>Letters to MoeMaKa from the readers

>

မိုးမခထံ ပေးစာများ

မိုးမခရွာဆော်ကြီး
မေ ၁၅၊ ၂၀၁၀
နာရေးကူညီမှုအသင်း (ရန်ကုန်) ကတဆင့် ရေလှမ်းလှူနိုင်ပြီ
          မိုးမခ ခင်ဗျား …
          ဒီနေ့ အီးမေးကတဆင့် စာရပါတယ်။ ပြည်ပကမြန်မာတွေ မြန်မာပြည်တွင်းက ရေဒုက္ခရောက်နေသူတွေကို ရေလှူချင်ရင် အခု သွားရောက်ဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကတဆင့် လှူဒါန်းလို့ ရပါတယ်။ အမေရိကားက မြန်မာပြည်ချစ်သူတွေ ဟောဒီက မိတ်ဆွေတွေဆီက တဆင့် ရေအလှူဒါန ပြုနိုင်တယ်တဲ့။ ပို့စကဒ်ကလေး ရပါတယ်။ စေတနာ့ဝန်ထမ်းဆောင်ရွက်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။ မိုးမခကလည်း တဆင့် သတင်းဖြန့်ပေးပါခင်ဗျား။
မိုးချစ်သူ (အယ်လ်အေ)
မိုးရွာစေဖို့ ဘာသာရေးအစီအမံနဲ့ ဆုတောင်းကြပါစို့
            သို့ … မိုးမခ
          မြန်မာပြည်မှာ မိုးခေါင် ရေရှားဖြစ်နေတော့ ကျနော်တို့တွေ ကြံရာမရ ဖြစ်ရပါတယ်။ ဘုရားတွေ ကျောင်းတွေမှာ သွားပြီး ကောင်းမှုကုသိုလ်တွေ၊ ဆုတောင်းတာတွေ လုပ်ကြပါတယ်။ အခု အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အဓိဋ္ဌာန်ဆရာတော်ထံက သူ့ညွှန်ကြားချက်ကလေးကို ပို့ပေးလိုက်ပါတယ်။ ဆရာတော်က ၂၀၀၈၊ ၂၀၀၉ နှစ်တွေမှာ ဧပြီ၊ မေ ရောက်တိုင်း ဘာသာရေးအစီအမံတွေ ထုတ်ဖော်ပြောလေ့ရှိပါတယ်။ မနှစ်က မိုးမခမှာလည်း သတင်းတင်ဖူးတော့ အခုလည်း တဆင့်ပြောပေးနိုင်မလားလို့ ရေးလိုက်ပါတယ်။
          ကန်စွန်းရွက်အညွန့် ၇ ညွန့်ကို ရေဖန်ခွက်ထဲ ထည့်ပြီး အိမ်ရှေ့မှာ ထားပါ တဲ့။ ပြီးတော့ မဟာမုနိဓာတ်ပုံကို ထီး ၃ လက်မိုး၊ ရေ ၃ ခွက်၊ ဆီမီး ၃ ခွက်၊ ဆွမ်း ၃ ခွက်နဲ့ ကပ်လှူပြီး၊ မနက် ၇ နာရီတိုင်း ၇ ရက်တိုင်တိုင် ဘုရားရှိခိုးပါ။ ကောင်းမှုအမျှဝေပြီး မကြာမီ မိုးရွာပါစေ လို့ ဆုတောင်းပါတဲ့။
          ကျေးဇူးတင်ပါတယ်နော်။ ရန်ကုန်က ဆရာတော်များကတော့ လူတွေအားလုံး  ၅ ပါး သီလ လုံအောင် စောင့်ထိန်းကြပါလို့ တိုက်တွန်းတယ် လို့ ပြောပါတယ်။ သီလမရှိတဲ့သူတွေက တိုင်းပြည်ကို အုပ်စိုးနေတာ ဆိုတော့ သိကြတဲ့ အတိုင်းပဲပေါ့။
စစ်တွေသား မောင်မျိုးချစ်
သင်္ကြန်မှာ သေဆုံးသွားသူတွေအတွက် လလည် ကောင်းမှု အမျှပေးကြပါ
         မိုးမခ အယ်ဒီတာများ ခင်ဗျား
ဒီတပတ်မှာတော့ လွန်ခဲ့တဲ့ သင်္ကြန်မှာ ဗုံးပေါက်ကွဲမှုကြောင့် သေကြေခဲ့ရတဲ့ အပြစ်မဲ့သူတွေ လတပတ်လည်တော့မှာ ဖြစ်ပါတယ်။ ကျနော်တို့ ရန်ကုန်၊ သံလျင် စသည် မြို့နယ်တွေမှာ ဆုတောင်းပွဲတွေ၊ ကောင်းမှုပြု အမျှပေးဝေတာတွေ လုပ်ကြပါမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုး အမျှအတန်း ပေးဝေကြဖို့လည်း မိုးမခကတဆင့် တိုက်တွန်းပေးပါခင်ဗျား။ အစိုးရက မတရားဖမ်းဆီးထားသူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးစေလိုပါတယ်။ အကိုတို့ မိုးမခကလည်း စုံစမ်းလို့ရတဲ့ သတင်းတွေကို တင်ပေးစေလိုပါတယ်။ ရဲချုပ်က တဖက်သတ် ပြောသွားတာတွေကို ကျနော်တို့ နားမလည်နိုင်ပါ။
ကိုလှမျိုးနိုင် (ရန်ကုန်)
(မိုးမခက ဆီလျော်အောင် ပြုပြင်ပြီး ပြန်လည် တင်ဆက်တာ ဖြစ်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts