့ ခုံသမာဓိ ဖြစ်တဲ့ ဒိုင်လူကြီးကပဲ ခပ်တည်တည်နဲ့ အကြောင်ရိုက်ပြီး ဝိုင်းလုံးကျွတ် ဒိုင်စားတဲ့ပွဲ လုပ်သွားလိမ့်မယ်လို့ မြို့မငြိမ်း က တူရိယာနှစ်ဖွဲ့လုံးနဲ့ ပွဲကြည့် လူထု ပရိသတ်ကိုပါ သတိပေး တရားဟောလိုက်တာပါပဲ။

သီချင်းရေးဖက်တဦးဖြစ်တဲ့ နန်းတော်ရှေ့ဆရာတင် သီချင်းရေးရင်၊ နန်းတော်ရှေ့ဆရာတင် ရေးတယ်လို့ နာမည် ထည့်ရေးလေ့ရှိတာကို ကလိဖို့၊ အလှပြိုင်ပွဲသီချင်းဟာ အနှိပ်သည် ငတိုး က နှိပ်ရင်း ပြောသွားတာပါ။ ပြန်ပြောပြ ပြီး ဟာသလုပ်တာ မဟုတ်ပါဘူးနော်လို့ မြို့မငြိမ်း က သူ့သီချင်းကို အဆုံးသပ်သွားပါတယ်။

“ဒီလိုပဲ ထုံးပုံရှိတယ်၊ အနှိပ်သည် ငတိုးပြော သောတာမဟုတ်ဖူးနော်။”
မြို့မငြိမ်း

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေ၊ ၁၉၆၄  
(၂) မြို့မငြိမ်းနှင့် သူ့အနုပညာ၊ သန်းအောင်ခိုင်၊ ဒီဇင်ဘာ၊ ၁၉၇၇
(၃) မန္တလေးဂီတမှတ်တိုင်၊ အောင်အောင် (ယဉ်မွန်)၊ အနှစ် ၁၅ဝ ပြည့် မဂ္ဂဇင်း၊ မေ ၁၄၊ ၂ဝဝ၉
(၄) Ye Lwin Oo.com

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts